Monday, November 15, 2010

ဖော်မပြတက်သော ပျော်ရွှင်မူ့

အမေစု လွတ်ပြီတဲ့…. လွတ်တဲ့နေ့ ညနေခင်းမှာပဲ မတ်ဆေ့ခ်ျ တွေရောက်လာပြီး တစ်ယောက်နဲ့ တစ်ယောက် အကြောင်းကြားကြတယ်။ မတ်ဆေ့ခ်ျ လေးကို ဖတ်ပြီး မျက်ရည်တောင်လည်မိတယ်။ ဗမာပြည်သူပြည်သား တွေရဲ့ဆုတောင်းသံလေးတွေဟာလည်း မိုးထက်မှာ ညံနေမယ်ဆိုတာကို စိတ်ထဲမှာ မှန်းကြည့်ယုံနဲ့တင် ပြီးပြည့်စုံနေပါပြီ။

အခုဆိုလည်း အင်တာနက်မှာ အမေ့အကြောင်း၊ facebook ပေါ်မှာလည်း အမေ့ပုံ အမေ့အကြောင်း၊ အမေ့ရဲ့ မိန့်ခွန်းတွေနဲ့ ဝဲပျံနေပါတယ်။ အမေ့ရဲ့ အပြုံးတွေက ပြည်သူတွေကို အားဖြစ်စေတယ်။ ပြည်သူတွေရဲ့ ဆုတောင်းသံ၊ အားပေးသံ တွေကလည်း အမေ့ကို အားဖြစ်စေမှာပါ။ အမေ့ကို နေအိမ် အကျယ်ချူပ်ချထားတာ ရီမိုး တို့ တစ်သက်လောက်ရှိချင်ရှိမယ်၊ ကျော်ချင်လည်းကျော်မယ်၊ ရီမိုး သေချာမသိပါဘူး။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် ဆိုတဲ့ နာမည်ကြားတာနဲ့တင် ရင်ထဲက လိုက်လိုက်လှဲလှဲ လေးစားရတာ အခုထိပါပဲ။ နောင်လည်း ဆက်ရှိနေအုံးမှာပါ။

တိုင်းပြည်ကို ချစ်တဲ့ နေရာမှာလည်း အမေဟာ စံပြပါပဲ။ ရီမိုးတို့ ဗမာပြည်သူပြည်သား တွေရဲ့ စိတ်ထဲ၊ ရင်ထဲ၊ အသဲထဲမှာလည်း အမေဟာ စံပြပါပဲ။ ရီမိုးရဲ့ မေမေဆို ညတိုင်း အမေစု နေကောင်းဖို့ အမြန်ဆုံး လွတ်မြောက်ဖို့ ဘုရားမှာ ဆုတောင်းနေတာ။ အခုဆို ရီမိုး မေမေ ပျော်လို့ ငိုနေလောက်ပြီ။ ဖေဖေလည်း မျက်ရည်လည်နေလောက်ပြီ။ နိုင်ငံရေး အကျဉ်းသားလို့ ပြောပြောနေကြတဲ့၊ ရီမိုးတို့လေးစားရတဲ့ နိုင်ငံရေးခေါင်းဆောင်တွေလည်း အပျော်တွေနဲ့ မျက်ရည်လဲ့နေကြမှာပဲ၊ ကျဆုံးသွားပြီဖြစ်တဲ့ ခေါင်းဆောင် တွေလည်း တမလွန်ကနေ အပြုံးလေးတွေကိုယ်စီဖြစ်နေကြမှာ၊ အမေ့ အတွက် တိုင်းပြည်အတွက် အမြဲရှိနေတက်တဲ့၊ လာခေါ်ရင် လိုက်သွားလို့ ရအောင်ဆိုပြီး ဧည့်ခန်းမှာ အဝတ်အစားထုတ် ကိုအဆင်သင့်ထားတက်တဲ့၊ သခင်အုန်းမြင့် (အန်ကယ်အုန်းမြင့်) လည်း တမလွန်ကနေ ပြုံးနေမယ်ထင်ပါတယ်။ ရီမိုး ဆိုဘယ်လိုမှ ဖော်ပြလို့ မရတဲ့ အပျော်မျိုးနဲ့ကို ပျော်နေခဲ့တာ။

အမေ့ ကိုလာရောက်ပြီး ကြည့်ရူ့ ကြတဲ့ လူအုပ်ကြီးဆိုတာ နည်းတာမှ မဟုတ်ပဲနော်။ ဒီလိုရက်ကို စောင့်မျှော်နေကြတဲ့ ပြည်သူတွေ၊ တစ်ခါမှ ဒီလိုမျိုးမမြင်ဘူးတာ အမှန်ပါပဲ။ ဒါတောင် ဓာတ်ပုံသတင်းတွေနဲ့ ဗီဒီယို သတင်းတွေထဲမှာပဲ တွေ့ရတာ၊ အပြင်မှာသာဆို ဘယ်လောက်တောင် ရင်ခုန်စရာ ကောင်းမလဲဆိုတာ စဉ်းစားမိတာနဲ့တင် ကြက်သီးထမိပါရဲ့။

ငါတို့ ဗမာပြည်ကြီး အခုဆို မျှော်လင့်ချက်ရောင်ချီသန်းလာပြီပေါ့။ အားလုံးမျှော်လင့်ထားတဲ့ အတိုင်းဖြစ်လာတော့မယ်လို့လည်း ယုံကြည်တယ်။ ဒို့တွေရဲ့ အရိုးသားဆုံး ဆုတောင်းတွေလည်း ပြည့်ဖို့ မျှော်လင့်ပါတယ်။ မျှော်လင့်ချက်တွေနဲ့ အသက်ရှင်နေရတယ်ဆိုတာ ဒို့ဗမာပြည်သူပြည်သားတွေပါ။ အခုဆို အဲဒီ့ မျှော်လင့်ချက်လေး ရောင်ချီသန်းလာပါပြီ။
မှတ်ချက်။ ။ ဒီတစ်ခေါက် စစ်အစိုးရက တော်တော်လေး သဘောကောင်းနေတယ်နော်။ ဒီဘက်မှာ ပျော်နေကြတာကို နောက်ဖက်ကနေ အပျော်တွေကို ဖျက်ဆီးမှာတော့ စိုးရိမ်မိပါတယ်။

Friday, November 5, 2010

အတုလား.......... အစစ်လား.....?????

အတုတဲ့ ဒီလောကကြီးမှာ အတုတွေများလိုက်တာ။ အရာရာတိုင်း အတုတွေ လွှမ်းမိုးနေတာ နဲ့တင် အတုတွေက အစစ်တွေလိုတောင်ဖြစ်နေပါပေါ့။ မိတ်ဆွေတု၊ မိတ်ဆွေစစ်၊ အချစ်တု၊ အချစ်စစ်၊ ရွှေတု၊ ရွှေစစ်…… အိုး…. အများကြီးမှ အများကြီး…..

ဟော အခုလဲလာပြန်ပြီ…. ရွေးကောက်ပွဲတဲ့ အစစ်လိုလို အတုလိုလိုနဲ့ လူတွေ အထိတ်တလန့်ဖြစ်အောင်တော့ ဖမ်းစားနိုင်ပါရဲ့။ ၂၀၁၀ ဝင်ကတည်းက လူတွေ(ဗမာလူမျိုးတွေ) အမျိုးမျိုး ပြောဆိုနေကြတဲ့ ဒီရွေးကောက်ပွဲ၊ မနက်ဖြန်ဆိုရင်ရောက်ပြီ။ စိုးရိမ်တကြီးကြောက်လန့် နေတဲ့ သူတွေကလည်း ကြောက်နေကြပြီ။ ခြိမ်းခြောက်တဲ့ သူတွေကလည်း ခြိမ်းခြောက်နေကြမှာပေါ့။ နေရာတည်မြဲအောင် လုပ်နေတဲ့ သူတွေလည်းရှိနေမှာပေါ့။ ဒါပေမယ့် သတိထားမိတာ တစ်ခုကတော့ ရွေးကောက်ပွဲလုပ်မယ် လို့ဆိုတိုင်းမုန်တိုင်းဝင်နေသလိုပဲနော်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲ တုန်းကလည်း နာဂစ်ဆိုတဲ့ မုန်တိုင်းကဝင် အခုလဲ လာပြန်ပြီ ဂီရိ တဲ့။ အင်း… လောကသဘာဝကြီးကတော့ အတုနဲ့ အစစ်ကို ခွဲခြားသိနေတယ်ထင်ပါ့။

နိုင်ငံရေးတွေ ဘာတွေကိုနားမလည်ပေမယ့် အတုဆိုရင်တော့ ဘယ်အရာကိုမှ လက်မခံနိုင်ပါဘူး။ ဘယ်လောက် အတုတွေက ကြီးစိုးနေလဲဆို စနေနဲ့ တနင်္ဂနွေမှာ မြန်မာပြည်ပြန်မယ့် လေကြောင်းလမ်းတွေ ပိတ်ထားပါတယ်တဲ့။ မလေးရှား တစ်ခုထဲကိုပြောတာပါ။ ကျန်တဲ့ လေကြောင်းလမ်းတွေတော့ မသိပါဘူး။ ဘာပဲဖြစ်ဖြစ် ဘယ်လိုပဲဖြစ်ဖြစ်၊ ဗမာလူမျိုး၊ ဗမာ ပြည်သူပြည်သားတွေကို လူလို့သတ်မှတ်ရင်ပဲ တော်လောက်ပါပြီ။ အခုဆို တခြားနိုင်ငံက လူတွေကလည်း လူလို့မထင်၊ ကိုယ့်နိုင်ငံကဟာတွေကလည်း လူလို့မထင်နဲ့ စားညပ်နေရတာက ဒီကကောင်တွေပါ။

အလွန်ရိုးသားတဲ့ ဗမာပြည်သူပြည်သားတွေကို မေးကြည့်လိုက်ပါ၊ အော်…. ဘာပဲဖြစ်ဖြစ်ပါ၊ မိသားစုတွေ ခြောင်ခြောင်လည်လည် စီးပွားရှာနိုင်ပြီး၊ ထမင်းနပ်မှန်အောင် စားနိုင်၊သောက်နိုင် ရင်တော်ပါပြီ လို့ပြန်ဖြေကြမှာပါ။ ဘာလို့ ဒီလိုရိုးသားတဲ့ ဒို့ဗမာလူမျိုးတွေကိုမှ အတုတွေက လာလွှမ်းမိုးနေရတာပါလိမ့်။ တစ်ခါတစ်လေ ပြန်စဉ်းစားမိတယ်၊ သူများလူမျိုးတွေနှိမ်တာကို ခံနိုင်ပေမယ့်၊ ကိုယ့်လူမျိုးခြင်း ဖိနှိပ်တာကိုတော့ တော်တော်လေးခံပြင်းပါတယ်။

ပတ်စ်ပို့ အနီရောင်လေးကိုင်လာတာကို မြင်ရင်ကိုပဲ အထင်သေးတဲ့ အကြည့်နဲ့ အကြည့်ခံရတာဘာကြောင့်လို့ထင်ပါသလဲ။ အတုတွေလွှမ်းမိုးသွားတာလေ။ အတုတွေကို အစစ်လို့ထင်ပြီး ရိုးသားတဲ့ အပြစ်မဲ့တဲ့ အစစ်တွေကြတော့ အတုထင်ပြီး အထင်သေးတဲ့ အကြည့်နဲ့ ကြည့်ကြတယ်။ အတုတွေကိုကြတော့ အထက်မှာထားနေရပြီး ခေါင်းဆောင်တင်ထားရတယ်။ လောကကြီးက မတရားတာလား၊ ကိုယ်တွေပဲ မှားနေသလားလို့တောင်ထင်နေရတယ်။ အိုး…. အသင်လောကကြီး အတုတွေနဲ့ ကင်းလွတ်ခွင့်ပေးပါ၊ အစစ်တွေကို ပြန်လည်ရှင်သန်ခွင့်ပေးပါလို့ တောင်အော်ဆုတောင်းလိုက် ချင်ပါရဲ့။ ဗမာပြည်သူပြည်သား တွေလည်း အစစ်နဲ့ အတုကို သေချာခွဲခြားပြီး သိနိုင်ပါစေ လို့လဲ ဆုတောင်းမိပါရဲ့။

Wednesday, October 27, 2010

လူ နဲ့ ပုဇွန်

ရီမိုး ရဲ့ မန်နင်ဂျာ အခန်းထဲမှာ ငါးကန်လေး တစ်ခုလုပ်ထားတယ်။ မန်နင်ဂျာက ငါးမွေးတာ ဝါသနာပါတယ်လေ။ မွေးတုန်းကတော့ ငါးလေးတွေမွေးတာပါပဲ။ ဒါပေမယ့် ငါးလေးတွေက ကျယ်ပျောတဲ့ နေရာမှာ မကူးရလို့လား၊ သူတို့ရဲ့ သဘာဝမလို့ပဲလားတော့ မသိဘူး၊ အသေမြန်တယ်လေ။ အဲဒါနဲ့ပဲ မန်နင်ဂျာက ဘာစိတ်ကူးပေါက်သွားလဲတော့မပြောတက်ဘူး၊
ငါးကနေ ပုဇွန်ပြောင်းမွေးတယ်။

သူမွေးတဲ့ ပုဇွန်လေးတွေက အပြာရောင်လေးတွေ အနီရောင်လေးတွေ နဲ့လှလှလေးတွေပေါ့လေ။ သူတို့နေရတာပျော်အောင်လဲ မန်နင်ဂျာ ခမျာ ငါးကန်ကိုအလှဆင်ရတာလဲ အမောပါပဲ။ အစာတွေလဲဝယ်ကျွေးနဲ့ သူ့မှာ အဲဒီ့အလုပ်က တစ်မျိုးပေါ့လေ။ သူက သူ့ရဲ့ ပုဇွန်တွေကို ဝယ်ကျွေးတဲ့ အစာကတော့ ငါးပိစိကွေး လေးတွေနဲ့ ပုဇွန်ပိစိကွေးလေးတွေပါပဲ။

အဲလိုအစာကျွေးတိုင်း တစ်ခါမှရီမိုး သေချာမကြည့်ဖူးပါဘူး။ ဒီနေ့မှ ကြုံတာနဲ့ သေချာထိုင်ကြည့်ဖြစ်ပါတယ်။ အစာကျွေးလိုက်ပြီဆိုတော့ ပုဇွန်တွေလည်း ပျော်သွားတယ်ထင်ပ၊ လှူပ်လှူပ်ရှားရှားနဲ့ကို အစာရှာထွက်ကြတော့တာပါပဲ။ အကောင်ကြီးတဲ့ ပုဇွန်တွေက အကောင်သေးတဲ့ ငါးလေးတွေ၊ပုဇွန်လေးတွေကို ပြန်စား၊ ပုဇွန်အကောင်သေး လေးတွေကလည်း ငါးအကောင်သေးလေးတွေကို ပြန်စားတယ်။ အဲဒီ့ အပြင်ကို သူများဖမ်းပြီးသား ငါးလေးတွေကို အကောင်ကြီးတဲ့ ကောင်တွေက ပြန်လုစားတာကလည်း ရှိသေး၊ ကိုယ်တို်င်ကိုယ်ကြ အစာရှာ မထွက်ချင်ပဲ ပျင်းတဲ့ ပုဇွန်ပျင်းတွေလည်းရှိသေးတယ်လေ။

အဲဒါလေးကိုကြည့်ပြီး စိတ်ထဲမှာ အော်… သူတို့တွေလည်း လူတွေလိုပါပဲလားလို့ တွေးမိတယ်။ လူတွေလည်း ကိုယ့်ထက်အင်အားငယ်တဲ့ သူတွေအပေါ် ဖိနှိပ်ချင်ကြတယ်၊ အနိုင်ကျင့်ချင်ကြတယ်။ သူတစ်ပါးပြုလုပ်ပြီးသား၊အောင်မြင်ပြီးသားအရာတွေကို အညွန့်ခူးစားပြီး နံမည်ကောင်း ဝင်ယူချင်ကြတယ်၊ အစစ အရာရာအရံသင့်လေးနဲ့ ခွန်အား၊တန်ခိုးသြဇာလေးပြပြီး အကုန်လိုချင်နေကြတယ်။

ဒီလိုပုံစံမျိုးတွေက လောကကြီးရှိနေသမျှကာလပတ်လုံး ပျောက်ကွယ်သွားမှာ မဟုတ်ဘူးထင်တယ်နော်။ ပုဇွန်လေးတွေ အစာရှာတာလေးကို ကြည့်ပြီး လူတွေနဲ့ ပုဇွန်တွေ အတူတူပါလားလို့ တွေးမိသလိုဖြစ်သွားတော့ စိတ်ထဲမကောင်းတောင်ဖြစ်မိတယ်။ အသိဥာဏ်မရှိတဲ့ ပုဇွန်လေးတွေက ဒီလိုလုပ်တယ်ဆိုရင်၊ အသိဥာဏ်အများကြီးဖွံ့ဖြိုးတဲ့ လူတွေကကော ဒီလိုမျိုးဘာကြောင့်လုပ်နေရတာလဲ။ အော်… ကိုယ်လည်း ပုဇွန်မဖြစ်အောင် အများကြီး သတိထားရမှာပါလားနော်…..

Friday, August 20, 2010

ကိုယ် ချစ်သောသူများ.....

”တီ..တီ…တီ…တီ”
အဆက်မပြတ်မြည်နေသော ဖုန်းသံကြောင့် ကျမ အိပ်ယာမှ နိုးသွားခဲ့သည်။ စိတ်ထဲမှာတော့ နည်းနည်းရူပ်သွားသည်။ ဒီအချိန်ကြီး ဘယ်သူ့ ဖုန်းလဲ၊ အိပ်ချင်မူးတူးနှင့် ကျမဖုန်းကို ကောက်ကိုင်ကြည့်မိပါတယ်။ ”သူ” အချိန်ကို ကြည့်မိတော့ မနက် ၄နာရီ၊ သူ ဒီအချိန်ကြီးတစ်ခါမှ ဖုန်းမခေါ်တက်၊ ဘာလို့ဖုန်းခေါ်တာပါလိမ့်၊ ကျမ စိုးရိမ်သွားသည်။

ချက်ချင်းဆိုသလို ကျမဖုန်းပြန်ခေါ်မည်အလုပ်၊ သူ့ရဲ့ မတ်ဆေ့ခ်ျ လေးဝင်လာသည်။ သူ့ အစ်မ၊ ယောက်ျားဆုံးသွားပါသည်တဲ့။ သူ့ အမေဖုန်းလှမ်းဆက်လို့ သူသိရသည်တဲ့။ မနက်စောစော ကြားလိုက်ရသည့်သတင်းမှာ မကောင်းပါ။ ကျမ စိတ်မကောင်းဖြစ်သွားရသည်။ သူ လည်းတော်တော် စိတ်မကောင်းဖြစ်နေပုံရသည်။ ထို့ကြောင့်သာ ကျမဆီသို့ ဒီလိုအချိန်ကို သူဖုန်းခေါ်ခြင်းသာဖြစ်သည်။ တော်ယုံ ဆိုသူဒီလို မခေါ် မနက်မိုးလင်းမှသာ သူမတ်ဆေ့ခ်ျလေးပို့ပြီး ပြောနေကျ၊ ထို့ကြောင့် စိတ်မကောင်းဖြစ်နေသော သူ့ကို ကျမ ဘယ်လိုစကားလုံးမျိုးရှာပြီး အားပေးရင် ကောင်းမလဲ လို့ အလျင်အမြန်စဉ်းစားနေလိုက်သည်။

ကျမ သူ့ကိုပြန်အိပ်ဖို့ ကြိုးစားခိုင်းသည်။ မနက်စောစော သူ့အိမ်သို့ ပြန်ဖို့နှင့် သူ့ အစ်မကို နှစ်သိမ့်ပေးဖို့ ကျမ အကြိမ်ကြိမ် သူ့ကိုမှာသည်။ သူ ကကျမကို တောင်းပန်သည်၊ ကျမ အိပ်နေသည်ကို သူနိုးမိတဲ့ အတွက်တဲ့။
ကျမ စိတ်ထဲတွင်တော့ ကျေနပ်သည်… သူ စိတ်ညစ်တဲ့ အချိန်မှာ ကျမကို သူတမ်းတတဲ့ အတွက်ပါ။ သူ့ရင်ထဲမှာ ကျမရှိနေသည်ကို ကျမ သိခွင့်ရခဲ့လို့ ကျမကျေနပ်သည်။ ဘာလို့လဲဆို ကျမ သူ့ကိုချစ်သည်လေ။

ကျမ သူ့ကို မေးမိသည်၊ သူ့ရဲ့ အစ်မ အသက်ကဘယ်လောက်ရှိပြီလဲပေါ့။ ၃၅ ဝန်းကျင်လောက်တဲ့….. ခလေး ၃ယောက်လည်း ကျန်ခဲ့သေးသည်။ ခလေးတွေလည်း တော်တော်ငယ်သေးသည်။ အသက်ငယ်ငယ်နဲ့ မုဆိုးမ ဆိုတဲ့ ဘဝကို ခံယူရပြီ။ ကျမ စဉ်းစားမိသည်၊ လူတွေဟာ ကိုယ်ဘယ်အချိန်မှာ ကိုယ်ချစ်တဲ့ သူတွေကို ဘယ်လိုပုံစံနဲ့ ခွဲခွာသွားကြမလဲဆိုတာ မသိနိုင်ကြပါဘူး။ အတူ ရှိနေတုန်းလေး တစ်ယောက်နဲ့ တစ်ယောက်ချစ်မြတ်နိုးနေဖို့ ကအဓိကကျတယ်ဆိုတာကို ကျမ နားလည်သဘောပေါက်ခဲ့ရတယ်။ သူ့အစ်မအပေါ်လည်း ဂရုဏာသက်မိတယ်။ သူ့ ကိုတော့ သူ့အစ်မနဲ့ ခလေးတွေကို အရင်ကထက်ပိုပြီးဂရုစိုက်ဖို့ ကျမ အတန်တန်မှာနေမိတယ်။

ကျမ ချစ်ရတဲ့ သူတွေနဲ့ ဒီလိုမျိုးခွဲခွာရမယ်ဆိုရင်ကော ကျမခံနိုင်ရည်ရှိပါ့မလား။ ဒီတလောအတွင်း ကျမ အများကြီးနားလည်သွားသလို၊ အများကြီးလည်း စဉ်းစားမိတယ်။ အမှန်အတိုင်း ပြောရရင် ကျမကြောက်တယ်၊ လောကကြီးမှာ လူတိုင်းကြုံတွေ့ရတဲ့ အရာတွေဆိုပေမယ့်၊ ကျမ ချစ်တဲ့ သူတွေကို ကျမဘာမှလုပ်မပေးလိုက်ရပဲ၊ လောကကြီးထဲက မထွက်သွားချင်။


ထို့ကြောင့် မိဘကိုလည်း သားသမီး ဝတ်တရား မပျတ်ကွက်အောင်စောင့်ရှောက်မယ်၊ သူ့ အပေါ်အမြဲ စိတ်ဆိုးစိတ်ကောက်လုပ်ခဲ့ သောကျမ၏စိတ်ကို ကျမ အမြန်ဆုံးပြင်ပြီး၊ သူ့ကိုအရင်ကထက်ပိုပြီးချစ်မယ်၊ သူ့အပေါ်ကိုလည်းအရင်ကထက် ပိုကောင်းအောင်နေမယ်၊ ကျမ ရဲ့ ပတ်ဝန်းကျင်ကိုလည်း အရင်ကထက် ပိုကောင်းအောင်ကြိုးစားမယ်… လို့ ကျမ ဆုံးဖြတ်မိတယ်။

သူကလည်း ဒီအဖြစ်အပျက်လေးဖြစ်ပြီးတော့ ကျမလိုမျိုးများတွေးမိသလားတော့ မပြောတက် သူ အရင်ကထက်ပိုနူးညံ့လာသည်။ ကျမကိုလည်း အရင်ကထက်ပိုဂရုစိုက်လာသည်။ သူ့ရဲ့ မိသားစုအပေါ်တွင်လည်း ပိုဂရုစိုက် လာသည်ဟု ကျမ ယူဆသည်။ ဘာပဲဖြစ်ဖြစ် အဆိုးတစ်ခုထဲကနေ ကျမတို့နှစ်ယောက်အတွက် ရလာတဲ့ အကျိုးကျေးဇူးလေးတွေပါ။


သူ့အစ်မအခု ခံစားရသောဝေဒနာအတိုင်း ကျမထပ်တူထပ်မျှ ခံစားရသဖြင့် ဒီ ပို့စ် လေးကို ရေးဖြစ်ပါသည်။
အားလုံးလဲ ကိုယ် ချစ်သောသူများ အပေါ် ယခင်ကထက် ပိုပြီးချစ်နိုင်ကြပါစေ........

(၁၅ / ၀၈ / ၂၀၁၀)

ခိုလူံခွင့်

အမေ့ ရဲ့ရင်ခွင်မှာ ခိုလူံချင်တယ်
နွေးထွေးတဲ့ အိမ်လေးမှာ ခိုလူံချင်တယ်
ချစ်သူရဲ့ ရင်ခွင်မှာ ခိုလူံချင်တယ်
ချစ်သူငယ်ချင်းတွေနဲ့လည်း ပျော်ချင်တယ်
ငြိမ်းချမ်း လွတ်လပ်တဲ့ နိုင်ငံမှာ ခိုလူံချင်တယ်
ငိုရိုက်ရတဲ့ ညတွေပျောက်ပြီး နူးညံ့အေးမြတဲ့
အရိပ်စစ် တစ်ခုမှာ ခိုလူံချင်တယ်
အို.... ဘုရားသခင်
အေးစက်ပြီး ငြီးငွေ့စရာကောင်းသော ညတွေပျောက်ပြီး
ခိုလူံချင်သော နေရာများတွင်
အမြန်ခိုလူံခွင့်ပေးပါ.......

Saturday, July 3, 2010

သိစေချင်ပါသည်။

ဒီပို့စ်လေးက ရီမိုးရဲ့ မေးလ်ထဲကို သူငယ်ချင်းတစ်ယောက်ပို့ထားတဲ့စာလေးပါ။ ဗမာလူမျိုး ဗုဒ္ဓဘာသာဝင်အပေါင်းတို့ အမှန်တကယ်ကို သိသင့်တဲ့ တရားတော်တွေပါ။ အသက်အရွယ်မရွေးသိသင့်တဲ့အတွက် ရီမိုးလည်း ကိုယ့်ဘလောက်မိသားစုတွေကို ဝေမျှချင်တဲ့ စိတ်လေးဖြစ်မိလို့ပြန်ပြီးဖော်ပြပေးပါတယ်။ သူတစ်ပါး ပို့စ်ကို ခိုးယူဖော်ပြခြင်းမဟုတ်ပါ။ သိစေချင်သောစိတ်၊ သူငယ်ချင်းအပေါင်းအား
ဖတ်စေချင်သော စေတနာဖြင့်သာ ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။ ရီမိုး၏ စာမျက်နှာသို့ အလည်ရောက်သော မရောက်သော သူငယ်ချင်းအားလုံး အစစအရာရာ အစဉ်ပြေ ချောမွေ့သော ဘဝလမ်းကို စိတ်ချမ်းသာ ကိုယ်ချမ်းသာဖြင့် လျှောက်လှမ်း နိုင်ကြပါစေ......



Living together နှင့် ကာမေသုမိစ္ဆာစာရ ။ အရှင် ၀ိစိတ္တ (မနာပဒါယီ)



Living together ဆိုတဲ့ စကားကို “လက်မထပ်ဘဲ အတူနေခြင်း”လို့ အဓိပ္ပါယ် နားလည် နိုင်ပါတယ်။ ဒီအလေ့ အကျင့်ဟာ အနောက်တိုင်းမှ ဆင်းသက်လာတဲ့ အလေ့အကျင့် လို့လည်း ပြောနိုင်ပါတယ်။ သူတို့ အဆိုအရ လူတစ်ယောက်နဲ့ တစ်ယောက် အိမ်ထောင်ဘက် အဖြစ် တစ်ဘ၀လုံး အတူ လက်တွဲ သွားရမယ့် အရေးမှာ တစ်ယောက် အကြောင်း တစ်ယောက် မသိဘဲ ဘုမသိ ဘမသိ အိမ်ထောင်ပြုပြီး ထာဝရ နေထိုင်သွားတာထက် စာရင် တရားဝင် လက်မထပ်ခင် နှစ်ဦး သဘောတူ အတူ နေထိုင်ပြီးမှ တရားဝင် လက်ထပ်တာက အိမ်ထောင်ရေးမှာ ပြဿနာ အဖြစ်နည်းပြီး ရေရှည် မှာလည်း သာယာတဲ့ အိမ်ထောင်ရေး ဖြစ်နိုင်တဲ့ အတွက် လက်မထပ်ခင် အတူနေတဲ့ living together ပုံစံကို ကျင့်သုံးခြင်း ဖြစ်ကြောင်း သိရပါတယ်။ ဒါကြောင့်လည်း အနောက်တိုင်းက လူအတော် များများဟာ ဒီစနစ်ကို ကျင့်သုံး နေကြပြီး တစ်ချို့ဆို သားသမီး တစ်ယောက် နှစ်ယောက်ရမှ လက်ထပ်တာတောင် ရှိပါသေးတယ်။

အနောက်တိုင်းသား တွေရဲ့ အဆိုအရ အောင်မြင်တယ်လို့ ထင်ရတဲ့ ဒီစနစ်ဟာ အနောက်တိုင်း ကနေပြီး အရှေ့တိုင်းအထိ ပြန့်နှံ့ လာနေပါတယ်။ ဥရောပတိုက်၊ အမေရိကတိုက် မှသည် အာရှတိုက်၊ အဲဒီကမှ တစ်ဆင့် အခုတော့ အရှေ့တောင် အာရှ နိုင်ငံများကိုပါ ပြန့်နှံ့ လာတော့တာ ဖြစ်ပါတယ်။ သူတို့စနစ် ဘယ်လောက်ပဲ ကောင်းနေပေမယ့် ဒီစနစ်ဟာ အာရှတိုက် ယဉ်ကျေးမှု. နဲ့တော့ ဆန့်ကျင်နေပါတယ်။ အထူးသဖြင့် ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့ နိုင်ငံတွေ အနေနဲ့ ကတော့ ဒါဟာ အမတန် ပြောင်းပြန် ဖြစ်နေတဲ့ စနစ်ဖြစ်နေ ပါတယ်။ လက်မထပ်ဘဲ အတူနေတဲ့ စနစ်နဲ့ ဗုဒ္ဓဘာသာမှာ လာတဲ့ ကာမေသု မိစ္ဆာစာရနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင် နေပါတော့တယ်။

ဗုဒ္ဓဘာသာဝင်များ နေ့စဉ် ခါးဝတ်ပုဆိုးလို မြဲမြံ နေရမယ့် ငါးပါးသီလ ထဲမှာ ကာမေသု မိစ္ဆာစာရ သိက္ခာပုဒ်လည်း တစ်ခု အပါအ၀င် ဖြစ်ပါတယ်။ ကာမဂုဏ် များမှာ ဖော်လွဲ ဖောက်ပြန် ပြုကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်းလို့ အဓိပ္ပါယ် ရပါတယ်။ ဒီသိက္ခာပုဒ်ဟာ တစ်လင် တစ်မယား စနစ်ကို အကောင်အထည် ဖော်ပေးထားတာ ဖြစ်ပါတယ်။ ကာမဂုဏ် မှီဝဲတာကို ရှောင်နိုင်ရင် ကောင်းပေမယ့် မရှောင် နိုင်ရင်တော့ ကိုယ့်အိမ်သူ သက်ထား၊ ကိုယ့်လင်ယောက်ျား နဲ့ပဲ မှီဝဲ နေထိုင် နိုင်ကြောင်း ခွင့်ပြု ထားခြင်း ဖြစ်ပါတယ်။ အိမ်ထောင်သည် မှန်သမျှ ကာမဂုဏ် ကိစ္စမှာ ကိုယ့်လင်ယောကျာ်း၊ ကိုယ့်ဇနီးမယားက လွဲပြီး ကျန်တဲ့ ဘယ်သူ့ အပေါ်မှာကိုမှ ဘယ်လို အကြောင်း ပြချက်နဲ့ပဲ ဖြစ်ဖြစ် မဖောက်ပြန် ရဘူးလို့ တားမြစ်ထားခြင်း ဖြစ်ပါတယ်။

ဒီကာမေသု မိစ္ဆာစာရ သိက္ခာပုဒ်ဟာ အိမ်ထောင်သည် များကို ရည်ညွန်းပါတယ်။ အထူးသဖြင့် အိမ်ထောင်သည် အမျိုးသား/ ယောက်ျားများ အတွက် ပိုပြီး တားမြစ် ခြင်း ဖြစ်ပါတယ်။ အမျိုးသား/ ယောက်ျားများ အတွက် ကာမေသုနဲ့ ပတ်သက်ပြီး မသွားလာအပ်တဲ့ မိန်းမ (၂၀)ရှိကြောင်း ပါရာဇိကဏ် အဋ္ဌကထာမှာ ဖွင့်ပြထားပါတယ်။ အဲဒီ ၂၀က

(၁) အမိ စောင့်ရှောက်တဲ့ မိန်းမ၊
(၂) အဘ စောင့်ရှောက်တဲ့ မိန်းမ၊
(၃) အမိ အဘ စောင့်ရှောက်တဲ့ မိန်းမ၊
(၄) မောင်ကြီး မောင်ငယ် စောင့်ရှောက်တဲ့ မိန်းမ၊
(၅) အစ်မ ညီမ စောင့်ရှောက်တဲ့ မိန်းမ၊
(၆) ဆွေမျိုး စောင့်ရှောက်တဲ့ မိန်းမ၊
(၇) အနွယ်တူ စောင့် ရှောက်တဲ့ မိန်းမ၊
(၈) တရား ကျင့်သုံးဖက် စောင့်ရှောက်တဲ့ မိန်းမ။

ဒီ မိန်းမ ရှစ်မျိုးက ကာမပိုင်မရှိတဲ့ အပျိုစင် မိန်းမများ ဖြစ်ကြပြီး

(၉) စေ့စပ် ကြောင်းလမ်းပြီး မိန်းမ၊
(၁၀) လက်မထပ်ရန် မင်းအမိန့်အာဏာဖြင့် တားမြစ်ထားတဲ့ မိန်းမ၊
(၁၁) ဥစ္စာဖြင့် ၀ယ်ထားတဲ့ မိန်းမ၊
(၁၂) ယောင်္ကျား တစ်ဦးဦးနဲ့ အလိုတူ၍ အတူနေတဲ့ မိန်းမ၊
(၁၃) စည်းစိမ် ပေးပြီး မယား ပြုလုပ်ထားတဲ့ မိန်းမ၊
(၁၄) အ၀တ် ပုဆိုးပေးပြီး မယားပြု ထားတဲ့ မိန်းမ၊
(၁၅) ရွှေခွက်မှာ လက်စုံချပြီး ယောင်္ကျားနဲ့ ထိမ်းမြား လက်ထပ်ထားတဲ့ မိန်းမ၊
(၁၆) ခေါင်းရွက် လုပ်ကိုင် စားသောက်ရတဲ့ မိန်းမကို ခေါင်းမရွက်စေဘဲ သိမ်းယူထားတဲ့ မိန်းမ၊
(၁၇) ကျွန်လည်းဖြစ် မယားလည်းဖြစ်တဲ့ မိန်းမ၊
(၁၈) အမှုလုပ်လည်းဖြစ် မယားလည်းဖြစ်တဲ့ မိန်းမ၊
(၁၉) စစ်မြေမှ ဆောင်ခဲ့တဲ့ သုံ့ပန်းမိန်းမ၊
(၂၀) တစ်ဦးဦးရဲ့ ခေတ္တမယား ဖြစ်နေတဲ့ မိန်းမ

ဒီမိန်းမ(၁၂)ဦးကတော့ ကာမပိုင် ယောင်္ကျားရှိတဲ့ မိန်းမ များဖြစ်ပါတယ်။

ကာမပိုင် မရှိတဲ့ ပထမ မိန်းမ ရှစ်ယောက် ကတော့ တစ်ခြား ယောင်္ကျားနဲ့ ဆက်ဆံမှု ပြုပေမယ့် သူ့ကာမကို သူသာ ပိုင်တဲ့အတွက် ကာမေသု မိစ္ဆာ မထိုက်ပါဘူး။ ဒါပေမဲ့ ယောင်္ကျားမှာတော့ ( မသွားလာ ထိုက်သော မိန်းမ) အဂမနီယ ဖြစ်တဲ့ မိန်းမကို ကျူးလွန်တဲ့ အတွက် ကာမေသု မိစ္ဆာရ ထိုက်ပါတယ်။

ကာမပိုင်ရှိတဲ့ မိန်းမ(၁၂)ယောက်က ကာမပိုင်မှ တစ်ပါး တစ်ခြား ယောင်္ကျားနဲ့ ကျူးလွန်မိရင် ကာမေသု ထိုက်သလို ကျူးလွန်တဲ့ ယောင်္ကျားမှာလည်း ထိုက်ပါတယ်။ ဒါပေမယ့် ဒီလို သွားလာရာမှာ ကာမေသု မိစ္ဆာစာရ ထိုက်တဲ့အင်္ဂါရပ် တွေနဲ့ပြည့်စုံမှ ထိုက်တယ် ဆိုတာကိုတော့ သတိပြုနိုင်ပါတယ်။

အဲဒီအင်္ဂါရပ်တွေက
(၁) မသွားလာ ထိုက်သော မိန်းမ ( အဂမနီယ) မိန်းမဖြစ်ခြင်း။
(၂) မှီဝဲ ပေါင်းသင်း ဆက်ဆံ လိုသည့် စိတ်ရှိခြင်း။
(၃) မှီဝဲမူ. ကို လုံလ ပြုခြင်း။
(၄) မဂ်အချင်းချင်း ထည့်သွင်းးတာကို သာယာခြင်း (မှီဝဲ ပေါင်းသင်း ဆက်ဆံရာ၌ သာယာခြင်း) တို့ပဲ ဖြစ်ပါတယ်။

ဒီအင်္ဂါလေးချက်နဲ့ ညီရင် ကာမေသု မိစ္ဆာစာရ ထိုက်ပြီး၊ လေးပါး အနက်က တစ်ပါးပါး ချွတ်ယွင်းနေတယ် ဆိုရင်တော့ မထိုက်ပါဘူး။ ဒါက စာပေမှာ လာတဲ့ ကာမေသု မိစ္ဆာစာရနဲ့ ပတ်သက်တဲ့ ဖွင့်ဆိုချက်တွေပဲ ဖြစ်ပါတယ်။

ဒီအဖွင့်တွေအရ ပြည်ပကိုရောက်ပြီး အကြောင်း အမျိုးမျိုးကြောင့် တစ်ယောက်နဲ့ တစ်ယောက် အဆင်ပြေစေဖို့ living together သဘောနဲ့ နေနေကြသူများ အထူး သတိပြုသင့်တဲ့ အချက်တွေ ရှိပါတယ်။ ယောက်ျားလေး တွေရော မိန်ကလေး တွေရော အတူတူ နေကြရာမှာ အထက်ပါ ကာမေသုနဲ့ ပတ်သက်တဲ့ ဖွင့်ဆိုချက်တွေကို သတိပြုကြဖို့ လိုပါတယ်။ တစ်ချို့ အိမ်ထောင်ကျပြီး တရားဝင် ကာမပိုင်ရှိတဲ့ ယောက်ျားများ၊ မိန်းမများဟာ ပြည်ပရောက်ပြီး မသိမသာ အတူတူ နေနေကြ တာတွေ ရှိနိုင်ပါတယ်။ တစ်ခါတစ်လေ ယောက်ျားက တရားဝင် အိမ်ထောင်ပြုပြီး ကာမပိုင် ရှိသလို၊ တစ်ခါတစ်လေ မိန်းကလေးကလည်း တရားဝင် အိမ်ထောင်ကျပြီး ကာမပိုင် ရှိနေတာတွေ ရှိတတ်ပါတယ်။ ဘာပဲ ဖြစ်ဖြစ် ကိုယ့်ကိုယ်ကို အသိဆုံး ဖြစ်တဲ့အတွက် ကိုယ့်ရဲ့ living together ဟာ ကာမေသု မိစ္ဆာစာရ လွတ်မလွတ် အထူးဆင်ခြင် သင့်ပါတယ်။

ပြီးတော့ ဒီနေ့ခေတ်မှာ အကြောင်း အမျိုးမျိုးကြောင့် အမိမြန်မာပြည် ကနေ အပြင် ရောက်နေတဲ့သူ အတော်များများဟာ ပြည်ပကို ရောက်သွားတာနဲ့ တစ်ပြိုင်တည်း အကုန်လုံး လွတ်လွတ် လပ်လပ်ကို နေပစ် လိုက်တာတွေ တွေ့မြင်ကြား သိနေရ ပါတယ်။ တစ်ချို့က ပြည်ပမှာ ရပ်တည်ရေး အဆင်မပြေတာ၊ အဆင်ပြေ ပေမယ့်လည်း ကိုယ်ကျင့် သီလပိုင်းကို ဂရုမစိုက် လိုတာ၊ အနောက်တိုင်း စနစ်ကို အတုယူ အားကျနေတာ စတာ တွေကြောင့် ကာမပိုင် ရှိသူတွေရော၊ မရှိသူတွေပါ၊ မိဘ ညီအစ်ကို မောင်နှမ စတဲ့ အုပ်ထိန်းသူ ရှိသူတွေရော မရှိသူတွေပါ living together အဖြစ်နဲ့ နေနေကြတာ ကြားသိရ ပြန်ပါတယ်။ ဒီလို အတူ နေတာတွေဟာ ကာမေသု မိစ္ဆာစာရ အင်္ဂါတွေနဲ့ ငြိမငြိ၊ ကာမေသုကံ မြောက်မမြောက် သတိပြု ဆင်ခြင်ကြဖို့ လိုပါတယ်။

တကယ်တော့ ကာမဂုဏ်ကိစ္စကို အလေးပေးလေ့ မရှိတဲ့ ဗုဒ္ဓဘာသာ သဘောအရ ဘယ်လိုအ ကြောင်းမျိုးနဲ့ပဲ ဖြစ်ဖြစ် လက်မထပ်ဘဲ အတူနေတဲ့ အလေ့ဟာ ကာမေသု မိစ္ဆာစာရကံ ထိုက်စေဖို့ အကြောင်း အတော်များတယ် ဆိုတာ သတိပြုဖို့ လိုပါတယ်။ ဖြစ်ဖို့လည်း လွယ်ကူပါတယ်။ အထူးသဖြင့် အိမ်ထောင်ကျပြီး သူများ အထူးသတိ ပြုသင့်ပါတယ်။ ယောက်ျားသားများ အနေနဲ့ အိမ်ထောင်ကျပြီး ကိုယ့်ဇနီးနဲ့ အတူ ကာမဂုဏ် မှီဝဲမှုဟာ ကာမေသု မိစ္ဆာစာရ ကံမဖြစ်ပေမယ့် တစ်ခြား အမျိုးသမီး တစ်ဦးဦးနဲ့ သွားလာ ပျော်ပါးမယ်ဆိုရင် အိမ်ထောင်ရေး ဖောက်ပြန်မှု ဖြစ်တဲ့အပြင် ကာမေသု မိစ္ဆာစာရကံလည်း ဖြစ်ပါတယ်။ တရားဝင် သဘောအရ ကိုယ်လုပ် ကျွေးနိုင်လို့ ဇနီးအများကြီး ယူထားတယ် ဆိုရင်တော့ ဒါဟာ ကံမမြောက်ပြန်ပါဘူး။ ကျန်တဲ့ သဘောတွေနဲ့ဆို ဘယ်လိုမှ ကာမေသုကံ မလွတ်နိုင်တဲ့ သဘောရှိပါတယ်။ အမျိုးသမီး များလည်း ဒီအတိုင်းပါပဲ။ ကိုယ့် လင်ယောက်ျား ကလွဲပြီး ကျန်တဲ့ ယောက်ျား တစ်ယောက်ယောက်နဲ့ ကာမ ဂုဏ်ဖောက်ပြန်တာ ကာမေသု မိစ္ဆာစာရကံ ဖြစ်စေပါတယ်။ ဒါကြောင့် ယနေ့ ခေတ်စားနေတဲ့ living together စနစ်ဟာ ဗုဒ္ဓဘာသာ ရှုထောင့်အရ ကာမေသု မိစ္ဆာစာရကံ ဖြစ်ဖို့ လွယ်တယ်လို့ ဆိုခြင်း ဖြစ်ပါတယ်။

ဆိုလိုတာက လက်မထပ်ဘဲ အတူနေကြ တာတွေဟာ အနောက် တိုင်းသားများရဲ့ သဘောအရ ရေရှည် အိမ်ထောင်ရေး အဆင်ပြေရေး အတွက် အထောက်အကူ ဖြစ်စေတယ်လို့ ဆိုပေမယ့် ဗုဒ္ဓဘာသာ သဘောအရ ဒါဟာ အကုသိုလ် အပြစ်ဖြစ်တဲ့ ကာမေသု မိစ္ဆာ စာရကံ ဖြစ်စရာ အကြောင်း ဖြစ်နိုင်တယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။ တကယ်တော့ လက်မထပ်ခင် ဘယ်လောက်ပဲ အတူတူနေပြီး အိမ်ထောင်ရေး အဆင်ပြေအောင် ကြိုးစားကြပေမယ့် တကယ်တမ်း လက်ထပ်တဲ့ အခါကျတော့လည်း အိမ်ထောင်ရေး အဆင် မပြေတာတွေက အများကြီးပါပဲ။ အဓိကကတော့ တစ်ဦး တစ်ယောက် ချင်းရဲ့ ကိုယ့်ကျင့်တရား ကောင်းမွန် ထိမ်းသိမ်းရေးက အဓိက ကျပါတယ်။ ခုမှတွေ့ကြပေမယ့်လည်း တော်တဲ့သူက တော်နေမှာဖြစ်ပြီး ကိုယ့်ကျင့်တရား ကောင်းသူက ကောင်းနေမှာ ဖြစ်ပါတယ်။ သူတော်ကောင်းဟာ သူတော်ကောင်း ပါပဲ။

ဒါကြောင့် လွတ်လပ်မှုနဲ့ အတူ အသိပညာ၊ အတွေ့အကြုံ နည်းပါးကာ ဘာသာတရား အဆုံးအမများ အပေါ် အလေးထားလေ့ မရှိကြတဲ့ ပြည်ပရောက် တစ်ချို.သော မြန်မာများ အနေနဲ့ သူများယောင်လို့ ယောင်၊ အမှောင်တောင်မှန်း မြောက်မှန်းမသိ မဖြစ်ရ လေအောင် သူများ living together ဆိုပြီး ကိုယ်ကပါ လိုက်ပြီး living together မလုပ်မိကြဖို့၊ ခဏတာ အပျော်၊ ခဏတာ အဆင်ပြေမှု. တွေနဲ့ ဘ၀သံသရာ ဒုက္ခ ဖြစ်စေမယ့် မကောင်းတဲ့ အလုပ်တွေမှာ လိုက်ပြီး မလုပ်မိကြဖို့ အထူး လိုအပ်တယ် ဆိုတာ သတိပြုကြရင်း living togetherနဲ့ ကာမေသု မိစ္ဆာစာရကို သေချာစဉ်းစား ဆင်ခြင်ကာ အတူနေရာမှ ကာမေသုအဖြစ် မရောက်မိ ကြစေဖို့ စေတနာ စကားနဲ့ အသိပေး ပြောကြား လိုက်ရပါကြောင်း…


စာရေးသူ = အရှင်ဝိစိတ္တ (မနာပဒါယီ) ။ အချိန် 1:07 PM
စုစည်းထားမှု = တွေးမိသမျှ




အကုသိုလ် ဖြစ်သွားသော အချစ် ။(ရဝေနွယ်- အင်းမ)



အချစ်ဟာ မဂ်ဖိုလ် နိဗ္ဗာန်ကို ကျေးဇူးပြုသလို ဆိုးကြိုး ဆိုးပစ် အတွက်လည်း ကျေးဇူး ပြုတတ်ပြန်ပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ အချစ်ကြောင့် အကုသိုလ် ပြုဖြစ်သွားလို့ပါ။ ဒါကိုလည်း ပဋ္ဌာန်းကပဲ ပြထားပါတယ်။
အကုသလောဓမ္မော အကုသလဿ ဓမ္မဿ ဥပနိဿယ ပစ္စယေန ပစ္စယော။

အကုသိုလ်က အကုသိုလ် ကို ပြန်ကျေးဇူး ပြုပါတယ်တဲ့။ ဘယ်လိုပြုတာလဲ ဆိုတော့

အချစ်ဆိုတဲ့ ရာဂကို အမှီပြုပြီး အချစ်အတွက် သူတစ်ပါး အသက်ကို သတ်မယ်။ သူတစ်ပါး ဥစ္စာကိုခိုးမယ်။ လိမ်ပြောမယ်။ ကုန်းတိုက်စကား ကိုပြောမယ်၊ ကြမ်းတမ်းတဲ့ စကားကို ပြောမယ် စသည်တွေ ပြုမိမယ်။ ပြောမိမယ် ဆိုရင် အချစ်ကနေ ကုသိုလ် မဖြစ်ပဲ အကုသိုလ် ဖြစ်သွားတာပါ။

ပေါ်လွင်အောင် နည်းနည်းချဲ့ ပြောရင် ကိုယ့်ရဲ့ ဇနီး မယား စားဖို့ သောက်ဖို့ ၀တ်ဖို့ နေဖို့ ထိုင်ဖို့ စီးဖို့ အတွက် သူတစ်ပါး အသက် သတ်မယ်။ မသမာတဲ့ နည်းနဲ့ စီးပွားရှာမယ်၊ လာဘ်စားမယ်၊ အောက်စိုက်ရှာမယ်၊ လိမ်ပြောမယ် ဆိုရင်၊ အချစ်ကြောင့် အကုသိုလ် ဖြစ် သွားတာပါ။ ဋ္ဌာန ဆိုင်ရာတွေမှာ ငွေအလွဲ သုံးစားလုပ်လို. ထောင်ကျ သွားတာတွေ၊ အလုပ်ပြုတ် သွားတာတွေ ကြားရ သိရဖူးမှာပါ။
လာဘ်စားတယ်၊ အောက်စိုက်ရှာတယ်၊ ငွေအလွဲ သုံးစားလုပ်တယ် ဆိုတာတွေဟာ တကယ်တော့ ကိုယ်တစ်ဦး တစ်ယောက်တည်း စားဖို့ သောက်ဖို့ ဘယ်သူမှ မလုပ်ကြပါဘူး။ ကိုယ့်ချစ်သူ ဇနီးမယားအတွက် လုပ်ဖြစ်သွားတာ များပါတယ်။ တကယ် သေချာ စဉ်းစားကြည့် ရင် အကုသိုလ် ပြုရတော့ ကိုယ်တစ်ယောက်တည်း ခံစားတော့ ကိုယ်ချစ်ရတဲ့ သူတွေ လောကအပြစ် သံသရာအပြစ် ခံရတော့ ကိုယ်တစ်ယောက်ထဲ ၊ကိုယ့်ဘက်က အရူံးချည်းပါပဲ။ ဒါပေမယ့် အချစ်ဆိုတဲ့ ရာဂက ပူးဝင်ထားတာ ဆိုတော့ ကုသိုလ် အကုသိုလ် ကို ခွဲမသိနိုင် တော့ပါဘူး။ ချစ်ချစ် အတွက်ဆို ဘာပဲလုပ်ရ လုပ်ရ၊ သူတစ်ပါး အသက်ပဲ သတ်ရသတ်ရ၊ သူတစ်ပါး ဥစ္စာပဲ ခိုးရ ခိုးရ လုပ်တော့မှာပါ။ အဓိက ကတော့ အချစ်အတွက် အပြစ်တွေ လုပ်ဖြစ်သွားကြတာပါ။

အချစ်မှာ အသိဥဏ် ရှိတဲ့ အချစ်ရယ်၊ အသိဥဏ် မရှိတဲ့ အချစ်ရယ် ဆိုပြီး နှစ်မျိုးရှိပါတယ်။ အသိဥဏ် ရှိတဲ့ အချစ်တွေနဲ့ ချစ်ကြတဲ့ သူတွေ ကတော့ မိန်းမက ယောကျာ်းကို ကုသိုလ် ပြုဖို့ တိုက်တွန်းပါတယ်။ ယောကျာ်းကလည်း မိန်းမကို ကုသိုလ်ပြုဖို. ပြန်တိုက်တွန်း ပါတယ်။ ယောကျာ်း ဖြစ်သူက တစ်ခါတစ်လေ မသမာတဲ့ နည်းနဲ့ စီးပွား ရှာချင်ဦးတော့ မိန်းမဖြစ်သူက အကျိုးသင့် အကြောင်းသင့် ပြောပြပြီး တားမြစ်ပါတယ်။ ပြီးတော့ ဇနီးမောင်နှံ နှစ်ယောက် ကုသိုလ်တွေကို စိတ်တူကိုယ်တူ ပြူပြီး ဘ၀ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်း နေကြပါတယ်။ အသိဥဏ် ရှိတဲ့ အချစ်နဲ့ ချစ်ကြတဲ့ အတွက် သူတို.ဘ၀ဟာ သိပ်ပြီး ငြိမ်းချမ်း နေပါတယ်။ ဘ၀ရဲ့ အဓိကတွေထဲမှာ ငြိမ်း ချမ်းဖို.ကလည်း အစိတ်အပိုင်း တစ်ခုအနေနဲ့ ပါပါတယ်။ ငြိမ်းချမ်းနေရင် ဘ၀က နေပျော်ပါတယ်။

အသိဥဏ်မဲ့ တဲ့ အချစ်နဲ့ ချစ်ကြတဲ့ သူတွေကတော့ မိန်းမက ယောက်ျား ဖြစ်သူကို အကုသိုလ်ပြုဖို့ တိုက်တွန်းပါတယ်။ ယောကျာ်း ဖြစ်သူကလည်း ဘာမှစဉ်းစား မနေတော့ဘဲ အကုသိုလ်ကို ပြုတတ်ပါတယ်။ ကိုယ်ပြုမူ နေတာတွေကိုလည်း အကုသိုလ် ရယ်လို့ မသိပါ ဘူး။ ဒီအတွက် သူ့တို.ဘ၀မှာ မငြိမ်းချမ်းမူ့က ကပ်ကပ် နေတတ်ပါတယ်။

အချစ်ကြောင့် အကုသိုလ် ပြုကြတဲ့ နေရာမှာ ပညာတတ်တာ မတတ်တာနဲ့လည်း မဆိုင်ပါဘူး။ အသက်ကြီးတာ ငယ်တာနဲ့လည်း မဆိုင် ပါဘူး။ ရာထူးဋ္ဌာနန္တရ ကြီးတာ မကြီးတာနဲ့လည်း မဆိုင်ပါဘူး။ အသိဥဏ် ရှိတာ၊ မရှိတာနဲ့ ပဲဆိုင်ပါတယ်။ အသိဥဏ်ရှိတဲ့ သူဟာ ဘယ်တော့မှ အချစ်အတွက် အကုသိုလ် မပြုပါဘူး။ ဘာဖြစ်လို့ လဲဆို အကုသိုလ်ရဲ့ အကျိုးအပြစ်ကို သိနေလို.ပါ။

ချစ်တာချင်း တူပေမဲ့ အသိဥဏ် ကွာသွားတော့ အပြုအမူ ပိုင်းလည်း ကွာသွားတော့တာပါ။ အပြုအမူ ပိုင်းရဲ့ နောက်ကွယ်မှာ ကောင်းကျိုး ဆိုးကျိုး အကျိုးဆက်တွေက ရှိနေတာဆိုတော့ ကိုယ့် အပြု အမူကို အထူး သတိထားရမှာပါ။ ဘ၀မှာ အသိဥဏ်ရှိတဲ့ အချစ်တွေနဲ့ ချစ်ဖြစ်ဖို့ သိပ်အရေးကြီး ပါတယ်။ သံသရာ အဆက်ဆက် ချစ်ရမဲ့ ဘ၀တွေက အများကြီး ရှိချင်ရှိ နေဦးမှာပါ။ အထုံဆိုတာ ပါတတ်တာ ဆိုတော့ ဒီဘ၀ အသိဥဏ် ရှိတဲ့ အချစ်နဲ့ ချစ်ဖြစ်ရင် အဲဒီ အသိဥဏ်ရှိတဲ့ အချစ်နဲ့ ချစ်တဲ့ အချစ်က နောက်ဘ၀ နောက်ဘ၀တွေထိ လိုက်သွားတတ်ပါတယ်။ နောက်ဘ၀တွေထိ လိုက်တတ်တဲ့ အထုံလေးကိုလည်း ကိုယ်က အာရုံပြုထားရပါမယ်။

ဘာပဲပြောပြော အသိဥဏ် မဲ့တဲ့ အချစ်နဲ့ မချစ်မိဖို့နဲ့ အချစ်အတွက် အကုသိုလ်တွေ မပြုလိုက်မိဖို့ ပါပဲလေ။

ဆရာတော် အရှင်ရာဇိန္ဒ (ရဝေနွယ်- အင်းမ)

အလင်းတန်းဂျာနယ် ၁၁.၉.၂၀၀၆
အချစ်နှင့် ၀ိပဿနာ စာအုပ်မှ ထုတ်နုတ် ပူဇော် ဓမ္မဒါန ပြုပါသည်။

Saturday, May 8, 2010

အမေ...........

အမေ… တိုးတိုးလေးခေါ်ညည်းမိတယ်။ အခုအချိန်ဆို အမေဘာလုပ်နေမလဲလို့ တွေးမိပါရဲ့။ နေရောကောင်းရဲ့လား။ အနေဝေးတော့ မှတမ်းတမိတာ သမီးအမှားလားအမေ။ အမေနဲ့ အတူရှိနေတုန်းကတော့ အမေများနေ့ဆိုတာ ဘာမှန်းတောင်မသိပဲ ကုန်ဆုံးခဲ့တဲ့ နှစ်က ၂၃နှစ်၊ အခုအနေဝေးမှ နင်သိပ်သိတက်နေတယ်ပေါ့လေလို့ အမေ့ စိတ်ထဲမှာ တွေးနေမယ်ထင်တယ်နော်။


အဟုတ်ပဲလေ။ ခလုတ်ထိမှ အမိတ ဆိုတဲ့ မြန်မာစကားပုံလိုပေါ့ အမေ၊ အနေဝေးတော့မှပဲ တန်ဖိုးတွေနားလည်တက်နေပြီအမေ။ တစ်ခါတစ်လေဆို တွေးမိပါရဲ့ ၊ တစ်စုံတစ်ခု အခက်အခဲ တွေ့ပြီ ရင်ထဲမှာ ခံစားရတာတွေရှိလာပြီဆို မျက်ရည်အရင် ကျချင်နေမိတဲ့ အမေ့သမီး၊ အဲလိုဖြစ်မှ ငါ့အမေ ငါတို့ကို ဘယ်လိုများ လောကကြီးအလယ်မှာရုန်းကန်ပြီး စောင့်ရှောက်လာပါလိမ့်လို့ပေါ့၊


မြင်ယောင်မိပါတယ် အမေ့မျက်နှာကို အလုပ်ကမောမောနဲ့ ပြန်လာတယ်၊ အိမ်ရောက်တော့ သူ့ယောက်ျားနဲ့ သားသမီးတွေ အတွက်တဲ့ ထမင်းဟင်း ပြေးချက်လိုက်သေး၊ ပြီးတော့ ရေမိုးချိုး၊ ထမင်းဝိုင်းကို ခူးခပ်၊ ပြီးတော့ မိသားစု ထမင်းလက်ဆုံစားနိုင်ဖို့ အတွက်ကိုသူစီမံပေးတက်တယ်။ ပြီးတော့ သူနားမယ်လို့တော့ မထင်လိုက်ပါနဲ့။ သူသိပ်ကြိုက်တဲ့ ကိုရီးယားကားကြည့်တာတောင် မီးပူလေးထိုးပြီးကြည့်တက်တဲ့ အမေပါ။


အခုတော့ ကိုယ်လည်း အလုပ်ကပြန် ကိုယ့်အတွက်စားစရာကိုယ့်ဟာကိုယ်ချက်(ဒါတောင် ယောက်ျား အတွက်၊ သားသမီး အတွက်တွေ မပါသေးဘူး) အဲလိုတွေ လုပ်တိုင်း အမေ့ကိုသွားသွားသတိရမိတယ်၊ အမေဆို အမြဲပြောတက်တယ်၊ ဟင်းတွေထပ်ထပ်ပြီးချက်လာပြီဆို ဂျီးများချင်တဲ့ ကိုယ့်အကျင့် က အမေကလည်း ဒီဟင်းချည်းပဲချက်နေတာပဲဆိုပြီး ပြောရင်၊ ငါလည်းတစ်နေ့တစ်နေ့ နင်တို့ကို ဘာချက်ကျွေးရမလဲကို မသိဘူးဆိုပြီး အမေ အမြဲပြန်ပြောတက်တယ်၊ အခုဒီရောက်တော့ ကိုယ်လည်းအဲလိုဖြစ်နေပါပြီ အမေ၊ ကိုယ့်ဟာကိုယ် စားဖို့တောင် ဘာချက်စားရမလဲ မသိဘူးဖြစ် နေတဲ့ သမီး၊ အခုတော့ အမေ့ကို ကောင်းကောင်းလေး ကိုယ်ချင်းစာတက် နေပြီလေ။


ဒါတောင် အမေ ရင်ဆိုင်ရမှာတွေ အများကြီးရှိသေးတယ်ဆိုတာ သမီးသိပါတယ် အမေ။ တစ်ခါတစ်လေ အဖေက ငြိုငြင်လို့ ဟောက်ရင်လည်းအမေအမြဲ သည်းခံရတာပဲနော်။ သားသမီးတွေ မသိနားမလည်လို့ အမေ့ကိုပြန်ပြောတဲ့ အခါဆိုရင်လည်း အမေရင်နာနာနဲ့ ဆုံးမရမှာပဲနော်။ သမီးတို့တွေ ဆိုးချင်ဆိုးမယ် အမေ၊ ဒါပေမယ့် အမေကတော့ အမြဲ ဂရုဏာ ထားပြီး စောင့်ရှောက်နေတုန်းပဲ ဆိုတာကိုသမီးသိပါတယ်၊ ဒါကြောင့်မလို့ လဲ လူ့လောက အလယ်မှာ င်္ကြ့ ကြံ့  ခံနိုင်ပြီး အကောင်းဆုံးလမ်းတွေကို ရွေးချယ်ပြီးလျှောက်လှမ်းနေနိုင်တာပါ။ အမေများနေ့ အတွက် ဒီပိုစ့် လေးကိုရေးရင်း အမေ့ကို သတိတရနဲ့ ကန်တော့လိုက်ပါတယ် အမေ…..