Monday, November 15, 2010

ဖော်မပြတက်သော ပျော်ရွှင်မူ့

အမေစု လွတ်ပြီတဲ့…. လွတ်တဲ့နေ့ ညနေခင်းမှာပဲ မတ်ဆေ့ခ်ျ တွေရောက်လာပြီး တစ်ယောက်နဲ့ တစ်ယောက် အကြောင်းကြားကြတယ်။ မတ်ဆေ့ခ်ျ လေးကို ဖတ်ပြီး မျက်ရည်တောင်လည်မိတယ်။ ဗမာပြည်သူပြည်သား တွေရဲ့ဆုတောင်းသံလေးတွေဟာလည်း မိုးထက်မှာ ညံနေမယ်ဆိုတာကို စိတ်ထဲမှာ မှန်းကြည့်ယုံနဲ့တင် ပြီးပြည့်စုံနေပါပြီ။

အခုဆိုလည်း အင်တာနက်မှာ အမေ့အကြောင်း၊ facebook ပေါ်မှာလည်း အမေ့ပုံ အမေ့အကြောင်း၊ အမေ့ရဲ့ မိန့်ခွန်းတွေနဲ့ ဝဲပျံနေပါတယ်။ အမေ့ရဲ့ အပြုံးတွေက ပြည်သူတွေကို အားဖြစ်စေတယ်။ ပြည်သူတွေရဲ့ ဆုတောင်းသံ၊ အားပေးသံ တွေကလည်း အမေ့ကို အားဖြစ်စေမှာပါ။ အမေ့ကို နေအိမ် အကျယ်ချူပ်ချထားတာ ရီမိုး တို့ တစ်သက်လောက်ရှိချင်ရှိမယ်၊ ကျော်ချင်လည်းကျော်မယ်၊ ရီမိုး သေချာမသိပါဘူး။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် ဆိုတဲ့ နာမည်ကြားတာနဲ့တင် ရင်ထဲက လိုက်လိုက်လှဲလှဲ လေးစားရတာ အခုထိပါပဲ။ နောင်လည်း ဆက်ရှိနေအုံးမှာပါ။

တိုင်းပြည်ကို ချစ်တဲ့ နေရာမှာလည်း အမေဟာ စံပြပါပဲ။ ရီမိုးတို့ ဗမာပြည်သူပြည်သား တွေရဲ့ စိတ်ထဲ၊ ရင်ထဲ၊ အသဲထဲမှာလည်း အမေဟာ စံပြပါပဲ။ ရီမိုးရဲ့ မေမေဆို ညတိုင်း အမေစု နေကောင်းဖို့ အမြန်ဆုံး လွတ်မြောက်ဖို့ ဘုရားမှာ ဆုတောင်းနေတာ။ အခုဆို ရီမိုး မေမေ ပျော်လို့ ငိုနေလောက်ပြီ။ ဖေဖေလည်း မျက်ရည်လည်နေလောက်ပြီ။ နိုင်ငံရေး အကျဉ်းသားလို့ ပြောပြောနေကြတဲ့၊ ရီမိုးတို့လေးစားရတဲ့ နိုင်ငံရေးခေါင်းဆောင်တွေလည်း အပျော်တွေနဲ့ မျက်ရည်လဲ့နေကြမှာပဲ၊ ကျဆုံးသွားပြီဖြစ်တဲ့ ခေါင်းဆောင် တွေလည်း တမလွန်ကနေ အပြုံးလေးတွေကိုယ်စီဖြစ်နေကြမှာ၊ အမေ့ အတွက် တိုင်းပြည်အတွက် အမြဲရှိနေတက်တဲ့၊ လာခေါ်ရင် လိုက်သွားလို့ ရအောင်ဆိုပြီး ဧည့်ခန်းမှာ အဝတ်အစားထုတ် ကိုအဆင်သင့်ထားတက်တဲ့၊ သခင်အုန်းမြင့် (အန်ကယ်အုန်းမြင့်) လည်း တမလွန်ကနေ ပြုံးနေမယ်ထင်ပါတယ်။ ရီမိုး ဆိုဘယ်လိုမှ ဖော်ပြလို့ မရတဲ့ အပျော်မျိုးနဲ့ကို ပျော်နေခဲ့တာ။

အမေ့ ကိုလာရောက်ပြီး ကြည့်ရူ့ ကြတဲ့ လူအုပ်ကြီးဆိုတာ နည်းတာမှ မဟုတ်ပဲနော်။ ဒီလိုရက်ကို စောင့်မျှော်နေကြတဲ့ ပြည်သူတွေ၊ တစ်ခါမှ ဒီလိုမျိုးမမြင်ဘူးတာ အမှန်ပါပဲ။ ဒါတောင် ဓာတ်ပုံသတင်းတွေနဲ့ ဗီဒီယို သတင်းတွေထဲမှာပဲ တွေ့ရတာ၊ အပြင်မှာသာဆို ဘယ်လောက်တောင် ရင်ခုန်စရာ ကောင်းမလဲဆိုတာ စဉ်းစားမိတာနဲ့တင် ကြက်သီးထမိပါရဲ့။

ငါတို့ ဗမာပြည်ကြီး အခုဆို မျှော်လင့်ချက်ရောင်ချီသန်းလာပြီပေါ့။ အားလုံးမျှော်လင့်ထားတဲ့ အတိုင်းဖြစ်လာတော့မယ်လို့လည်း ယုံကြည်တယ်။ ဒို့တွေရဲ့ အရိုးသားဆုံး ဆုတောင်းတွေလည်း ပြည့်ဖို့ မျှော်လင့်ပါတယ်။ မျှော်လင့်ချက်တွေနဲ့ အသက်ရှင်နေရတယ်ဆိုတာ ဒို့ဗမာပြည်သူပြည်သားတွေပါ။ အခုဆို အဲဒီ့ မျှော်လင့်ချက်လေး ရောင်ချီသန်းလာပါပြီ။
မှတ်ချက်။ ။ ဒီတစ်ခေါက် စစ်အစိုးရက တော်တော်လေး သဘောကောင်းနေတယ်နော်။ ဒီဘက်မှာ ပျော်နေကြတာကို နောက်ဖက်ကနေ အပျော်တွေကို ဖျက်ဆီးမှာတော့ စိုးရိမ်မိပါတယ်။

1 comment:

  1. ရပ်နေတဲ့ခြေလှမ်းတွေရဲ့ ပထမ အစပဲ ရှိသေးတယ်ရီမိုးရေ နောက်လာဦးမှာ နအဖက ငြိမ်နေတယ်ဆိုတာ ဆင်ကြံ ကြံနေတာ ညီမရေ အခက်အခဲတွေ ရုန်းကန်ရမှုတွေလာဦးမှာ လွတ်မြောက်မှုတိုင်းဟာ လွယ်လွယ်မဖြစ်တတ်ပါဘူး လွယ်တယ်ဆိုရင်တောင် ရှည်လျားတဲ့ သမိုင်းကြမ်းတွေရှိခဲ့တာကြီးပါပဲ.
    အားလုံး ညီညီ ညာညာ တတ်နိုင်တဲ့နေရက ၀င်ပါကြရဦးမယ်

    ReplyDelete