Friday, December 3, 2010

ဆောင်းအိမ်မက် တစ်ခု

ရာသီဥတု မရှိတဲ့ တိုင်းပြည်တစ်ခုမှာ နေပြီးတော့ ကိုယ့် မြန်မာပြည်ကို တမ်းတမှန်းဆပြီး၊ ဒီအချိန်ဆို တို့တိုင်းပြည်မှာ အေးသင့်သလောက်တော့ အေးနေတော့မှာပဲလို့တွေးနေမိတုန်း၊ ရှင့်ကိုပါ အတွေးထဲရောက်လာမိတာပါပဲ။

တကယ်ဆို အချိန်တွေကတော်တော်ကို နှောင်းနေပါပြီ။ ဘယ်လိုပဲ အချိန်နှောင်းနှောင်း အတိတ်ဆိုတာကို ဘယ်လိုပဲမေ့ထားမေ့ထား၊ ပြန်ပြင်လို့မရတဲ့ အရာတွေကတော့ကျန်နေခဲ့တာပါပဲလေ။ အဲဒီ့ အချိန်တုန်းကလေ၊ ကျမဘာဖြစ်လို့များ ရှင့်ကိုလမ်းခွဲဖို့ဆုံးဖြတ်လိုက်ရတာလဲ၊ ရှင်ကကော ကျမလမ်းခွဲတာကို တစ်ချက်ကလေးတောင် မတားခဲ့ရတာလဲ။ ကျမအသက်အရွယ်ကြောင့် ကျမဆုံးဖြတ်ချက်တွေ မှားသွားတာလား။ အချစ်ဆိုတာကလည်း ရေးရပြောရတာသာ လွယ်တာ တော်တော်လေးတော့နားလည်ရခက်သားပဲနော်။

အရာအားလုံးပြီးဆုံးသွားတော့မှ ရှင့်ကိုကျမ ချစ်ခဲ့တယ်ဆိုတာကို သိလာ၊နားလည်လာရတယ်။ အဲဒီ့လို နားလည်လာအောင်များ ရှင်လုပ်လိုက်သလားမသိပါဘူး။ အခုများ ရှင်နဲ့ပြန်တွေ့ရင် ကျမ တည်တည်ငြိမ်ငြိမ်နဲ့ ပြုံးပြနိုင်ပါ့မလားဟင်။ ကျမကိုယ်ကျမ အခုထိကို နားမလည်နိုင်သေးပါဘူး။ ဘာလို့လဲဆို ရှင်နဲ့လမ်းခွဲပြီးတဲ့နှစ်တွေတော်တော် ကြာတဲ့အထိကို ကျမရှင့်ကို ချစ်ခဲ့တယ်ဆိုတာကို လက်မခံခဲ့လို့ပါပဲ။ အရင်ရည်းစားတွေလိုပဲ ကွဲပြီး၊ နောက်တစ်ယောက်ထား မေ့သွားမှာပဲလို့တွေးထင်ထားခဲ့မိတာလေ။ ကျမ တော်တော်ကို ဆိုးခဲ့တာပဲနော်။

နှစ်တွေတော်တော်လေးကြာပြီး တစ်ရက် သူငယ်ချင်းပြောလိုက်တဲ့ စကားတစ်ခွန်းကို ကြားမှပဲ ကျမ ရှင့်ကိုတော်တော်လေး ချစ်ခဲ့၊ ချစ်နေဆဲဆိုတာကို သိလိုက်ရတယ်။ အဲဒီ့စကားကတော့ ရှင်မြန်မာပြည်ပြန်လာပြီး မင်္ဂလာဆောင်တော့မယ် ဆိုတဲ့စကားလေးပါပဲ။ ကျမလေ သူငယ်ချင်းရှေ့မှာတော့ ကျမအလှပဆုံးပြုံးပြီး ကောင်းတာပေါ့လို့ ပြောနိုင်ခဲ့ပါတယ်။ ဒါပေမယ့် လူတွေမရှိတဲ့ တစ်နေရာမှာတော့ ကျမလေ….

အဲဒီ့နေ့ကတည်းက ကျမမြန်မာပြည်ကနေ ထွက်ပြေးချင်နေခဲ့တာပါ။ ရှင်ပြန်လာလို့ လမ်းမှာပဲဖြစ်ဖြစ် ကျမရှင်နဲ့ ဆုံမိမှာကို အရမ်းကြောက်နေခဲ့တယ်။ ကျမ ရှင်နဲ့တွေ့ရင် ပြုံးမနေနိုင်မှာ စိုးလို့ပါ။ ကျမ မြန်မာပြည်ကနေ မြန်မြန်ထွက်ပြေးနိုင်ဖို့ကို ကျမ အသည်းအသန်ကြိုးစားခဲ့တာပါပဲ။ ကျမ ဆုတောင်းတွေ ပြည့်တယ်သိလား၊ ကျမ ရှင်မင်္ဂလာမဆောင်ခင်မှာပဲ ကျမ ထွက်ပြေးနိုင်ခဲ့တယ်။ ရှင့် အတွက်ကျမ အနှောင့်အယှက် ဖြစ်မှာစိုးလို့ပါ။ နောက်တော့ သူငယ်ချင်းတစ်ယောက်ဆီကနေ ပြန်ကြားပါတယ်။ ရှင် မင်္ဂလာဆောင်ပြီးပြီတဲ့။ ကျမကျေနပ်ပါတယ်။

ကျမ ရဲ့ဆုံးဖြတ်ချက်နဲ့ ကျမရွေးချယ်ခဲ့တဲ့ လမ်းကို ရှင်မတားပဲရှင့်အတွက် အကောင်းဆုံးဖြစ်မယ့်လူကို ရှင်ရွေးချယ်ရမှာပေါ့။ အခုတော့ ကျမ ဒီရောက်နေတာတောင် နှစ်နှစ်ကျော်ပြီဆိုတော့ ရှင့်မင်္ဂလာသက်တမ်းလည်း နှစ်နှစ်ကျော်နေပြီပေါ့နော်။ ရှင်လည်း ရှင့်မိသားစုနဲ့ရှင်ရှိနေပြီ၊ ကျမလည်း ကျမ အချစ်သစ်နဲ့ ကျမရှိနေပြီဆိုပေမယ့် တစ်ခါတစ်လေတော့လည်း ရှင့်ကို သတိရမိတယ် ဆိုတာကိုတော့ ကျမ ဝန်ခံပါရစေ။

အစတည်းက အစ်ကိုတစ်ယောက်လို အားကိုးခဲ့တဲ့ ကျမရဲ့ စိတ်ကြောင့်လို့ကျမထင်ပါတယ်။ သူများတိုင်းပြည်မှာ မိသားစုနဲ့မဟုတ်ပဲ ကျမတစ်ယောက်တည်း နေရတော့ တစ်ခါတစ်လေ အားငယ်တဲ့ စိတ်လေးတော့ ရှိတယ်လေ။ အဲလိုအချိန်ဆို ကျမရှင့်ကို သတိရမိတယ်။ ရှင်ရှိနေရင် ရှင့်ကိုဂျီကျမိမှာပဲလို့ပေါ့။ ကျမတော့ ငရဲတွေကြီးကုန်ပြီထင်ပါတယ်နော်။ အိမ်ထောင်ရှိပြီးသား ယောင်္ကျားတစ်ယောက်ကို ကျမ သတိရနေမိလို့ပေါ့။ ကျမ မှားနေပြီထင်တယ်နော်။ အဲလိုရှင့်ကို သတိရမိတိုင်း ရှင်ပျော်နေပါစေလို့ ကျမစိတ်ထဲကနေ ဆုတောင်းပေးနေမိပါတယ်။

ရှင့်ကိုတစ်ကြိမ်လောက်ဖြစ်ဖြစ်တော့ ကျမပြန်မြင်ချင်နေမိပါတယ်။ အဝေးကနေဖြစ်ဖြစ်ပေါ့နော်။ ရှင့်ရဲ့ သားဖြစ်ဖြစ် သမီးဖြစ်ဖြစ်၊ ရှင့်ရဲ့ မိသားစုလေးကိုလဲတွေ့ချင်မိတယ်။ ရှင်ကတော့ တည်ငြိမ်တဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်ထားပြီလို့ ကျမယုံကြည်ပါတယ်။ ကျမကတော့ တည်ငြိမ်တဲ့ ဘဝတစ်ခုကိုတော့ မပိုင်ဆိုင်သေးပါဘူး။ ပိုင်ဆိုင်နိုင်အောင်တော့ ကျမကြိုးစားနေဆဲပါ။ လက်ရှိရနေတဲ့ အချစ်တစ်ခု အပေါ်ကိုလည်း တည်မြဲအောင် ခိုင်မြဲအောင် ကြိုးစားနေပါတယ်။ ရှင်နဲ့ ပတ်သတ်ပြီး မှားခဲ့တဲ့ အမှားမျိုး၊ ဆုံးဖြတ်ခဲ့တဲ့ အမှားမျိုးထပ်မဖြစ်အောင် ကိုယ့်ချစ်သူကို မနာကြဉ်အောင် ကျမ အတက်နိုင်ဆုံး ဂရုစိုက်နေပါတယ်။

တစ်ခါတစ်လေ ရှင့်ကို သတိရနေတာတောင် ကျမချစ်သူကို နာကြဉ်အောင် လုပ်မိနေပြီထင်တယ်နော်။ ကျမရှင့်ကို ပြောပြချင်ပါသေးတယ်၊ ကျမ ချစ်သူကျမကို ဘယ်လောက်ချစ်သလဲဆိုတာလေ။ တစ်နေ့နေ့ တစ်ချိန်ချိန်တော့ ကျမတို့နှစ်ယောက် မျက်နှာချင်းဆိုင်ထိုင်ပြီး ကျမမိသားစု အကြောင်း၊ ရှင့်မိသားစု အကြောင်းတွေကို ရီရီမောမောနဲ့ ပြောနေနိုင်မယ်လို့ ယုံကြည်ပါတယ်။

“ဟိတ်.. ဘာတွေတွေးနေတာလဲ ခိုင်…. အလုပ်မသွားတော့ဘူးလား… နောက်ကျနေပြီလေ…..”

သူငယ်ချင်း ဝေ လှမ်းပြောမှ ကျမ နာရီကို ကြည့်မိသည်။ ဟုတ်ပါရဲ့… နောက်ကျနေပြီ….
တော်ကြာ ကျမရဲ့ ချစ်သူ လာခေါ်တော့မည်။ တော်ကြာ ကျမ ရည်းစားဟောင်း အကြောင်း တွေးနေလို့ နောက်ကျသည်ကိုသာ သူသိလျှင်တော့ဖြင့်………………….. :P

No comments:

Post a Comment