Monday, January 4, 2010

စွဲထင်ကျန်နေသော ပုံရိပ်တစ်ချို့ (၂)

ပထမညမှာ ထမင်းစားမယ်ဆိုတော့ ထမင်းစားတန်းဘက်ကို ကျမတို့ ဆင်းလာကြပါပြီ။ ညတဖြည်းဖြည်းလေး မှောင်လာတာနဲ့ အတူ အအေးဓာတ်ကလည်း လူကိုလွှမ်းမိုးစပြုလာပါပြီ။ ရန်ကုန်သူ ရန်ကုန်သားတွေပီပီ အအေးဒဏ်ကို အံတုဖို့ ဆိုတာ အလွန်ခက်ခဲတဲ့ အရာတစ်ခုပါပဲ။ ဒါကြောင့်  ပါလာတဲ့  အနွေးထည်တွေကို အပေါ်ကထပ်ဝတ်ပြီး ဟန်ရေးစပြပါပြီ။ ထမင်းစားတန်းရောက်တော့  ဟိုဆိုင်ကခေါ် ဒီဆိုင်ကခေါ်နဲ့  ဘယ်ကိုသွားလို့ သွားရမယ်မှန်းလည်းမသိ၊ ဒါနဲ့ တွေ့ တဲ့ ဆိုင်တစ်ဆိုင်ကိုဘဲဝင်လိုက်ပါတယ်။ အခန်းထပ်ရှာဖို့ ကလည်း လုပ်ရသေးတယ်လေ။ ရင်ပြင်တော်ပေါ်က အဆောင်တွေက ပိုက်ဆံကဈေးကြီးတယ်ဆိုတော့  ၂ရက်လောက်တည်းဖို့ ကို မတက်နိုင်ကြဘူးလေ။ ဒီတော့ ထမင်းဆိုင်တွေဆီမှာ အခန်းလွတ်ရှိမရှိ စနဲနာရပါတယ်။ အဲ ကံကောင်းချင်ပြန်တော့ ကိုယ်ဝင်စားတဲ့ ထမင်းဆိုင်မှာ မနက်ဆိုပြန်မယ့် အဖွဲ့ တစ်ဖွဲ့ ရှိပါတယ်တဲ့ ။ အတော်ပဲဆိုပြီး အဲဒီ့ အဖွဲ့ နေတဲ့ အခန်းကိုပဲ ကြိုတင်ပြီးနေရာဦးထားလိုက်ပါတယ်။ အားလုံးလဲ စိတ်ချသွားရပြီဆိုတော့  စိတ်လွတ်ကိုယ်လွတ် ဘုရားရှိခိုးကြဖို့  ထွက်လာကြပါတယ်။


ရင်ပြင်တော်ပေါ်မှာလည်း ဘုရားဝတ်ပြုနေကြတဲ့ လူတွေကလည်းမနဲမနောပဲဆိုတော့  ကိုယ်တွေလည်း ဘုရားဝတ်ပြုဖို့ နေရာတစ်နေရာလေးရှာပြီး ဝတ်ပြုဖြစ်ပါတယ်။ အာလုံးဘုရားဝတ်ပြုပြီးတော့  ရင်ပြင်တော်ပေါ်မှာ စကားပြောဖို့ အစဉ်ပြေမယ့် တစ်နေရာကိုရှာပြီး ထိုင်ဖြစ်ကြပါတယ်။ နောက်နေ့ အစီအစဉ် ကိုသူငယ်ချင်းက စတင်ပြီးပြောပါတယ်။ ရေတံခွန် ကိုသွားမှာပါတဲ့ ။ အားလုံးကလည်း သဘောတူကြပါတယ်။ ပြီးတော့  ညအမှောင်မှာ မီးထိန်ထိန်လင်းပြီး ရွှေရောင်အပြည့် ဖုံးလွှမ်းနေတဲ့  ကျိုက်ထီးရိုးစေတီတော်ကြီးကို ဖူးမြှော်ရတာ ကြည်နူးစရာ အလွန်ကောင်းပါတယ်။ ဆော့ တဲ့ ကလေးတွေကလည်းဆော့ ၊ မိသားစုတွေ သိုက်သိုက်ဝန်းဝန်းနဲ့  စကားတွေပြောနေကြသူတွေလည်းရှိ၊ လူငယ်တွေကလည်း ကိုယ့် အဖွဲ့ နဲ့ ကိုယ် ဟိုတစ်ဖွဲ့ ဒီတစ်ဖွဲ့ ၊ အဲဒီ့ လူငယ်တွေထဲမှာ ကိုယ်တွေကလည်း အပါအဝင်လေ။ ကျမတို့ အဖွဲ့ မှာတောင် နှစ်ယောက်ဆီကွဲနေသည်။ ကွဲနေသည်ဆိုတာက နှစ်ယောက်ဆီစကားပြောနေကြချင်းပင်။ ကျမ နှင့် နောက်တစ်ယောက် ကတော့ အတွေးကိုယ်စီနဲ့ ပါ။ စကားလည်း သိပ်မပြောဖြစ်ကြပါ။ ကျမကတော့  ဒီလိုနေရာ၊ ဒီလိုအချိန်မှာ၊ ဒီလိုမြင်ကွင်းတွေကို အေးမြတဲ့ လေအေးလေးနဲ့ အတူငြိမ်ငြိမ်လေးထိုင်ပြီးငေးနေရတာကိုနှစ်သက်ပါသည်။ နောက်တစ်ယောက်သူငယ်ချင်းလည်းအဲလိုခံစားနေပုံရသည်ကျမ အစ်မနှင့် သူ့ သူငယ်ချင်းတွေကတော့ ဘာတွေပြောနေကြမှန်းမသိ။


ကျမတို့ ညီအစ်မနှစ်ယောက်ကသူငယ်ချင်းလိုတွဲသော ညီအစ်မများဆိုမမှားပါဘူး။ ဒါကြောင့် သူ့ ကိုလည်း သူငယ်ချင်းဟုသာသုံးနူန်းပြီးပြောခြင်းဖြစ်ပါသည်။ သွားကြတဲ့ အားလုံးထဲမှာ ကျမကအငယ်ဆုံးပါ။ ဒါကြောင့် ကျမကိုတော့ သူတို့ အားလုံးက ဦးစားပေးကြပါတယ်။ အခုလည်း ကျမက အဲလိုလေးခဏလောက်ထိုင်ကြည့် ချင်သည်ဟု ပူစာလို့  အေးရသည့် ကြားထဲမှ သူတို့ တွေလိုက်ထိုင်ပေးနေရခြင်းဖြစ်သည်။ ခရီးပန်းလာသဖြင့်  အိပ်ချင်နေသူကိုပင်ပေးမအိပ်ပဲဇွတ်ခေါ်ပြီးထိုင်ခိုင်းထားခြင်းဖြစ်သည်။ နောက်ဆုံးအစ်မက အအေးဒဏ်မခံနိုင်တော့ သဖြင့်  အိပ်ခန်းသို့  ပြန်ဖြစ်ခဲ့ ပါတယ်။ အိပ်ခန်းသို့ ရောက်တော့  အထုပ်လေးတွေခြားပြီး မောပန်းလာသမျှကို အိပ်စက်ခြင်းဖြင့် အနားယူလိုက်ပါသည်။


နောက်တစ်နေ့  မိုးလင်းတော့  ကျမ၏ ခြေထောက်၊ (ဒူးခေါင်းဟုပြောလျှင်ပိုမှန်ပေမည်) အလွန်အမင်းကို နာကျင်နေပါသည်။ တစ်ညလုံးလဲ အိပ်လို့ မရအောင်ကို ကိုက်ခဲ နေပါသည်။ မနက်ကို ရေတံခွန် သွားပါမယ်ဆိုမှ အဲလိုဖြစ်တော့  စိတ်ထဲ ငိုချင်လာပြီ။ တစ်ယောက်ထဲလဲ မနေခဲ့ ချင်ပေ။ သူငယ်ချင်းတွေကတော့ သွားမယ်လို့ ရည်ရွယ်ပြီးမှတော့  ရအောင်တော့ သွားမယ်ပေါ့ ။ နင်ဖြည်းဖြည်းချင်း လျှောက်နိုင်မလားတဲ့ ။ ကိုယ်ကလည်း သွားချင်နေသည်။ ကိုယ့် ကြောင့် သူများတွေမသွားရပဲဖြစ်နေမှာလဲ စိုးရိမ်သည်။ သူတို့ ကလည်း ကိုယ့် ကို တစ်ယောက်တည်း မထားခဲ့ နိုင်၊ ဒါနဲ့ ရတယ် ဖြည်းဖြည်းချင်းနောက်ကနေ လိုက်လာမယ်ဆိုပြီး ရေတံခွန် ခရီးကို မနက်စာစားအပြီး စတင်ပြီး ခရီးဆက်ပါပြီ။


ကိုယ်ကခြေထောက်နာနေတော့  နောက်ဆုံးမှာပေါ့  စလာလာချင်းတုန်းကလောက် စိတ်ထဲတွင် မပျော်တော့ သရောင်ဖြစ်နေသည်။ သူငယ်ချင်းများ ကတော့  ကိုယ်နှင့် ပုံမှန်လျှောက်သလို လိုက်လျှောက်ပေးသည်။ ရေတံခွန်လမ်းခရီးက တောလမ်းခရီးကိုသွားရသဖြင့်  အခက်အခဲလေးတွေနှင့် သွားနေရသည်။ ဒါပေမယ့် မောလာလျှင်နားလိုက် လမ်းမှာ ဆိုင်လေးတွေကိုတွေ့ ရင် ဖရဲသီးဝယ်စားလိုက်၊ ရေဝယ်သောက်လိုက်နှင့် လျှောက်လာလိုက်တာ ရေတံခွန်ထံမှ ရေကျသံတောင်ကြားလာရပြီ။ ရေကျသြဲံကားလေ လူကအဲဒီ့ နေရာကိုမြန်မြန် ရောက်ချင်လေ၊ ခြေထောက်ကနာတာနှင့် တော့ တွေ့ နေလေပြီ။ ရေတံခွန်ကို ကိုယ့် ထက်စောပြီး ရောက်လို့  တောင်ပေါ်ပြန်တက်ကြတဲ့ လူတွေကလည်း ရောက်ခံနီးနေပြီ၊ အားတင်းထားကွ ဆိုပြီး ပြောပြောသွားတော့  မောနေပေမယ့်  အားတက်သွားရသေးသည်။


ဟော… အခုတော့ တွေ့ ပါပြီ။ အကြားနဲ့ တင်မဟုတ် အမြင်နဲ့ ပါမြင်ရပါပြီ။ မတ်စောက်စောက်တောင်ကြီးပေါ်မှ တဝေါဝေါကျနေသောရေတွေ၊ ရေငွေ့ နဲ့ အတူ အေးစိမ့် စွာ တိုက်ခတ်နေတဲ့ လေ၊ တိုးတိုးလေးအော်နေတဲ့  ငှက်ကလေးတွေ၊ ရေတံခွန်တွင် ရေချိုးပြီး၊ တစ်ယောက်နဲ့ တစ်ယောက် ဆော့ ကစားနေကြသော လူများ၊ ကဲ.. ကိုယ်တို့ တွေလည်းရေထဲ သို့ ဆင်းရန်အချိန်တန်လေပြီ။ ရေထဲလည်းဆင်းရော အေးစိမ့် နေတဲ့  ရေကခြေထောက်မှနေပြီး လူ့ တစ်ကိုယ်လုံးကို ဖြန့် ကျဲသွားလေသည်။ ထူးဆန်းသည်က နာနေသောခြေထောက်သည် ရေထဲသို့ ဆင်းလိုက်သည်နှင့်  လုံးဝကို မနာတော့ ပေ။ ဓာတ်ပုံတွေစိတ်ကြိုက်ရိုက် တစ်ယောက်နှင့် တစ်ယောက် စနောက်ပြီးတော့  တောင်ပေါ်သို့  ပြန်တက်ရတော့ သည်။


အပြန်လမ်းတွင် အလာလောက်ခြေထောက်က မနာတော့ သဖြင့်  ခရီးမြန်မြန်တွင်လေသည်။ ရေတံခွန်လမ်းသည် အဆင်းထက် အတက်ကပိုပြီး ခက်ခဲပြီး မောသည်။ နေဝင်ခံနီး အချိန်မှ တောင်ပေါ်သို့ ရောက်လေသည်။ အခန်းပြန် ရေမိုးချိုးပြီး အခန်းလဲဖို့ အတွက် အထုပ်အပိုးပြန်ပြင်ပြီး၊ အခန်းရွှေ့ ပြောင်းရလေသည်။ ခြေထောက်က အနည်းငယ်သက်သာပေမယ့်  ညဘက် အအေးဒဏ်ကြောင့်  ပြန်ပြီးနာလာခဲ့ သည်။ အော်..ရီမိုးပြည့် တို့ များ ဘုရားဖူး ထွက်တာတောင် အေးအေးဆေးဆေး မရှိ အနာလေးနဲ့ ပါလားနော်…..

ဆက်ပါဦးမည်။ ။

No comments:

Post a Comment