Wednesday, October 27, 2010

လူ နဲ့ ပုဇွန်

ရီမိုး ရဲ့ မန်နင်ဂျာ အခန်းထဲမှာ ငါးကန်လေး တစ်ခုလုပ်ထားတယ်။ မန်နင်ဂျာက ငါးမွေးတာ ဝါသနာပါတယ်လေ။ မွေးတုန်းကတော့ ငါးလေးတွေမွေးတာပါပဲ။ ဒါပေမယ့် ငါးလေးတွေက ကျယ်ပျောတဲ့ နေရာမှာ မကူးရလို့လား၊ သူတို့ရဲ့ သဘာဝမလို့ပဲလားတော့ မသိဘူး၊ အသေမြန်တယ်လေ။ အဲဒါနဲ့ပဲ မန်နင်ဂျာက ဘာစိတ်ကူးပေါက်သွားလဲတော့မပြောတက်ဘူး၊
ငါးကနေ ပုဇွန်ပြောင်းမွေးတယ်။

သူမွေးတဲ့ ပုဇွန်လေးတွေက အပြာရောင်လေးတွေ အနီရောင်လေးတွေ နဲ့လှလှလေးတွေပေါ့လေ။ သူတို့နေရတာပျော်အောင်လဲ မန်နင်ဂျာ ခမျာ ငါးကန်ကိုအလှဆင်ရတာလဲ အမောပါပဲ။ အစာတွေလဲဝယ်ကျွေးနဲ့ သူ့မှာ အဲဒီ့အလုပ်က တစ်မျိုးပေါ့လေ။ သူက သူ့ရဲ့ ပုဇွန်တွေကို ဝယ်ကျွေးတဲ့ အစာကတော့ ငါးပိစိကွေး လေးတွေနဲ့ ပုဇွန်ပိစိကွေးလေးတွေပါပဲ။

အဲလိုအစာကျွေးတိုင်း တစ်ခါမှရီမိုး သေချာမကြည့်ဖူးပါဘူး။ ဒီနေ့မှ ကြုံတာနဲ့ သေချာထိုင်ကြည့်ဖြစ်ပါတယ်။ အစာကျွေးလိုက်ပြီဆိုတော့ ပုဇွန်တွေလည်း ပျော်သွားတယ်ထင်ပ၊ လှူပ်လှူပ်ရှားရှားနဲ့ကို အစာရှာထွက်ကြတော့တာပါပဲ။ အကောင်ကြီးတဲ့ ပုဇွန်တွေက အကောင်သေးတဲ့ ငါးလေးတွေ၊ပုဇွန်လေးတွေကို ပြန်စား၊ ပုဇွန်အကောင်သေး လေးတွေကလည်း ငါးအကောင်သေးလေးတွေကို ပြန်စားတယ်။ အဲဒီ့ အပြင်ကို သူများဖမ်းပြီးသား ငါးလေးတွေကို အကောင်ကြီးတဲ့ ကောင်တွေက ပြန်လုစားတာကလည်း ရှိသေး၊ ကိုယ်တို်င်ကိုယ်ကြ အစာရှာ မထွက်ချင်ပဲ ပျင်းတဲ့ ပုဇွန်ပျင်းတွေလည်းရှိသေးတယ်လေ။

အဲဒါလေးကိုကြည့်ပြီး စိတ်ထဲမှာ အော်… သူတို့တွေလည်း လူတွေလိုပါပဲလားလို့ တွေးမိတယ်။ လူတွေလည်း ကိုယ့်ထက်အင်အားငယ်တဲ့ သူတွေအပေါ် ဖိနှိပ်ချင်ကြတယ်၊ အနိုင်ကျင့်ချင်ကြတယ်။ သူတစ်ပါးပြုလုပ်ပြီးသား၊အောင်မြင်ပြီးသားအရာတွေကို အညွန့်ခူးစားပြီး နံမည်ကောင်း ဝင်ယူချင်ကြတယ်၊ အစစ အရာရာအရံသင့်လေးနဲ့ ခွန်အား၊တန်ခိုးသြဇာလေးပြပြီး အကုန်လိုချင်နေကြတယ်။

ဒီလိုပုံစံမျိုးတွေက လောကကြီးရှိနေသမျှကာလပတ်လုံး ပျောက်ကွယ်သွားမှာ မဟုတ်ဘူးထင်တယ်နော်။ ပုဇွန်လေးတွေ အစာရှာတာလေးကို ကြည့်ပြီး လူတွေနဲ့ ပုဇွန်တွေ အတူတူပါလားလို့ တွေးမိသလိုဖြစ်သွားတော့ စိတ်ထဲမကောင်းတောင်ဖြစ်မိတယ်။ အသိဥာဏ်မရှိတဲ့ ပုဇွန်လေးတွေက ဒီလိုလုပ်တယ်ဆိုရင်၊ အသိဥာဏ်အများကြီးဖွံ့ဖြိုးတဲ့ လူတွေကကော ဒီလိုမျိုးဘာကြောင့်လုပ်နေရတာလဲ။ အော်… ကိုယ်လည်း ပုဇွန်မဖြစ်အောင် အများကြီး သတိထားရမှာပါလားနော်…..