Saturday, January 2, 2010

စွဲထင်ကျန်နေသော ပုံရိပ်တစ်ချို့ 

ဒီလို အချိန်ဆို ကျမတို့  အမိမြေရဲ့ ထင်ပေါ်ကျော်ကြားသော နေရာများထဲက တစ်နေရာဖြစ်သော ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးတွင် စည်ကားနေရော့ မည်။ ဆီမီး ကိုးထောင်ပူဇော်ပွဲ ကရှိနေလေတော့  ပိုပြီးစည်ကားနေမှာ အမှန်ပင်။


နှစ်သစ်ကိုကြိုဆိုတဲ့  ညလေးလဲပြီးရော ခရီးထွက်ရတဲ့ အရသာဟာ တကယ်ကို ပျော်စရာကောင်းပါတယ်။ မနက်အစောကြီး လမ်းမကြီး ပေါ်မှာလူတစ်ယောက်မှမရှိ၊ ကားအသွားအလာကလည်းရှင်း၊ အဲလိုမျိုးအချိန်မှာ ကျမတို့  သူငယ်ချင်း ၆ ယောက် အထုပ်ကိုယ်စီကိုင်လို့  တစ်ယောက်နဲ့ တစ်ယောက်စနောက်ပြီး ကားဂိတ်ကို ထွက်လာခဲ့ ပါပြီ။ တစ်ချို့ လူငယ်များကလည်း အိမ်ကိုမပြန်ကြသေး၊ happy new year လို့ အော်လို့ ကောင်းတုန်းပါ။ သူတို့ တွေပျော်နေကြတဲ့ အပျော် တွေကလည်း ကူးစက်နေပါသေးတယ်။


အဲလို နဲ့  ကားဂိတ်ကို ရောက်တော့ လာပါပြီ။ အထုပ်လေးတွေချပြီး စကားတွေပြောနေကြတာ ရေပတ်မဝင်ပါပဲ။ အချိန်တွေတော်တော်လေးကြာလာတော့  သူငယ်ချင်းတစ်ယောက်ကပြောပါတယ်။ ဘယ်သူမှလည်းမရောက်ကြသေးပါလား။ ဟုတ်ပါတယ်.. ဘယ်သူမှလည်း မရှိ၊ ကိုယ်တွေ ပဲရှိနေတာပါလား။ ဘယ်လိုဖြစ်တာပါလိမ့် ။ လတ်မှတ်ဝယ်ထားတဲ့  ရက်ပဲမှားနေတာလား၊ ဒါမှမဟုတ် ကားဂိတ်ကိုမှားစောင့် နေတာလား၊ စိတ်ထဲမှာ ဇဝေဇဝါဖြစ်လာပါပြီ။ တာဝန်ခံပြီးလတ်မှတ်ဝယ်ပေးတဲ့  သူငယ်ချင်းကို ဝိုင်းပြီးပြောနေကြပါပြီ။ သူကတော့ ခဏနေပါအုံးဟာ ငါသွားမေးလိုက်ပါအုံးမယ်ဆိုပြီး အမြန်လစ်သွားလေရဲ့ ။ ပြီးတော့ မှ မျက်စိပျက် မျက်နှာပျက်ပြီး၊ ခရီးသွားကားတာဝန်ခံနဲ့  ပြန်ထွက်လာပါတယ်။ ဒီအချိန်ထွက်မဲ့ ကားက ပျက်နေလို့ ပါတဲ့ ။ တစ်ခြား ခရီးသွားတွေကိုတော့  အကြောင်းကြားနိုင်ခဲ့ ပြီး သားတို့ သမီးတို့ ကိုတော့  အကြောင်းကြားဖို့  မမှီလိုက်ကြောင်းပြောပါတယ်။ဟာ.. သွားပါပြီ၊ ခရီးထွက်မယ်ဆိုပြီး ဟန်ကျပန်ကျ အိမ်ကနေ အပျော်ကြီးပျော်ပြီး ထွက်လာကြတာ အခုတော့  ၊ တစ်ယောက်တစ်ပေါက်နဲ့  ဝိုင်းပြီး ပြောကြတာ ဆူညံလို့ သွားတာပါပဲ။ ဒီအချိန်လေးကိုပဲသွားချင်လို့ အလုပ်ကနေတောင် ခွင့် ကိုမနည်းယူထားရတာ၊ မသွားရလို့ တော့ မဖြစ်ဘူးနော်လို့ သူငယ်ချင်းတွေကို ကျမပြောလိုက်ပါတယ်။


အဲဒီ့ တော့  တာဝန်ခံကြီးက အဲဒါဆို သမီးတို့ ကို တစ်ခြားခရီးသွားကား တစ်ခုနဲ့  ထည့် ပေးလိုက်မယ်တဲ့ ။ ဘယ်လိုပဲဖြစ်ဖြစ်လေ ရောက်သွားဖို့ က အဓိကပဲလေ။ ဒါပေမယ့်  သွားရမယ့် ခရီးကနီးနီးလေးတော့ မဟုတ်၊ ဒါကြောင့် အလယ်ခုံကနေတော့ မလိုက်နိုင် ပိုက်ဆံကိုလည်း အပြည့် ပေးထားသည်ပဲ၊ အဲဒီ့ တော့  တာဝန်ခံကြီး ကိုသေချာပြောရသေးတယ်။ သူများကားနဲ့ လိုက်တယ်ဆိုပေမယ့်  ကျမတို့ က ပိုက်ဆံအပြည့် ပေးထားတာ အလယ်ခုံမှာတော့ မလိုက်နိုင်ဘူးနော်လို့ ၊ တာဝန်ခံကြီးကလဲ သူတို့ ရဲ့  ပေါ့ လျော့ မူ့ ဆိုတော့  အစဉ်ပြေအောင် သူ့ ဟာသူလုပ်ပေးပါ့ မယ်ဆိုပြီး အစဉ်ပြေအောင်လုပ်ပေးလိုက်ပါတယ်။


အင်း.. အခုတော့  စတင်ပြီး ဂိတ်ကနေထွက်ပါပြီ။ ခရီးလေးတစ်ခုထွက်တာ အခက်အခဲလေးတွေနဲ့ ပါလား။ ကားပေါ်မှာလည်း တစ်ယောက်နဲ့ တစ်ယောက် စကားတွေပြောလာလိုက်တာ မောပြီးအိပ်ပျော်သွားမှပဲ အသံတွေကတိတ်သွားတော့ တယ်။ အဲလိုနဲ့ စီးလာလိုက်တာ ကင်မွန်းစခန်းကို မနက် ၇နာရီလောက် ရောက်သွားပါတယ်။ အထုပ်ကိုယ်စီပြန်စွဲပြီး တောင်ပေါ်ကို တက်မယ့် ကားကိုလိုက်ရှာပါတယ်။ တောင်ပေါ်တက်မယ်ဆိုတော့  ရသေ့ တောင်ထိပဲရောက်တဲ့ ကားတွေပဲတွေ့ ပါတယ်။ များသောအားဖြင့်  တောင်ထိပ်ထိ ရောက်တဲ့  ကားကရှားပါတယ်။ ကျမတို့ ကတော့ ကံကောင်းစွာနဲ့  တောင်ထိပ်ထိသွားမယ့် ကားနဲ့ ကြုံပါတယ်။ အဲဒါနဲ့  ကိုယ်တွေလည်းလိုက်သွားပါတယ်။ ကားပေါ်မှာ လေညှင်းလေးခံပြီး ပျော်လိုက်တာ။ မျက်နှာပေါ်ကို လာပြီးတိုက်ခတ်တဲ့ လေညှင်းလေးက အေးမြပြီး စိတ်အစဉ်မှာရှိနေတဲ့  အညစ်အကြေးတွေကိုဆေးကြောပေးလိုက်သလိုပါပဲ။ တစ်ညလုံး အိပ်ရေးပျက်လာတွေလည်း လွင့်  စင်သွားပါပြီ။ တောင်ပေါ်လည်းရောက်ရော ဆီမီးကိုးထောင် ပူဇော်ပွဲရှိနေတော့ လူတွေက များလိုက်တာ။ ဒီရာသီကလည်း ခရီးထွက်တဲ့ ရာသီပေပဲကိုး။ အေးကလည်းအေး၊ တည်းဖို့ ခိုဖို့ အတွက်ကို ကြိုးစားပန်းစား လိုက်ရှာရပါပြီ။ ရင်ပြင်တော်ပေါ်က တည်းလို့ ရတဲ့  အဆောင်တွေမှာ အခန်းတစ်ခန်း လွတ်တာနဲ့  ပထမညမှာ အဲဒီ့ မှာပဲ စုပြုံပြီး ၆ယောက်သား အိပ်လိုက်ရပါတယ်။


ဆက်ပါဦးမည်။ ။

1 comment:

  1. ရီမိုးရေ...
    စာလာဖတ်တယ်ဗျာ...။ ဆက်ရေးပါဦးနော့်...
    ခင်မင်တတ်တဲ့
    ဏီလင်းညို

    ReplyDelete