Monday, November 22, 2010

အဲဒါ ဗမာလားတဲ့..............

ရီမိုး ရဲ့ အခု လက်ရှိဖြစ်ပျက်နေတဲ့ အဖြစ်အပျက်လေးပါ။ စိတ်ထဲမှာ သိမ်းထားရတာ အတော်ကို ပင်ပန်းပြီး အတော်ကို ဝမ်းနည်းစရာကောင်းတဲ့ အတွက် စာသားတွေ အနေနဲ့ ချရေးပြီး ရင်ဖွင့် မိတယ်ပဲ ဆိုပါတော့နော်…


ရီမိုးတို့ မလေးရှားမှာ တော်တော်လေး ခေတ်စားပါတယ်၊ ဗမာအချင်းချင်းပေါ့နော်။ မလေးရှားတင်လား တခြားနိုင်ငံမှာ ရောက်ရှိနေကြသော ဗမာများကော ဒီလိုရှိမလားတော့ မသိပါဘူး။ အထူးသဖြင့် ယောင်္ကျားလေးတွေပါ။ ကောင်မလေး တစ်ယောက်ဖုန်းနံပါတ် တစ်ခုရပြီဆိုရင် တစ်ခြားသူငယ်ချင်းတွေကိုလည်း လျှောက်ပေး ဖုန်းတွေဆက်ခိုင်း၊ ပြီးတော့ ချစ်စကားကြိုက်စကားပြောပေါ့လေ။ ယောင်္ကျားလေးတိုင်းကို မဆိုလိုပါဘူးနော်။ ရီမိုး မြင်ဘူးတဲ့ ကြုံဖူးတဲ့ ယောင်္ကျားလေးတွေဆိုရင် ဒီလိုမျိုး မရှိပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် အကြောင်းအမျိုးမျိုးကြောင့် ခင်ပြီးသားတွေ၊ ကောင်မလေးဘက်ကလဲ ကျေကျေနပ်နပ် ဖုန်းနံပါတ်ပေးလို့၊ ကောင်လေးဖုန်းဆက်တိုင်းလည်း ကောင်မလေးက ဖုန်းပြန်ကိုင်ပြီး စကားပြန်ပြောတယ်ဆိုရင်တော့ အတိုင်းထက်အလွန်ကောင်းပါတယ်။ ဒါပေမယ့် ဘယ်က ဘယ်လိုကောင်မလေး ဖုန်းနံပါတ်ကို ရပြီး ဖုန်းတွေ အချိန်မတော်ခေါ်၊ ကောင်မလေးက လက်ခံပြီးစကားမပြောဘူးဆိုရင် အလိုလို ကောင်လေးဘက်က နောက်ဆုတ်သင့်တယ် ဆိုတာကိုလည်း ကောင်လေးတွေ နားလည်စေချင်ပါတယ်။


ဘာလို့လဲဆို အခု ရီမိုး နဲ့ အတူနေ အစ်မခံစားနေရတဲ့ အရာတစ်ခုကို ပြောပြချုင်ပါတယ်။ ရီမိုးတို့ပတ်ဝန်းကျင်မှာ ဗမာအပေါင်းအသင်း အလွန်ရှားပါတယ်။ ဗမာမိန်းခလေးတွေလည်းမရှိပါဘူး။ အလုပ်မှာကလည်း ဗမာဆိုလို့ ခန့်ထားတာ ၃ယောက်ပဲရှိတာပါ။ မိန်းခလေးက ရီမိုးတို့ နှစ်ယောက်၊ ယောင်္ကျားလေး ၁ယောက်ပဲရှိတာပါ။
ခင်တဲ့ယောင်္ကျားလေးဆိုလို့လည်း အဲဒီ့၁ယောက်ပဲရှိတာပေါ့လေ။ အလုပ်အတူတူ လုပ်တဲ့ လူဆိုတော့လည်း ဖုန်းနံပါတ်ကို ပေးထားရတယ်လေ။ အလုပ်မှာက လိုတာကိုး…. သူကမှ တစ်ဆင့် သူ့ သူငယ်ချင်းဆိုသူက ဖုန်းနံပါတ် ရသွားပါတယ်။ အဲဒီ့ကောင်လေးက ရီမိုး တို့ အိမ်နားက ဆိုင်တစ်ဆိုင်မှာ အလုပ်လုပ်တာပါ။ ဈေးဝယ်ရင်းနဲ့ သိတာက တစ်ကြောင်း၊ အလုပ်တူ အစ်ကိုကြီးနဲ့ သိတာကတစ်ကြောင်းဆိုတော့ သူ့ဆီဖုန်းနံပါတ်ရှိနေတာ ဘာအရေးလဲလို့ ကိုယ်တွေက နေနေခဲ့တာပေါ့။


အဲဒီ့ ကောင်လေးက စပြီးဖောက်တာပါပဲ။ အတူနေ အစ်မ ဆီကို ဖုန်းတွေ ဆက်ပါတယ်။ ပထမ အစ်မကလည်း သိနေတဲ့ သူတွေလည်း ဖြစ်တော့ ဖုန်းနားထောင်လိုက်ပါတယ်။ အကြောင်းမရှိပဲ နည်းနည်း ရက်ဆက်ပြီးခေါ်လာတော့ အစ်မကလည်း ဖုန်းမကိုင်တော့ပါဘူး။ အဲဒါကို သူက စိတ်ဆိုးတယ် ထင်ပါတယ်။ တစ်ခြားသူဆီ ဖုန်းနံပါတ်ပေးပြီး ဆက်ခိုင်းပါတယ်။ ပထမဆုံးဖုန်းခေါ်တော့ အစ်မကဖုန်းကိုင်မိသွားပါတယ်။ နောက် သူမသိတဲ့ လူဆိုတော့ ဖုန်းပြန်ချပြီး ဖုန်းလုံးဝမကိုင်တော့ပါဘူး။ အဲဒါကို အချိန်တိုင်း အလုပ်ချိန်၊ ညအိပ်ချိန်တောင် မရှောင်ပဲ ဖုန်းတွေခေါ်နေခဲ့ပါတယ်။ အဲဒါနဲ့ အစ်မလည်း စိတ်ညစ်လွန်းလို့ဆိုပြီး ဖုန်းနံပါတ်ကို ပြောင်းလိုက်ပါတယ်။


အဲဒီ့မှာ အဲဒီ့လူက ရီမိုးရဲ့ ဖုန်းကိုခေါ်လာပါတယ်။ အဲဒီ့မှာမှ သူ့ကို ဘယ်သူ ဖုန်းနံပါတ်ပေးလိုက်တယ်ဆိုတာ သိသိသာသာကြီးကို ပေါ်လာတာပါပဲ။ ဖုန်းနံပါတ် နှစ်ခုလုံးကို သိတဲ့လူဆိုလို့ အလုပ်တူတဲ့ အစ်ကိုကြီးရယ်၊ ဈေးဆိုင်က တစ်ယောက်ရယ်၊ ဒါပဲရှိတာဆိုတော့ အဖြေက ထွက်လာပါတယ်။ အဲဒီ့လူက ဖုန်းနံပါတ်ကို အမျိုးမျိုးပြောင်းပြီးခေါ်နေတာပါ။ ဖုန်းကိုခေါ်တာများ မနားမနေကို ခေါ်နေတာ ကိုယ့်ဖုန်းတောင် သုံးလို့ မရအောင်ကို မနားမနေ မရပ်မနားကို ခေါ်နေတာနဲ့ ရီမိုး ဖုန်းကိုင်လိုက်ပါတယ်။ အဲဒီ့အခါ အဲ့ဒီ့လူက ဘာပြောသလဲဆိုရင် အစ်မဆီကို ဖုန်းခေါ်လို့မရလို့ ရီမိုးဆီကို ခေါ်တာပါတဲ့၊ အစ်မရဲ့ဖုန်းနံပါတ် ကိုပေးဖို့နဲ့ သူ့ကို ကူညီပါတဲ့၊ သူ အစ်မကို ချစ်လို့ပါတဲ့လေ။ လူတောင်ကောင်းကောင်း မမြင်ဘူးပဲနဲ့ သူက ချစ်လို့ဆိုတော့ စိတ်ထဲမှာလဲ တော်တော်လေး ရီချင်သွားတယ်။ ရီမိုးလည်း တစ်ခွန်းပဲ ပြန်ပြောလိုက်ပါတယ်။ မကူညီနိုင်ပါဘူးလို့၊ သူဖုန်းမကိုင်တာ နင့်ကို စိတ်မဝင်စားလို့ ဖြစ်မှာပေါ့လို့၊ ဒီလောက်ဆို သဘောပေါက်ပေါ့လို့ ပြောလိုက်တော့ သူက စိတ်ဆိုးမာန်စိုး နဲ့ ပြောချင်ရာတွေပြောပြီး၊ ရီမိုးရဲ့ ကိုယ်ရေးကိုယ်တာတွေကိုပါ ပြောလာပါတယ်။ အဲဒါနဲ့ ရီမိုးလည်း ဆက်နားထောင်မနေပဲ၊ ဖုန်းလုံးဝကို မကိုင်တော့ပါဘူး။ အဲဒါကို တစ်ညလုံးကို ဖုန်းခေါ်နေတာ၊ ဖုန်းတောင် အသံပိတ်ပြီးအိပ်လိုက်ရတဲ့ အဖြစ်ပါပဲ။


အဲဒီ့မှာ သူကတစ်ဆင့်ထပ်တက်လာပါတယ်။ ဖုန်းခေါ်လို့ မရတော့ လူလုံးထွက်ပြလာပါတယ်။ မိန်းခလေးတစ်ယောက်ကို ချစ်တယ်ဆိုတဲ့ လူရဲ့ လုပ်ရပ်ကို ပြောပြပါမယ်။ အိမ်နားမှာ မူးပြီး လာအော်နေတာပါပဲ၊ ရီမိုးတို့က သူဌေးတွေနဲ့ နေရတာပါ။ အိမ်နားမှာ အဲဒီ့လိုလာအော်နေတာ ဘယ်လောက်တောင် စိုးဝါးတဲ့ အဖြစ်လဲဆိုတာ ပြောပြစရာမလိုဘူးထင်ပါတယ်။ ရီမိုး တို့ ဗမာ ၃ယောက်လုံးပေါ့လေ၊ အလုပ်မှာဆို ဗမာလူမျိုးဆိုတာ ဘာပါ ဆိုပြီး လက်မထောင်ပြီးနေလာခဲ့တာပါ။ ကဲ…အခုတော့သွားပြီ။


အစပိုင်းတော့ သူဌေး ကကြည့်နေတဲ့ အဆင့်ပါ။ ကိုယ်တွေကိုလည်း ဘာမှ မမေးရှာပါဘူး။ ဒီတိုင်းပဲ မူးပြီးလာအော်နေတယ် လို့ပဲသူက ထင်နေတာပေါ့လေ။ အဲဒါ တစ်ရက်မဟုတ်၊ သုံးရက်လောက်ဖြစ်လာတော့၊ ပတ်ဝန်းကျင်က ရဲခေါ်လိုက်တယ်ထင်ပါတယ်။ လာဖမ်းသွားတယ်တဲ့။ လာဖမ်းသွားပြီး နောက်နေ့မနက်မှာမှ အစ်မ ကသူဌေးကို ပြောပြလိုက်ပါတယ်။ သူ့ကို လိုက်နှောင့်ယှက်နေတဲ့ အကြောင်းပေါ့လေ။ အဲဒီ့တော့မှ သူဌေးက သိပြီး နင့်ကိုနှောင့်ယှက်နေတာလား၊ ဘာမှမပူနဲ့ ရဲဖမ်းသွားပြီတဲ့လေ။ ပြီးတော့ သူဌေးက ပြောသေးတယ်။ အဲဒီ့ကောင် ရူးနေတာတဲ့၊ လာအော်နေတဲ့ အပြင်ကို အရက်ပုလင်းကလည်း ပါသေးတယ်၊ မဖွယ်မရာကလည်းလုပ်ပြနေတယ်တဲ့လေ။ ဒါသူဌေး ပြောပြတာ၊ ကိုယ်တွေကတော့ ကြောက်လွန်းလို့ ချောင်းတောင်မကြည့်ရဲပါဘူး။


ပြီးတော့ သူဌေးက အဲဒီ့ကောင၊် မလေးတဲ့၊ အစ်မလည်း ဘာပြန်ပြောရမှန်းလည်း မသိ လိမ်ကလည်းမလိမ်ချင်၊ မျက်နှာပူပူနဲ့ ပဲ အဲဒါ မလေးမဟုတ်ဘူး ဗမာလို့ပြောလိုက်ရတယ်လေ။ ဘာလို့လဲဆို အဲဒီ့ အကြောင်းကို အစအဆုံး သိတဲ့ လူကလည်း ဘေးမှာ ရှိနေတော့ မပြောလို့လဲမရဖြစ်သွားတယ်။ အဲဒီ့သတင်း ကြားကြားချင်းတော့ စိတ်မကောင်းတောင်ဖြစ်သွားတယ်။ ကိုယ့်ဗမာလေ၊ ရဲဖမ်းခံလိုက်ရတယ်ဆိုတော့ တကယ်ပါ၊ စိတ်ထဲမှာ မကောင်းဘူး၊ ဒါပေမယ့် သူ့ရဲ့ လုပ်ရပ်တွေကကော ဗမာလူမျိုးတို့ လုပ်သင့်လုပ်ထိုက်တဲ့ အရာတွေလား။ ဗမာ အမျိုးသမီးတစ်ယောက်ကို အရှက်ခွဲလိုက်ရမှ စားဝင်အိပ်ပျော်မှာလား။ သူ့ကို သိတောင်မှ မသိတဲ့ ဗမာမိန်းခလေးတစ်ယောက်လေ…… သူဘာတွေကိုများ အညိုးကြီးနေရတာလဲ။ မကျေနပ်ဘူးဖြစ်နေရတာလဲ။ ရီမိုးလည်းနားမလည် နိုင်အောင်ကို ဖြစ်နေရပါတယ်။

အဲဒါနဲ့ နှစ်ရက်လောက်ကြာတော့ သူပြန်လွတ်လာပါတယ်။ ပိုက်ဆံနဲ့ ပြန်ရွေးလိုက်တယ်ထင်ပ။ ပြန်လွတ်လာတာ သိရခြင်းအကြောင်းကတော့၊ အိမ်ဘေးမှာလာမူးပြီး ရမ်းကားသွားလို့ပါပဲ။ အော်ဟစ်နေလိုက်တာများ ကြောက်စရာကောင်းလိုက်တာ။ အဲဒီ့နေ့က သူဌေးကလည်း မရှိတော့ ရီမိုး တို့ နှစ်ယောက်များ ကြောက်လိုက်တာ၊ ခြံထဲ ကျော်ဝင်လာမှာ စိုးနေတာလေ။ မူးကလည်းမူးနေ၊ ပြီးတော့ တစ်ယောက်ထဲမဟုတ်ဘူး၊ အဖေါ်အပေါင်းကလည်း ပါသေးတယ်ဆိုတော့ ကြောက်တာပေါ့။ မူးမူးရူးရူးနဲ့ လည်း အကုန်လုံးကို သတ်ပစ်မယ် လို့အော်လိုအော်၊ မကိုချစ်တယ်လို့အော်လိုအော်နဲ့၊ ရှက်စရာကောင်းလိုက်တာ မပြောပါနဲ့တော့။ ည ၉နာရီလောက်ကတည်းက အဲဒီလိုအော်နေလိုက်တာ၊ မနက် ၁နာရီခွဲ ၊ ၂ နာရီလောက်မှ အသံတိတ်သွားတော့တယ်။ ရီမိုးတို့လည်း ကြံရာမရတော့ သူဌေးကိုပဲ လှမ်းပြောရတာပေါ့၊ သူဌေးကလည်း ဟိုဗမာကောင်လား၊ ဟိုဗမာကောင်လားနဲ့ မေးတာကို ရက်စ် လို့ဖြေဖို့ကို တော်တော်လေး အားယူခဲ့ ရတယ်။ မပြောပဲနေပြန်ရင်လည်း ကိုယ့် အတွက်က အန်တရယ် ဖြစ်လာမှာလည်း ကြောက်ရတော့ ဘယ်လိုလုပ်ကြမလဲနော်…… ကိုယ်နဲ့ အလုပ်တူ တွဲလုပ်တဲ့ ကုလားမလေးကို ပြောပြတော့ နင်တို့ ဗမာ ယောင်္ကျားလေးတွေလည်း ဒီလိုလုပ်တာပဲလားတဲ့။ အမလေး… ရှက်လိုက်တာမပြောပါနဲ့တော့။ မျက်နှာတောင် ဘယ်နားသွားထားရမလဲ မသိတော့ပါဘူး။ ကဲ… အဲလိုမျိုးပဲ နေ့တိုင်းသာ လာလုပ်နေရင်တော့ ရီမိုးတို့ အလုပ်ထွက်ရတော့မယ်။


မိဝေးဖဝေးနဲ့ ကိုယ့်လုပ်အားနဲ့ကိုယ် ရိုးရိုးသားသား အလုပ်လာလုပ်နေတဲ့ ကိုယ့်ဗမာ မိန်းခလေးတွေကို ကိုယ့်ဗမာ ယောင်္ကျားလေးတွေကပဲ အရှက်ခွဲနေတာလား။ ဘာဖြစ်လို့များ နှမချင်းမစာနာ နိုင်ကြတာလဲ။ နိုင်ငံခြားထွက်ပြီး အလုပ်လာလုပ်တဲ့ မိန်းခလေးတွေ အပေါ်မှာ အထင်အမြင်သေးတဲ့ သဘောလား။ မကူညီချင်နေပါ အနှောင့်အယှက်တော့ မပေးသင့်ဘူးထင်ပါတယ်။ ကိုယ်လည်း အလုပ်လာလုပ်ပြီး မိသားစုကိုရှာကျွေးနေတာပဲ၊ သူလည်း အလုပ်လာလုပ်ပြီး မိသားစုကို ရှာကျွေးနေတာပဲ။ ကိုယ့်ထမင်းကိုယ်စားပြီး ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး ရဲ့ ဂုဏ်ကိုတော့ ကျအောင်မလုပ်သင့်ပါဘူးနော်။ ငယ်ရွယ်သူတွေမို့ ချစ်တယ်ကြိုက်တယ်ဆိုတာ ရှိတယ်ဆိုပေမယ့်၊ မိန်းခလေးတွေ ဘက်ကလည်း ငြင်းပိုင်ခွင့်ရှိတယ်ဆိုတာ ယောင်္ကျားလေးတွေ သိထားပြီး မိန်းခလေးတွေ ဘက်ကို နားလည်ပေးစေချင်ပါတယ်။ ကိုယ့်ကို ပြန်မကြိုက်ဘူး၊ ကိုယ်ခေါ်တဲ့ ဖုန်းကို မကိုင်လို့ ဆိုပြီး ဒီလိုမျိုးတွေ လျှောက်လုပ်နေမယ်ဆိုရင် ဘယ်သူတွေ ဂုဏ်တက်သွားမှာ မလို့လဲ၊ ဘယ်အရာမှ မကောင်းတဲ့ အရာတစ်ခုလို့ ရီမိုးကတော့ မြင်ပါတယ်။ ကဲ… အခုတောင် ရီမိုးတို့ ဘာဆက်လုပ်ရပါ့မလဲနော်……..

5 comments:

  1. မကူညီချင်နေပါ အနှောင့်အယှက်တော့ မပေးသင့်ဘူးထင်ပါတယ် ဆိုတာ သိပ်မှန်ပါတယ် ရီမိုးရေ..
    ဘာပဲဖြစ်ဖြစ် ရီမိုးရော၊ဟိုအစ်မရော ဂရုတော့ စိုက်ပေါ့နော်။တံခါးတွေလည်း သေချာပိတ်ထားပေါ့။

    ReplyDelete
  2. ဒါမျိုးက ဖြစ်တတ်ပါတယ် သူမွန်နေတာလဲ ဖြစ်မယ် မိန်းကလေးကို ပိုတွက်ထားပြီးမှ သူထင်သလိုမဟုတ်လိှု့က်ရမ်းရမ်းနေတာလဲ ဖြစ်ကောင်းဖြစ်မယ် ဘာပဲဖြစ်ဖြစ် မိဝေးဖဝေးမှာ ကိုယ့်ကိုကိုယ်ပဲ အားကိုးပါ မြန်မာမလေးတွေမှာ အားနွဲ့သူဆိုတဲ့ အစွဲအလန်းက အားကြိးလွန်းတယ်လို့ထင်ပါတယ် တကယ်ဆို လိုအပ်တယ်ဆို ရဲကို ဖုန်းဆက်ပါ ကိုယ်ထိလက်ရောက်စော်ကားလာရင်လဲ ခုခံနိုင်အောင်ပြင်ဆင်ထားပါ ကြောက်တတ်မှန်းသိတယ်ဆို ပိုခြောက်ချင်တာကို က သဘာဝပါ ခွေးကိုကြည့်ပါလား သူဟောင်လို့ပြေးရင် အတင်းကိုလိုက်ဆွဲတတ်တာ တကယ်လို့ ကိုယ်က သူကိုလိုက်ရင် သူပြေးပါတယ် ခုဟာက ဥပဒေရှိတဲ့ နိုင်ငံမှာမို့ ဥပဒေအရသာ သွားပါ ထောင်ထဲမှာတွေ့ဘူးတယ် မူယစ်ရမ်းကားမှုနဲ့ရောက်လာတဲ့ အရက်သမားတွေက အကြောက်တတ်ဆုံးပါ နိုင်လို့ရမှန်းသိလို့ နိုင်ရဲတာပါ နိုင်လို့မရမှန်းသိရင် ရှောင်သွားပါတယ် ဒါ လူမိုက်တွေရဲ့ သဘောမို့ ရေဝေးမြေခြားမှာ ကိုယ့်ကိုကိုယ်သာ အားကိုးပါ လို့ အကြံပေးပါတယ်။ စမ်းသပ်ကြည့်ပါဦး။

    ReplyDelete
  3. မြန်မာအချင်းချင်း ပြေပြေလည်လည်ပဲကောင်းပါတယ်...
    အမသာဆိုရင် မျက်နှာချင်းဆိုင်တွေ့ပြီး
    “ဘာဖြစ်ချင်တာလဲ” လို့သာ မေးလိုက်ချင်တယ်...

    ReplyDelete
  4. ကိုဏီလည်း.......အဲ့သလိုဖုန်းဆက်တတ်တဲ့သူတွေကိုတွေ့ဖူးတယ်.....။
    (တစ်ခါ ကိုဏီတို့အိမ်ကိုလာလည်တဲ့ ကိုဏီ့သူငယ်ချင်းရဲ့ သူငယ်ချင်းဆိုတဲ့သူတစ်ယောက်ပါ.....။ သူ့ကိုကြည့်ရတာ မူးနေပါတယ်ဗျာ....။ ပြောတာတော့ အသဲကွဲနေတာတဲ့။ ကိုဏီကလည်း စာရေးနေရင်း အပြင်တစ်ချက်ထွက်ကြည့် နှုတ်ဆက်ရင်းခဏထိုင်နေလိုက်ပါတယ်....။ အဲ့ဒီမှာ အဲ့ဒီလူက သူ့သူငယ်ချင်းဆိုတဲ့တစ်ယောက်ကို ဖုန်းဆက်ပြီး၊ သူ့နဲ့အဆင်မပြေတဲ့(သူ့ကိုငြင်းတဲ့) ကောင်မလေးကို “မင်းအဲ့ဒီကောင်မကို ဖုန်းဆက်ပြီး......ဘာလုပ်မယ်.....ညာလုပ်မယ်....ပြောပစ်လိုက်စမ်း”...ဘာညာ.....ဆိုတာတွေကို ပြောနေတော့တာပါပဲ....။ ကိုဏီတောင် တော်တော်လေး စိတ်မချမ်းမသာဖြစ်သွားမိသေးတယ်....။ ကာယကံရှင်ဖြစ်တဲ့ ကောင်မလေးတော့ ဘယ်လိုနေမယ်မသိဘူးလေ.....သိလိုက်ရရင်။ ညီမတို့တွေ ဘယ်လို ခံစားရမယ်ဆိုတာ ကိုယ်ချင်းစာပေးလို့ရတယ်.....။။ ဘာပဲဖြစ်ဖြစ်သတိထားနေပါညီမရေ့....။)
    စကားမစပ်......ကိုဏီတို့ညီမ နှပ်သာမွီးက....လူမိုက်ပဲဟ......ဟေးးးဟေးးးး

    ခင်မင်ခြင်းအားဖြင့်.......
    ဏီလင်းညို

    ReplyDelete
  5. သတိထားနေပါညီမလေးရေ...။
    ကိုယ့်မြန်မာအချင်းချင်းဆိုတော့ ခက်လိုက်တာ..။
    အေးအေးဆေးဆေးဖြေရှင်းနိုင်ရင်ကောင်းမယ်နော်.။
    ခင်မင်စွာ
    သဒ္ဓါလှိုင်း

    ReplyDelete