Friday, November 5, 2010

အတုလား.......... အစစ်လား.....?????

အတုတဲ့ ဒီလောကကြီးမှာ အတုတွေများလိုက်တာ။ အရာရာတိုင်း အတုတွေ လွှမ်းမိုးနေတာ နဲ့တင် အတုတွေက အစစ်တွေလိုတောင်ဖြစ်နေပါပေါ့။ မိတ်ဆွေတု၊ မိတ်ဆွေစစ်၊ အချစ်တု၊ အချစ်စစ်၊ ရွှေတု၊ ရွှေစစ်…… အိုး…. အများကြီးမှ အများကြီး…..

ဟော အခုလဲလာပြန်ပြီ…. ရွေးကောက်ပွဲတဲ့ အစစ်လိုလို အတုလိုလိုနဲ့ လူတွေ အထိတ်တလန့်ဖြစ်အောင်တော့ ဖမ်းစားနိုင်ပါရဲ့။ ၂၀၁၀ ဝင်ကတည်းက လူတွေ(ဗမာလူမျိုးတွေ) အမျိုးမျိုး ပြောဆိုနေကြတဲ့ ဒီရွေးကောက်ပွဲ၊ မနက်ဖြန်ဆိုရင်ရောက်ပြီ။ စိုးရိမ်တကြီးကြောက်လန့် နေတဲ့ သူတွေကလည်း ကြောက်နေကြပြီ။ ခြိမ်းခြောက်တဲ့ သူတွေကလည်း ခြိမ်းခြောက်နေကြမှာပေါ့။ နေရာတည်မြဲအောင် လုပ်နေတဲ့ သူတွေလည်းရှိနေမှာပေါ့။ ဒါပေမယ့် သတိထားမိတာ တစ်ခုကတော့ ရွေးကောက်ပွဲလုပ်မယ် လို့ဆိုတိုင်းမုန်တိုင်းဝင်နေသလိုပဲနော်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲ တုန်းကလည်း နာဂစ်ဆိုတဲ့ မုန်တိုင်းကဝင် အခုလဲ လာပြန်ပြီ ဂီရိ တဲ့။ အင်း… လောကသဘာဝကြီးကတော့ အတုနဲ့ အစစ်ကို ခွဲခြားသိနေတယ်ထင်ပါ့။

နိုင်ငံရေးတွေ ဘာတွေကိုနားမလည်ပေမယ့် အတုဆိုရင်တော့ ဘယ်အရာကိုမှ လက်မခံနိုင်ပါဘူး။ ဘယ်လောက် အတုတွေက ကြီးစိုးနေလဲဆို စနေနဲ့ တနင်္ဂနွေမှာ မြန်မာပြည်ပြန်မယ့် လေကြောင်းလမ်းတွေ ပိတ်ထားပါတယ်တဲ့။ မလေးရှား တစ်ခုထဲကိုပြောတာပါ။ ကျန်တဲ့ လေကြောင်းလမ်းတွေတော့ မသိပါဘူး။ ဘာပဲဖြစ်ဖြစ် ဘယ်လိုပဲဖြစ်ဖြစ်၊ ဗမာလူမျိုး၊ ဗမာ ပြည်သူပြည်သားတွေကို လူလို့သတ်မှတ်ရင်ပဲ တော်လောက်ပါပြီ။ အခုဆို တခြားနိုင်ငံက လူတွေကလည်း လူလို့မထင်၊ ကိုယ့်နိုင်ငံကဟာတွေကလည်း လူလို့မထင်နဲ့ စားညပ်နေရတာက ဒီကကောင်တွေပါ။

အလွန်ရိုးသားတဲ့ ဗမာပြည်သူပြည်သားတွေကို မေးကြည့်လိုက်ပါ၊ အော်…. ဘာပဲဖြစ်ဖြစ်ပါ၊ မိသားစုတွေ ခြောင်ခြောင်လည်လည် စီးပွားရှာနိုင်ပြီး၊ ထမင်းနပ်မှန်အောင် စားနိုင်၊သောက်နိုင် ရင်တော်ပါပြီ လို့ပြန်ဖြေကြမှာပါ။ ဘာလို့ ဒီလိုရိုးသားတဲ့ ဒို့ဗမာလူမျိုးတွေကိုမှ အတုတွေက လာလွှမ်းမိုးနေရတာပါလိမ့်။ တစ်ခါတစ်လေ ပြန်စဉ်းစားမိတယ်၊ သူများလူမျိုးတွေနှိမ်တာကို ခံနိုင်ပေမယ့်၊ ကိုယ့်လူမျိုးခြင်း ဖိနှိပ်တာကိုတော့ တော်တော်လေးခံပြင်းပါတယ်။

ပတ်စ်ပို့ အနီရောင်လေးကိုင်လာတာကို မြင်ရင်ကိုပဲ အထင်သေးတဲ့ အကြည့်နဲ့ အကြည့်ခံရတာဘာကြောင့်လို့ထင်ပါသလဲ။ အတုတွေလွှမ်းမိုးသွားတာလေ။ အတုတွေကို အစစ်လို့ထင်ပြီး ရိုးသားတဲ့ အပြစ်မဲ့တဲ့ အစစ်တွေကြတော့ အတုထင်ပြီး အထင်သေးတဲ့ အကြည့်နဲ့ ကြည့်ကြတယ်။ အတုတွေကိုကြတော့ အထက်မှာထားနေရပြီး ခေါင်းဆောင်တင်ထားရတယ်။ လောကကြီးက မတရားတာလား၊ ကိုယ်တွေပဲ မှားနေသလားလို့တောင်ထင်နေရတယ်။ အိုး…. အသင်လောကကြီး အတုတွေနဲ့ ကင်းလွတ်ခွင့်ပေးပါ၊ အစစ်တွေကို ပြန်လည်ရှင်သန်ခွင့်ပေးပါလို့ တောင်အော်ဆုတောင်းလိုက် ချင်ပါရဲ့။ ဗမာပြည်သူပြည်သား တွေလည်း အစစ်နဲ့ အတုကို သေချာခွဲခြားပြီး သိနိုင်ပါစေ လို့လဲ ဆုတောင်းမိပါရဲ့။

2 comments:

  1. ဟုတ်တယ်။အတုတွေများလွန်းလို့ အစစ်တောင် အတုလောက် မထင်ပေါ်ဘူးဖြစ်နေတယ်။မနက်ဖြန်ဆို အတုလောကရဲ့ ပြိုင်ဘက်ကင်း ရွေးကောင်ပွဲကြီးကို အတုအယောင်တွေနဲ့ တန်ဆာဆင်ကြအုံးမယ်။တော်ပါပြီ။ ပြောရင် အကုသိုလ်များတယ်။:(

    ReplyDelete
  2. အတုတွေ နေရာရတာက ခဏပါ ရေရှည်ကြရင် အတုဟာ အတုပဲဆိုတာ ပေါ်လာမှာပါ ဓါတ်ခဲလိုပေါ့. အိမ်နီးချင်းနိုင်ငံတွေမှာ မျက်နှာငယ်ရတာတော့ ကြာပါပြီ အားလုံးညီညာတဲ့တနေ့မှာတော့ အတုတွေ အစစ်ကို ဖယ်ပေးရမှာပါ။ အားမလျှော့ပါနဲ့ ကိုယ်လဲ ပါနိုင်တဲ့ နေရာက ၀င်ပါပေါ့.

    ReplyDelete