Wednesday, March 24, 2010

မလေးရှား

စာမရေးဖြစ်လို့  ဘာတွေရေးပြီးတင်ရင်ကောင်းမလဲလို့  စဉ်းစားနေတာ၊ အခုတလော မလေးရှားမှာ အဖမ်းအဆီးတွေများနေတဲ့ အကြောင်းလေးကို ရေးချင်လာတာနဲ့  ဒီစာလေးကို ရေးဖြစ်တယ်ဆိုပါတော့ ။


မလေးရှားက အော်ပရာစီ လို့ နာမည်ကြီးတဲ့  အမှန်မဟုတ်တဲ့ ပတ်စ်ပို့  မရှိတဲ့ ၊ သူတို့ နိုင်ငံမှာ တရားဝင် နေထိုင်မူ့ မရှိသော သူများကို ဖမ်းဆီးတဲ့  အဖွဲ့ ကြီး အကြောင်းကတော့  မလေးရှားမှာ ရောက်နေသော နိုင်ငံ အသီးသီးက လူအားလုံးကတော့ သိပြီးသားဖြစ်မှာပါ။ ရီမိုးတို့ တော့ အဲဒီ့ နာမည်ကြားတာနဲ့ တင် ကြက်သီးထပါရဲ့  သူတို့ က အမှန်ဖြစ်ဖြစ်၊ မဖြစ်ဖြစ် ကားပေါ်တင်ခေါ်သွားတာပါပဲ။ မြန်မာပြည်က လူပြက်တွေ ပြက်လုံးထုတ်သလို ဘာမှလာရှင်းမပြနဲ့  စခန်းရောက်မှရှင်းဆိုတာ သူတို့ လို လူမျိုးတွေကိုပြောတာထင်ပါတယ်။


သူတို့ တွေက ဘာစကားမှ အပြောမခံပါဘူးတဲ့ ။ ကားပေါ်တင်ခေါ်ပြီး ရဲစခန်းရောက်မှ အမှန်ဆိုရင် ပြန်လွှတ်ပေးတယ်လို့ တော့ ပြောကြတာ ကြားဖူးပါတယ်။ တခါမှတော့ သူတို့ နဲ့ မဆုံပါဘူး။ ဟိုတစ်နေ့  kl (ကွာလမ်လမ်ပူ) ကိုသွားတော့  သူတို့ ဖမ်းတဲ့ အချိန်နဲ့  ကြုံနေလို့  ကုန်တိုက်တစ်ခုက ထိုင်းစားသောက်ဆိုင် တစ်ခုထဲမှာ ဝင်နေပြီး အခြေအနေကို စောင့် ကြည့် နေရတယ်။ သူတို့ က စားသောက်ဆိုင် ထဲထိတော့ ဝင်မစစ်လို့ တော်သေးတယ်။ အဲဒီ့ နေ့ က သူတို့ လူစုက နည်းတာမဟုတ်ဘူး။ သူတို့ မျက်နှာကို ကြည့် ရတာ အရီ၊ အပြုံးကိုလည်းမတွေ့ ရဘူး။ စက်ရုပ်တွေကြနေတာပဲ။ လမ်းပေါ်မှာ ဖြတ်လာသမျှ လူအားလုံးကို စစ်တာပါပဲ။ အဲ.. အဲဒီ့ နေ့ ကတော့  မှန်တဲ့ လူဆိုရင်တော့ ပြန်လွှတ်ပေးတာ တွေ့ ရတယ်။ ကိုယ်လည်းသူတို့ ကို ကြောက်ပါတယ်ဆိုမှ တည့် တည့် ကြုံလာတော့  စားသောက်ဆိုင်ထဲကကို မထွက်ရဲ တော့ ဘူး။ အမှန်ဖြစ်တဲ့ ကိုယ်တောင် ဒီလိုဆိုရင် မမှန်တဲ့ လူဆိုရင် ဘယ်လိုနေမလဲမသိ။


အခုတလောကို သူတို့ က စီမံချက်အနေနဲ့ ကို ဖမ်းမယ်ကြော်ငြာထားတော့  မမှန်တဲ့ သူတွေ တကယ်ကိုသတိထားရမယ့် အချိန်ကာလတစ်ခုပါပဲ။ သူများနိုင်ငံမှာ တရားမဝင်ပဲ ဘာလို့ နေနေကြတာလဲ၊ သူတို့ တွေရှိနေတော့ ဒီလူတွေက တရားဥပဒေ အရဖမ်းဆီးတာ သူတို့ တွေ အပြစ်မှ မဟုတ်တာလို့  တစ်ချို့ အမှန်သမားတွေက ပြောလေ့ ပြောထ ရှိတာကို ကြားဖူးပါတယ်။ မှန်ပါတယ်၊ သူတို့ ပြောတာ။


ဒါပေမယ့်  ဥပဒေနဲ့ မညီပဲနဲ့ သူများနိုင်ငံမှာ ခိုးကြောင်ခိုးဝှက် ဘယ်သူများနေချင်ရှာမှာလဲနော်။ မိသားစုနဲ့ လဲဝေး၊ အခက်အခဲ မျိုးစုံကလည်း ရင်ဆိုင်ရသေးတယ်။ အဲဒီ့  အပြင်ကို အစစအရာရာ သည်းငြီးခံရ၊ တစ်ချို့ သူဌေးတွေဆိုရင် ကိုယ့် ရဲ့ လုပ်အားခကို တောင်မပေးလို့ မနည်းတောင်းယူရတယ်။ အမှန်မဟုတ်တော့  တိုင်လို့ မရပြောလို့ မရ၊ ဒါတွေကို သိတဲ့  သူဌေးတွေက ဖိနှိပ်ချင်ကြတယ်။ အစစအရာရာ ကြောက်နေရတဲ့  ဘဝမျိုးကြီးကိုတော့ သိသိကြီးနဲ့ ဘယ်သူကနေချင်မှာလဲနော်။ မနေမဖြစ်နေရမယ့် အကြောင်းအရာတွေရှိနေလို့ ပေါ့ ။ ဘယ်လို အကြောင်းအရာတွေက သူတို့ ကို ဒီလိုဘဝမျိုးရောက်အောင်တွန်းပို့ သွားတာလဲဆိုတာကတော့ စဉ်းစားစရာပေါ့ နော်။


များသောအားဖြင့် ကြားရတာကတော့  အေးဂျင့် တွေကြောင့် ပါ။ တစ်ချို့ ဆိုပြောထားတဲ့ အလုပ်ကတစ်မျိုး ဒီရောက်တော့ လုပ်ရတဲ့ အလုပ်ကတစ်မျိုး၊ မိန်းခလေးတွေကိုလဲ ပို့ ချင်တဲ့ နေရာတွေပို့ ၊ ပိုက်ဆံတွေကိုလည်း မတရားဖြတ်စား၊ အစုံပါပဲ ကြားရတဲ့ သတင်းတွေကတော့  အဲလိုမျိုးတွေဖြစ်တော့  အမှန်သမားတွေကတော့  မမှန်တဲ့ သူတွေဘဝကို ချက်ချင်းရောက်သွားပါလေရောလား၊ ကဲ.. ဒါဆို တရားမဝင်နေထိုင်တဲ့ သူတွေမှာ အပြစ်ရှိလား။ ဘယ်သူတွေမှာများ အပြစ်ရှိနေတာလဲ။ ကိုယ့် နိုင်ငံမှာ အေးအေးဆေးဆေး မနေပဲ သူများနိုင်ငံကိုလာမိတဲ့  ကိုယ်တို့ တွေပဲ အပြစ်ဖြစ်နေတာလား။ တစ်ခုတော့ သိတယ် ဘယ်သူမှတော့  ကိုယ့် မိသားစု၊ ကိုယ့် မိဘကိုခွဲပြီးတော့  မနေချင်ကြတာတော့ အသေအချာပါပဲ။ ဘာကြောင့် ဒီလို သူများနိုင်ငံမှာ လာအလုပ်လုပ်နေတယ် ဆိုတာတော့  တစ်ဦးစီရဲ့ ရင်ထဲမှာ ခံစားချက်ကိုယ်စီရှိနေကြမှာပါ။ အော်..ငါ တော့ ဆက်ရေးရင်မလွတ်မလပ်တွေပါလာတော့ မယ်။ အော်ပရာစီ အကြောင်းပြန်ဆက်တာပေါ့ နော်။


အဲလိုနဲ့  ၁နာရီလောက်ထိုင်စောင့် နေတာ သူတို့ ကမပြီးနိုင်ဘူး၊ တဖြည်းဖြည်းနဲ့  ကိုယ်ရှိနေတဲ့ နေရာနားတောင်ရောက်လာတော့ မယ်ဆိုတော့  kl ဆိုတဲ့ နေရာကနေ အမြန်ထွက်မှ စိတ်ချရမယ် ဆိုတာကို သိလာပြီ။ ဒါနဲ့ မထူးဘူးဆိုပြီး အရဲစွန့် ပြီးပဲ သူတို့ မရှိနိုင်တဲ့ လမ်းကိုရွေးပြီး ကားမှတ်တိုင်ကို အမြန်ပြေးရပါတယ်။ တော်သေးတယ်.. ကိုယ်ရွေးတဲ့ လမ်းတွေမှာက ရှင်းတယ်၊ ကားမှတ်တိုင်ရောက်တော့ အရေးဆို ကားကမလာဘူး၊ ၁၅မိနစ်လောက်ရပ်စောင့် နေရသေးတယ်။ သူတို့ က နိုင်ငံခြားသား အများဆုံး အသွားအလာလုပ်တဲ့ နေရာတွေကိုသိထားတော့  အဲဒီ့ နေရာတွေကို ပတ်ပြီးဖမ်းနေတာ။ မကြာခင် ကိုယ်ရပ်နေတဲ့ နေရာကိုရောက်လာတော့ မှာသေချာတယ်။


အဲဒါနဲ့  ရတဲ့ ဘုရားစာတွေရွတ်ပြီး ကားရယ် မြန်မြန်လာပါတော့ ဆိုပြီးဆုတောင်းနေမိတာပါပဲ။ ကိုယ်စီးမဲ့ ကားလဲလာရော ပျော်လိုက်တာ မပြောပါနဲ့ တော့ ။ တခဏတာတော့  လုံခြုံတဲ့ နေရာလေးပါပဲ။ တခဏတာလို့ ဘာလို့ ပြောရတာလဲဆို တခါတလေ အဲဒီ့ ဖမ်းတဲ့ လူတွေက ဘတ်စ်ကားတောင် မရှောင်ဘူး တစ်စီးလုံး ကိုကားပေါ်ကဆင်းခိုင်းပြီး စစ်တာ၊ အဲလိုမျိုးလုပ်တာကို ကိုယ့် မျက်စိနဲ့  ကိုယ်တိုင်တွေ့ ဘူးတာဆိုတော့ ကြောက်ရပြန်ရော။ အဲဒီ့ တော့ တခဏတာ လုံခြုံမူ့ ပဲပေါ့ ။ ကားပေါ်ရောက်တော့ ဆုတောင်းရပြန်ရောလေ၊ အဲလိုမျိုး မဖြစ်အောင်လို့ ၊ ဘာလို့ လဲဆို ကိုယ့် ရဲ့ ကားက သူတို့ တွေစစ်နေတဲ့ နေရာကို ဖြတ်ပြီးမှ သွားလို့ ရမှာကိုး၊ အဲဒီ့ ဂိတ်က ထွက်တော့ မှပဲ စိတ်ကို ဒုန်းဒုန်းချနိုင်တော့ တယ်။ ဟဲဟဲ.. မလေးရှားရောက်မှပဲ ဘုရား၊တရား၊သံဃာ ရတနာသုံးပါးကို ပိုပြီးယုံယုံကြည်ကြည်ကို အားကိုးလာတယ်။


တစ်ခုခုဆို ရသမျှ ဘုရားစာတွေရွတ်တော့ တာပဲ။ မလေးရှားက အော်ပရာစီတွေက ရီမိုးကို ကုသိုလ်တွေ အများကြီးရအောင်လုပ်ပေးနေတာလေ။ အခုဆို ဘုရားတရား အလုပ်ကို ပုံမှန်လုပ်တာထက်ကို ပိုလို့ ကိုလုပ်ဖြစ်နေတာ အမှန်ပါပဲ။ ဒီပို့ စ်လေး ကိုတော့  မလေးရှားရောက်မြန်မာတွေရင်ဆိုင်နေရတဲ့  အကြောင်းအရာတွေပါပဲ။ ဒီ့ ထက်ဆိုးတာ တွေလည်းရှိအုံးမှာပါ. ရီမိုးသိသလောက်လေးပဲ ရေးပြီး ပြောထားရတာပါ။ ဒီ့ ထက်ပိုပြီး သိလာတဲ့ အရာတွေရှိရင်လဲ ဘလောက်မောင်နှမတွေကို ပြန်ပြီးဖောက်သည်ချ ပေးပါအုံးမယ်။ အခုတော့ ဒီလောက်ပါပဲ။ ကျေးဇူးတင်ပါတယ်……

4 comments:

  1. ဟင် အဲလိုကြီးလား ဆိုးလိုက်တာ မိန်းကလေးတွေဖမ်းသွားရင်ဘယ်လိုလုပ်မတုန်း အလုပ်လုပ်ခွင့်နဲ့ နေတဲ့ သူတွေရော ဖမ်းတာပဲလား ..မဟုတ်သေးပါဘူးနော်။
    ပတ်စ်ပြရင် လွှတ်ရမှာပေါ့ စခန်းတောင်ခေါ်ခွင့်မရှိပါဘူး
    စင်ကာပူလာခဲ့ပါလား ...ဒီမှာစိတ်ချရတယ် ။

    ReplyDelete
  2. မလေးရှားမှာ ရှိနေတယ်ဆိုရင် ကျွန်တော်တို့စုစီးထားတဲ့ မလေးရောက်ဘလောက်ဂါများအဖွဲ့မှာ လာရောက်ပြီး ဗဟုသုတ၊ရသ၊သတင်း၊အမှတ်တရ နည်းပညာ အစရှိသည်တို့ကို လာရောက်ရေးသားဖို့ ဖိတ်ခေါ်ပါတယ်။ဆက်သွယ်ရန်မှာ မေးတွေရှိပါတယ်ခင်ဗျာ။
    ခင်မင်မှုဖြင့်
    အားလုံးကိုပျော်စေချင်တဲ့

    ReplyDelete
  3. အင်း... မလေးနိုင်ငံက အခြေအနေ သတင်းလေးတွေကို စုံလင်စွာပဲ ဖတ်လို့ ကောင်းပါတယ်။။ မလေးမြေ ဘလော့ဂ်မှ တ်ဆင့် ရောက်ရှိလာတာပါ။


    ခင်တဲ့
    ဒီရေ

    ReplyDelete
  4. လူတွေသာ မလေးရှားပို့လို့ ဒီလိုဘုရားတရား ပိုကြည်ညိုလာရင် မိဘတွေပို့ရကျိုး တော်တော်နပ်မှာပဲ။

    နောင်လည်းကြုံအုံးမှာပါ။ ညအချိန် ကိုယ့်တိုက်ကို အော်ပရာစီလာရင်တော့ အရင်ချောင်းကြည့် အရပ်ဝတ်နဲ့ကုလားတို့၊ မသင်္ကာစရာဆိုရင် မဖွင့်ပေးနဲ့။ အဲ .. အခန်းစေ့ ရှောက်စစ်နေတာမျိုးကိုတော့ မြန်မြန်သာဖွင့်၊ မဟုတ်ရင် မုန့်လက်သီး အကြွေးခံရလို့ တစ်သက်မမေ့ ဖြစ်နေအုံးမယ်။

    ReplyDelete