Tuesday, September 20, 2011

ကိုယ့်အကြောင်း..............

နေဝင်ချိန်တွေများနေလို့ နေထွက်ချိန်ကို စောင့်နေသူ ……………………..
အမှောင်ထဲမှာ ရောက်နေလို့ အလင်းရောင်ကို မျှော်လင့်သူ ……………….
အချစ်စစ်ကိုငတ်နေလို့ မေတ္တာအေးအေးလေးကို သောက်ချင်သူ ……………………
မျက်ရည်တွေတောင်ခမ်းနေလို့ ငိုရမှာကိုကြောက်နေသူ ……………………
ဝေးရမှာစိုးရိမ်လို့ ပြန်လာဖို့ကိုတောင်းတသူ ……………………….
ဘဝအတွက်ရုံးနေလို့ အိမ်ပြန်ဖို့တောင်မေ့နေသူ ………………….

Friday, September 9, 2011

ခြေလှမ်းတွေရဲ့နောက်မှာ

ငါဖြည်းဖြည်းချင်းလျှောက်လှမ်းတယ်..ငါ့ရဲ့ခြေလှမ်းတွေက မြန်တဲ့အခါလဲမြန်တယ်၊ နှေးတဲ့အခါလဲနှေးတယ်၊ တက်ကြွတဲ့အချိန်မှာလဲ တက်တက်ကြွကြွပဲ ငါလျှောက်လှမ်းတယ်...တခါတခါလဲ ခြေကုန်လက်ပမ်းကျလို့ပေါ့။

လျှောက်နေရင်းနဲ့ တနေရာအရောက် နောက်က တယောက်ယောက်ကပ်ပါလာသလို ခံစားနေရတယ်။ ခံစားလာရတယ်၊ လှမ်းနေတဲ့ ခြေလှမ်းလေးတွေကို ခဏလောက်ရပ်ပြီး လှည့်ကြည့်လိုက်မိတယ်၊ ဘယ်သူမှမရှိဘူး၊ ဘာဆိုဘာမှမရှိဘူး၊ အဲဒါနဲ့ပဲ ငါဟာ ရှေ့ဆက်ပြီး လျှောက်လှမ်းခဲ့တယ်၊ စောနက ခံစားမူ့လေးကို လျစ်လျူရူပြီးပေါ့။ ငါပျော်တဲ့အခါပျော်တယ်၊ ငိုတဲ့အခါငိုတယ်။ ခံစားမူ့ပေါင်းစုံတွေ ရောပြွန်းပြီး ရှေ့ဆက်နေတယ်။

ရုတ်တရတ် လမ်းခုလတ်မှာ ငါ့ရဲ့အရှေ့မှာ အရိပ်တခု အရိပ်မည်းကြီးတခု၊ တမျိုးပြောရရင် အကျည်းတန်လွန်းသော လူတယောက် လာရပ်တယ်၊ သူက ရင်းနှီးစွာပြုံးပြတယ်၊ သူဘယ်လောက်ပဲရင်းနှီးစွာ ပြုံးပြနေပေမယ့် ငါ့ရဲ့စိတ်ကတော့ သူ့ကို တစိမ်းတယောက်လိုပဲ၊ အဲဒီ့အပြင် ကြောက်စိတ်တွေက တဖွားဖွား။ သူက ချိုမြိန်စွာပြုံးပြီးငါ့ကို ပြောတယ်၊ မင်းကိုငါလာခေါ်တာ မင်းအခု ငါနဲ့လိုက်ခဲ့ရတော့မယ်တဲ့။ ငါအလွန်အမင်းထိမ့်လန့်သွားတယ်၊ ဘယ်ကိုလဲ၊ ဘာလုပ်ဖို့လဲ၊ ဘာအတွက်လိုက်ရမှာလဲ၊ ငါ့မှာ မေးခွန်းပေါင်း များစွာမေးနေမိတယ်။

သူကတော့ ငါ့ကိုပေးတဲ့အဖြေက ငါမင်းနဲ့အတူ မင်းရဲ့ခြေလှမ်းတိုင်းမှာ ကပ်လိုက်လာတာ တော်တော်ကိုကြာခဲ့ပါပြီ။ မင်းကတော့ ငါ့ကိုမေ့မေ့ပျောက်ပျောက်ပဲထားခဲ့တာလေ။ မင်းငါ့ကို သတိမထားခဲ့တာပါ။ မင်းနောက်ကို အမြဲလိုက်နေကျငါက အခုမင်းရဲ့ရှေ့မှာ မားမားမတ်မတ်ရပ်ပြီး အပြုံးနဲ့ခေါ်တာတောင် မင်းကကြောက်လန့်တကြားရှိနေပါလား။ မင်းသာ ငါ့ကို သတိထားမိပြီး ခြေလှမ်းတိုင်းကို အပျော်တွေ ရမက်တွေနဲ့ မလျှောက်လှမ်းခဲ့ဖူးဆိုရင် မင်းအခုချိန်ငါ့ကိုမြင်ရင် မင်းကြောက်လန့်နေမှာမဟုတ်ဘူး။ မင်းရဲ့ခြေလှမ်းတွေကို လောကကြီးအတွက် ကောင်းကျိုးပြုခဲ့မယ်ဆိုရင် မင်းငါ့ကိုတွေ့တဲ့အခါမှာ ပြုံးနေနိုင်ရမယ်လေ။ အခုတော့ဘာမှလုပ်လို့မရတော့ဘူး။ ငါနဲ့အတူသာလိုက်ခဲ့ပေတော့တဲ့။

အဲဒီ့အချိန်ကျမှငါကောင်းကောင်းနားလည်တော့တယ်၊ သေမင်းဆိုတဲ့အကောင်ကြီး၊ အရိပ်မည်းကြီးက ငါ့ရဲ့နောက်ကို တချိန်လုံးလိုက်နေခဲ့တယ်ဆိုတာကိုပဲ။ ငါလောကကြီးအတွက်ဘာတွေကောင်းမူ့ကုသိုလ်တွေလုပ်ပြီးပြီလဲ၊ လောကကြီးထဲမှာ ငါလျှောက်လှမ်းလာတဲ့ ခြေလှမ်းတွေက အမှားတွေလား၊အမှန်တွေလား။ အကုန်လုံးနောက်ကျကုန်ပြီ၊ အခုတော့ သူခေါ်ရာနောက်ကိုလိုက်သွားရတော့မယ်။ လိုက်သွားရတော့မယ်။

လူသားအားလုံးမမေ့မလျော့သင့်တဲ့အရာက ကိုယ့်ရဲ့ခြေလှမ်းတွေတိုင်းမှာ သေမင်းဆိုတာကြီးကလဲ ကပ်လျက်လိုက်ပါလာတယ်ဆိုတာကိုပါပဲ။ သေမင်းကြီးဗြုန်းဆို ကိုယ့်ရှေ့ မှာ လာမရပ်ခင် ကိုယ့်ရဲ့ခြေလှမ်းတွေကို အကောင်းဆုံးဖြစ်နေအောင်ကြိုးစားထားသင့်ပါတယ်။ ဘယ်အချိန်မှာ သူပေါ်လာမယ်ဆိုတာ မသိတဲ့အတွက်ကြောင့် လှမ်းတဲ့ခြေလှမ်းတိုင်းကို သတိလေးနဲ့လှမ်းနေမိဖို့လိုပါတယ်။ ကြောက်အားလန့်အားနဲ့ သူနဲ့အတူလိုက်သွားရမဲ့အစား၊ ပြုံးပြုံးလေးနဲ့ပဲ သူခေါ်ရာကိုလိုက်သွားနိုင်ဖို့ကြိုးစားကြရအောင်လားနော်.......

မှတ်ချက်။ ။ တနေ့က သူငယ်ချင်းတစ်ယောက်ရဲ့အဖေရုတ်တရက် ဆုံးသွားတာကို အကြောင်းပြုပြီး ဒီစာလေးကို ရေးချင်စိတ်ပေါက်လာလို့ ရေးလိုက်သည်။

Wednesday, August 17, 2011

ညည်းခြင်း

အခုရက်ပိုင်း အတွေးတွေက ဂယောက်ဂယက် စိတ်ဓာတ်က ကျချင်သလိုလို ဘာတွေက ဘယ်လိုဖြစ်နေမှန်းကို မသိတာ။ အဲဒီတော့ သိမ်းဆည်းထားရတဲ့စကားလုံးတွေကို သွန်ချပစ်ဖို့ အိုဟောင်းပြီဖြစ်တဲ့ ကိုယ်ပိုင်နေရာလေးကို မရမက အရောက်ပြန်လာမိတယ်။ လူတွေ တော်တော်များများ ပြောကြတယ်၊ အလိုရှိမှ ပြန်တမ်းတကြတယ်တဲ့၊ အခု ရီမိုးလဲ အဲလိုဖြစ်နေပြီ၊ ကိုယ့်စိတ်တွေ မထိန်းထားနိုင်တော့မှ ကိုယ့်ရဲ့ကိုယ်ပိုင်နေရာလေး ကိုပြန်တမ်းတမိပြီး ပြန်ရောက်လာရပြီ။ ပစ်ထားခဲ့တာကြာနေပေမယ့် ဒီနေရာလေးကို မေ့နေခဲ့ တာတော့ မဟုတ်ပါဘူးလေ။ ဒါကိုတော့ ကိုယ်ကိုတိုင်ပဲ သိပါတယ်။

အခုတလော ညစ်နေရတဲ့ အကြောင်းကတော့ လူတကာကို အကောင်းတွေကော၊ အဆိုးတွေကော အမျိုးမျိုးပေးစွမ်းနိုင်တဲ့ ပိုက်ဆံဆိုတဲ့ အရာပါပဲ။ ပိုက်ဆံဆိုတာ လူသား အားလုံးအပေါ်မှာ ညို့ယူလွန်းနိုင်ပါတယ်။ ငွေရှာရတာ အရင်ခေတ်နဲ့ အခုခေတ်နဲ့ က အပုံကြီးကွာလာပြီဆိုတာ အကုန်လုံးလဲ သိမှာပါ။ အခု နိုင်ငံခြားရောက် လူတွေရဲ့ ပါးစပ်ဖျားမှာ ငွေဈေးကျမူ့က စိုးမိုးလို့နေတယ်လေ။ တနေ့ထက်တနေ့ ကျနေလိုက်တာ၊ ဘယ်သော်အခါမှ ပြန်တက်ပါ့မလဲလို့ မျှော်လင့်နေရတာ၊ မောလှပြီ။ အားရစရာကြားရတဲ့ သတင်းကလဲ ပြန်တက်ဖို့ မရှိလောက်ပါဘူးတဲ့၊ မောပါတယ်ဆို အမောဖောက်မယ့် သတင်းစကားပါပဲ။ ကြာလာတော့ လူက စိတ်ဓာတ်တွေ ကျလာပြီ။

တခါတခါ တွေးမိပါရဲ့ ဒို့များ ငယ်ငယ်တုန်းက ဖေဖေနဲ့မေမေနဲ့ ဘယ်လိုအလုပ်တွေများ လုပ်နေကျလို့ ငါတို့ကို ထမင်းနပ်မှန်အောင် ရှာကျွေးခဲ့ပါလိမ့်ပေါ့။ အခု ကိုယ်တွေပြန်ပြီး ကျေးဇူးဆပ်ရမယ့် အချိန်ကျတော့မှ ရှာရဖွေရ တာခက်လိုက်တာလို့လဲ မညည်းချင်ပါဘူး။ ဒါပေမယ့်လဲ ဖေဖေနဲ့ မေမေ ကိုတော့ ကိုယ်ချင်းစာမိတာ အမှန်ပါပဲ။ တလ တလ ဟိုဟာ လိုလို့ ဝယ်ရတာနဲ့ ဒီဟာလို လို့ဝယ်ရတာနဲ့ အိမ်ကို ပြန်ပို့တာရယ်၊ ကိုယ်ထမင်းစားဖို့ရယ်၊ ရတဲ့လစာနဲ့ ကွတ်တိမှ တကယ့်ကွက်တိ၊ အပို အလိုလေး စုဖို့တောင် မကျန်။ အခုလဲကြည့် ပတ်စ်ပို့ သက်တမ်းတိုးဖို့က လာပြန်ပြီ။ ရီမိုးတို့ အရပ်ကူပါ လူဝိုင်းပါ ဖြစ်လာပြန်ပြီ။ မျက်ကလူးဆန်ပြာ ပိုက်ဆံကို မရမက စုပြီး သံရုံးကို သွားပေးရအုံးမပေါ့။ အင်း…. ပိုက်ဆံ ပိုက်ဆံ… ရှာရတာ ခက်သလောက်၊ သုံးရတာတော့ လွယ်တယ်။

ညည်းရမယ်ဆိုရင် ခိုညည်းတာ ထက်တောင်ပိုဆိုးအုံးမယ်။ ကိုယ်ပိုင်နေရာလေးမှာ စိတ်ညစ်စရာတွေပဲ ရေးနေရလို့ စာလာဖတ်တဲ့ လူတောင်ကိုယ့်ရဲ့ စိတ်ညစ်မူ့တွေကို ကူးစက်နေအုံးမယ်။ ဒါပေမယ့်လဲ ဘယ်သူ့ကိုမှ ပြောပြလို့မရတဲ့ ကိုယ့်ရဲ့ ခံစားချက်တွေကို ပြောပြနိုင်ဖို့အတွက် ဒီနေရာလေးကလဲ ရီမိုးရဲ့ အဖော်ကောင်းလေး တခု ဖြစ်နေပြန်ရော။ အင်း… ဒီလိုမျိုး ခံစားချက်တွေကို ချရေးနိုင်ဖို့ တီထွင်ထားတဲ့ ပညာရှင်တွေ၊ ဒီလိုမျိုးရေးလို့ရတယ်၊ ဖတ်လို့ရတယ် ဆိုတဲ့ အသိတွေကို ပေးခဲ့တဲ့ မိတ်ဆွေတွေကိုလဲ ကျေးဇူးအထူးတင်နေမိပါတယ်။ လူသားအားလုံး ရီမိုးလို စိတ်ညစ်မူ့တွေနဲ့ ကင်းဝေးပါစေနော်……..

Tuesday, June 14, 2011

စိန်ခေါ်မူ့

လောကကြီးက ရီရတယ်
ဟာသပြကွက်တွေ တစ်ခုပြီးတစ်ခုနဲ့ ငါ့ကို လာကပြနေတယ်၊
မိန်းမောဖွယ်ကောင်းတဲ့ အချစ်ဇာတ်လမ်းတွေ ရှိခဲ့တယ်၊
ပျော်စရာကောင်းတဲ့ အိမ်မက်တွေ ရှိခဲ့တယ်၊
ဒါတွေ အားလုံးဟာ ငါ့အတွက်တော့ တခဏတာ အဖြစ်အပျက်တွေပဲ
ဘုရားဟောနဲ့ညီတဲ့ လောကကြီးက ငါ့ကို အကြိမ်ကြိမ်ကို တိုက်ခိုက်နေတော့တာပဲ
ငါကလဲ အကြိမ်ကြိမ်ကျရူံးလိုက် အကြိမ်ကြိမ်ပြန်လျှောက်လိုက်နဲ့
တဝဲလည်လည်ကိုဖြစ်နေပါပေါ့။
တခါတခါ လောကကြီးထဲ ဖြစ်ချင်ရာဖြစ်ဆိုပြီး
ရေစုံမှာမျောသလို မျှော်လိုက်ချင်ပေမယ့်
အသိဥာဏ်က ထိန်းချူပ် အတွေ့အကြုံတွေက ပဲ့ပြင်ပြီး
ကိုယ့်ကိုကိုယ် အကောင်းဆုံးဖြစ်အောင် ပြုပြင် နေထိုင်ခဲ့ရတဲ့ ကာလလဲကြာရှည်နေပြီ။
လောကကြီးရေ….
ငါအခု ပြိုလဲနေလဲ ပြန်ထပြီး ပြန်လျှောက်ဦးမယ်၊
နင့်ရဲ့တိုက်ခိုက်မူ့တွေကို စိန်ခေါ်ပြီး
ငါဆက်လျှောက်နေဦးမယ်။
လာစမ်းပါ အလိမ်အညာတွေ၊ လာစမ်းပါ အခက်အခဲတွေ
အမေပေးထားတဲ့ အသိဥာဏ် အဖေ ပေးထားတဲ့ အင်အားတွေနဲ့
နင့်ကိုငါ ရဲရဲကြီး စိန်ခေါ်တယ်။

Tuesday, April 19, 2011

၂၀၁၁ သင်္ကြန်တွင်း ခံစားချက်

နှစ်သစ်ကတော့ ကူးသွားပြီ။ သင်္ကြန်ရေ ဆိုတာကို ထိတောင်မထိလိုက်ရတဲ့ဘဝ၊ တကယ်ကို ဆိုးတယ်။ ပိတောက်ပင်တွေရှိပြီး အပွင့်မပွင့်တဲ့နိုင်ငံကိုရောက်နေတော့လည်း ဒီလိုပဲပေါ့၊ ကိုယ့်ကိုကိုယ်ပဲ ဖြေသိမ့်နေရတယ်။

နွေမှန်းမသိ၊ မိုးမှန်းမသိ၊ ဆောင်းမှန်းမသိနဲ့ နှစ်တွေတော့ အလီလီ ကူးပြောင်းခဲ့ပါပြီ။ သင်္ကြန်အချိန်မှာ လွမ်းရတဲ့ အထဲအလုပ်က ကုလားမကတစ်မှောင့် နင်တို့ နှစ်သစ်ကူးက ရေတွေကို လွှင့်ပစ်နေတာလားတဲ့၊ သူ့ကိုရှင်းရတာက တစ်မျိုး၊ စိတ်ပျက်တယ်။

သင်္ကြန်တွင်း လေးရက်လောက်ကို တော်တော်လေး ကြိုးစားပမ်းစား ဖြတ်သန်းခဲ့ရတယ်။ တကယ်ကို လွမ်းနေရလို့၊ အရေးထဲ အဲဒီ့ရက်တွေမှာ အလုပ်တွေက လာများနေလိုက်သေးတယ်။ အလုပ်တွေကများ စိတ်ကလည်းတောင်တွေးမြောက်တွေး၊ ဒီအချိန်ဆို ငါ့ဘော်ဘော်တွေ ဘယ်မှာ ဘယ်လောက်ပျော်နေကြပြီ၊ ဒီလိုအတွေးတွေကလည်း ခြောက်လှန့်သေးရဲ့။ အင်တာနက်ကနေ ဆိုဒ်တစ်ချို့ က တင်တဲ့ ဓာတ်ပုံလေးတွေ ကြည့်ပြီး ဖြေသိမ့်ခဲ့ရတယ်။

ပိတောက်ပန်းပွင့်ရင် ဘုရားမှာ ကပ်ပေးဖို့ သူငယ်ချင်းတစ်ယောက်ကို ပူဆာထားသေးတယ်၊ ပိတောက်ပန်းကလည်း အခုချိန်ထိ မပွင့်သေးဘူးနဲ့တူတယ်၊ မိုးမျှော်နေကြတယ်ဆိုပဲ၊ ပိတောက်ပန်းရနံ့ကိုတောင် မှတ်မိပါ့မလားလို့ ကိုယ့်ကိုကိုယ် တွေးမိတယ်။

မြန်မာပြည်မှာ ပျော်နေကြတဲ့ လူတွေကတော့ အဲဒီ့အချိန်တွေကို ကုန်တာမြန်တယ်၊ ကုန်မှာကြောက်နေကြမှာပဲ။ ကိုယ်ကတော့ မြန်မြန်ကုန်ပါစေ ဆုတောင်းမိနေတာ။ လွမ်းရတာမောလို့။ တော်တော် တကိုယ်ကောင်းဆန်တယ်နော်….

ကိုယ့်ရဲ့ အဖြစ်ကတော့ နှစ်ဆန်းတစ်ရက်နေ့ကို အလုပ်ပိတ်ရက်လေးနဲ့တိုးလို့ ဘုန်းကြီးကျောင်းလေးသွားမယ်ဆိုပြီး အစ်မအိမ်မှာသွားအိပ်မယ်လို့ စိတ်ကူးလေးနဲ့ ပျော်နေခဲ့တာ၊ တကယ်တမ်း သွားမယ့်နေ့ရောက်တော့ အစ်မနေတဲ့ နေရာမှာ မလေးရှားရဲ့ ထိပ်တန်း အော် လို့ခေါ်ကြတဲ့ အော်ပရာစီတွေနဲ့ရဲတွေ ဝင်စစ်နေလို့ပါတဲ့၊ အစ်မက မလာခဲ့နဲ့တော့တဲ့၊ ကိုယ်က အမှန်ဆိုပေမယ့် အဲဒီ့ အော်တွေကိုတော့ ကြောက်တယ်။ အိမ်ထဲတွေကို တံခါးခေါက်ပြီးလဲစစ်တယ်။ အဲဒီ့မှာ သွားအိပ်လို့ အဲလိုမျိုးများ စစ်တာနဲ့ ကြုံရင် လိပ်စာမတူလို့ဆိုပြီး ရစ် တာခံရမှာ စိုးလို့ဆိုပြီး အစ်မက လာမအိပ်နဲ့တော့တဲ့၊ ဘုန်းကြီးကျောင်းသွားချင်တာတောင် အဲလို အဖျက်တွေကရှိသေးတယ်။

အဲဒါနဲ့ အိမ်မှာပဲ ဘုရားဆွမ်းတော်ကပ်၊ ဘုရားရှိခိုး၊ အိမ်သန့်ရှင်းရေးလုပ်ပြီး ဖြတ်သန်းခဲ့ရတယ်။ အဲဒီ့လိုမျိုး နှစ်သစ်ကို ကြိုဆိုခဲ့တယ်။ ပုံမှန် အချိန်ဆိုလည်း မြန်မာပြည်ကို လွမ်းပေမယ့် သင်္ကြန်အချိန်ဆို ပိုလို့လွမ်းမိတာ ကိုယ့်ကိုကိုယ်ပဲ ညှင်းဆဲနေမိတာလား မသိပါဘူး။ ဒါကတော့ ရီမိုးရဲ့ သင်္ကြန်တွင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ ခံစားချက် တစ်ချို့  ပေါ့လေ။ ခံစားချက်တွေ ပျောက်ကွယ်သွားမှာ စိုးလို့ စကားလုံးအဖြစ်ချရေးပြီး ကိုယ်ပိုင်နေရာလေးမှာ လာသိမ်းထားတာပါ။

Tuesday, March 22, 2011

ရီမိုး နှင့် blog

blog ကရေးချင် အချိန်ကမရှိ
အိမ်ကျရေးရန် ရည်ရွယ်ပြန်သော်
လက်ပ်တော့ကမရှိ
အလုပ်တွင်လည်း ခိုးဖွင့်ရသဖြင့်
ကိုယ့် blog ကိုပင် ဖွင့်ကြည့်မရ
သူများ blog လည်ဖို့ဆိုလျှင်
ပိုလို့ဆိုးသည်...
ဒီလိုနှင့်ပင်
blog လောက အဆက်ပြတ်ခဲ့
၃လကြာပြီ။ ။
ယနေ့တွင်တော့
မန်နင်ဂျာလစ် အလုပ်လဲပါးတုန်း
သူများ blog လည်မည်စိတ်ကူး
ကိုယ့် blog ကို ပြန်လည်ဖွင့်ကြည့်
ဟောင်းနွမ်းစပြု ပန်းရောင်ဖျော့ဖျော့ ဖြစ်နေရှာသော
ကိုယ်ပိုင်နေရာ၊ ကိုယ့်စာမျက်နှာဟောင်းဟောင်း
လွမ်းမောဖွယ်ရာ ပြန်လည်တွေ့ရှိ
ထိုအချိန်တွင် ငါ၏စိတ်တွင်
ရေးချင်စိတ်များ တဖွားဖွားပေါ်ကာ
စာရွက်တစ်ရွက် အလျင်အမြန်ကောက်ယူ
ရောက်တက်ရာရာ ချရေးအပြီး
blog ပေါ်သို့ ကဗျာမဆန် စာမဆန်သည့်
ပို့စ်လေးတစ်ခု တင်လိုက်နိုင်သည်။ ။
ထိုအချိန်တွင်သာ
မန်နင်ဂျာ ပြန်အလာ
စာခိုးရေးသည် မြင်သွားပါမူ
အဆူအဆဲ ခံရအုံးမည်
မုချ မလွဲပေသတည်း။ ။

Wednesday, December 29, 2010

ကောင်းသော နူတ်ဆတ်ခွဲခွာခြင်းပါ ”၂၀၁၀”

နှစ်သစ်ကို ရောက်တော့မှာပါ။ တကယ်တော့ ဒီ ၂၀၁၀ ကို မြန်မြန်နူတ်ဆတ်ချင်နေတာတော့ အမှန်ပါပဲ။ ၂၀၁၀ တစ်လျှောက်လုံး စိတ်ဆင်းရဲမူ့တွေပဲ ကြုံတွေ့ခဲ့ရတော့ မြန်မြန်နူတ်ဆတ်ချင်နေတယ်ထင်ပ။

လူဆိုတာကလည်း ကောင်းတာတွေပဲလိုချင်နေကြတော့ ဒီလို စိတ်ဆင်းရဲတဲ့ အချိန်မျိုးဆိုရင် အခွေကြည့်သလို ရစ်လို့ရရင် ရစ်ပစ်လိုက်ချင်တာလေ။ ၂၀၁၁ ဆိုတဲ့ အနာဂတ်မှာ ဘာတွေဖြစ်မလဲဆိုတာကို မသိပေမယ့် စိတ်ဆင်းရဲမူ့တွေပဲ များနေတဲ့ ဒီ ၂၀၁၀ ကိုမြန်မြန် အဆုံးသတ်ချင်နေပြီ။ ၂၀၁၁ ဆိုတဲ့ နှစ်သစ်ကို စိတ်သစ် လူသစ်၊ အတွေးအခေါ်အသစ်တွေနဲ့ ကြိုဆိုဖို့ အသင့်ဖြစ်နေမိပြီ။

သေချာပြန်စဉ်းစားကြည့် တော့ ၂၀၁၀ ထဲမှာ ငါဘာတွေများ ထူးထူးခြားခြားလေးတွေ လုပ်ဖြစ်လဲ။ ဘာတွေများ ပြောင်းလဲသွားပြီလဲ၊ ဘဝကြီးအတွက်၊ တစ်ယောက်ယောက်အတွက်.. တကယ်တော့ ကျမက လမ်းပျောက်နေဆဲ ဆိုတာကို ကိုယ့်ဟာကိုယ်နားလည်လာတယ်။ တစ်ယောက်ယောက် အတွက်လည်း ဘာမှထူးထူးခြားခြား မလုပ်ခဲ့သလို၊ ကိုယ့်အတွက်လည်း ဘာမှမလုပ်ဖြစ်ခဲ့ပါဘူး။ ဘဝကြီးကို စက်ရုပ်တစ်ရုပ်လိုတော့ ပုံမှန်လည်ပတ်ခဲ့တယ်ဆိုတာကတော့ အသေအချာပါပဲ။

ဒီကြားထဲမှာမှ ၂၀၁၀ စဝင်ကတည်းက ဆိုင်ကယ်မှောက်တယ်၊ အကြီးအကျယ်ကြီးတွေ မဟုတ်ပေမယ့် စိတ်ဆင်းရဲစရာတွေက တစ်ပုံတစ်ပင်၊ အေးဂျင့်က ပြောင်းရတာနဲ့၊ နှစ်ကုန်ခံနီးတောင်မှ သူဌေးက ပြသနာရှာသေးတယ်၊ ဒီလိုမျိုးတွေ ဖြစ်နေမှတော့ ကျမ ဒီနှစ်ကြီးကို မြန်မြန်ကုန်စေချင်နေတာ မဆန်းပါဘူး။ ဒါပေမယ့်လည်း ဘယ်နှစ်ကိုပဲရောက်ရောက် ကျမရဲ့ ကံကြမာကတော့ ပြောင်းလို့ရချင်မှ ရမှာပါ။ ဒါပေမယ့်လည်း လူရဲ့အစွဲ၊ ကျမရဲ့အစွဲပေါ့ ဒီနှစ်ကြီးထဲက ရုန်းထွက်လိုက်ရရင် ကျမ နေလို့ထိုင်လို့ကောင်းသွားမယ်လို့ထင်နေခဲ့တယ်။ ကောင်းချင်မှလည်း ကောင်းလာနိုင်မယ်ဆိုတာကို ကျမသိထားပါတယ်။ ဒါပေမယ့်လည်းလေ….. မျှော်လင့်ချက်ပေါ့နော်….

အော်… ကောင်းတာလေး တစ်ခုတော့ရှိတယ်၊ အဲဒီ့အတွက်လည်း တကယ်ကိုရင်ထဲက နှစ်နှစ်ကာကာကို ပျော်ရွှင်ခဲ့ရတယ်။ အဲဒါကတော့ အမေစု ပြန်လွတ်လာတာပါပဲ။ ၂၀၁၀ ထဲမှာ ကျမအတွက်ကောင်းတာ အဲဒီ့တစ်ခုပဲရှိခဲ့ရတယ်။

ဘယ်လိုပဲမကောင်းတာတွေ ကြုံကြုံ ကျမအတွက်အတွေ့အကြုံတွေ ပေးနေတယ်၊ လောကကြီးကို ရှေ့ ဆက်လှမ်းဖို့ ခွန်အားတွေပေးနေတယ်လို့ပဲ ယူဆရမှာပါပဲ။ အခုလဲ ၂၀၁၀ ကပေးတဲ့ အတွေ့အကြုံနဲ့ ၂၀၁၁ ထဲကို အကောင်းဆုံးလျှောက်လှမ်းရမှာပါပဲ။ ကျမကို သင်ခန်းစာတွေ အတွေ့အကြုံတွေ ပေးခဲ့တဲ့ ၂၀၁၀ ကို အထူးကျေးဇူးတင်ရှိရင်းနဲ့၊ ထာဝရ နူတ်ဆတ်ခဲ့ပါတယ်။

”၂၀၁၀” သင်ဟာ အခုတော့ ငါတို့နဲ့ အပြီးအပိုင်နူတ်ဆတ်ရတော့မယ်။ သင်ထမ်းဆောင်ထားရတဲ့ တာဝန်တွေ ပြီးဆုံးတော့မယ်၊ လူသားတွေအားလုံး သင့်ကိုနူတ်ဆတ်ကြတော့မယ်။ ဒါပေမယ့် သင်ကျေနပ်ပါ၊ သင်တာဝန်တွေ ကျေပွန်စွာ ထမ်းဆောင်ခဲ့တယ်လို့ သင်မှတ်ယူထားပါ။ သင်သည် လူသားများ အပေါ်ဝမ်းနည်းမူ့တွေ၊ ဝမ်းသာမူ့တွေ အလုံးစုံကို သင်ပေးပြီးသွားပြီ။ သင်သည် ထာဝရ အနားယူဖို့ ပြင်ဆင်ထားပါတော့။ သင့်အတွက် ငါတို့ လူသားတွေ အားလုံး ပျော်ရွှင်စွာ ကြိုဆိုခဲ့ဖူးသည်။ ယခုလဲ နောက်ရောက်လာအုံးမည့် နှစ်သစ်ကို ငါတို့တွေ ပျော်ရွှင်စွာ ကြိုဆိုပြီး သင့်ကို ပျော်ရွှင်စွာ နူတ်ဆတ်ကြမည်။ သင်သည် အတိတ်မှာသာ ကျန်နေရစ်ခဲ့ပါတော့။ ကောင်းသော နူတ်ဆတ်ခွဲခွာခြင်းပါ ”၂၀၁၀”

လူသားအားလုံး စိတ်ဆင်းရဲမူ့များ နှစ်ဟောင်းနှင့်အတူ ပါသွားဖို့ဆုမွန်ကောင်းတောင်းပါသည်။