Tuesday, September 20, 2011

ကိုယ့်အကြောင်း..............

နေဝင်ချိန်တွေများနေလို့ နေထွက်ချိန်ကို စောင့်နေသူ ……………………..
အမှောင်ထဲမှာ ရောက်နေလို့ အလင်းရောင်ကို မျှော်လင့်သူ ……………….
အချစ်စစ်ကိုငတ်နေလို့ မေတ္တာအေးအေးလေးကို သောက်ချင်သူ ……………………
မျက်ရည်တွေတောင်ခမ်းနေလို့ ငိုရမှာကိုကြောက်နေသူ ……………………
ဝေးရမှာစိုးရိမ်လို့ ပြန်လာဖို့ကိုတောင်းတသူ ……………………….
ဘဝအတွက်ရုံးနေလို့ အိမ်ပြန်ဖို့တောင်မေ့နေသူ ………………….

Friday, September 9, 2011

ခြေလှမ်းတွေရဲ့နောက်မှာ

ငါဖြည်းဖြည်းချင်းလျှောက်လှမ်းတယ်..ငါ့ရဲ့ခြေလှမ်းတွေက မြန်တဲ့အခါလဲမြန်တယ်၊ နှေးတဲ့အခါလဲနှေးတယ်၊ တက်ကြွတဲ့အချိန်မှာလဲ တက်တက်ကြွကြွပဲ ငါလျှောက်လှမ်းတယ်...တခါတခါလဲ ခြေကုန်လက်ပမ်းကျလို့ပေါ့။

လျှောက်နေရင်းနဲ့ တနေရာအရောက် နောက်က တယောက်ယောက်ကပ်ပါလာသလို ခံစားနေရတယ်။ ခံစားလာရတယ်၊ လှမ်းနေတဲ့ ခြေလှမ်းလေးတွေကို ခဏလောက်ရပ်ပြီး လှည့်ကြည့်လိုက်မိတယ်၊ ဘယ်သူမှမရှိဘူး၊ ဘာဆိုဘာမှမရှိဘူး၊ အဲဒါနဲ့ပဲ ငါဟာ ရှေ့ဆက်ပြီး လျှောက်လှမ်းခဲ့တယ်၊ စောနက ခံစားမူ့လေးကို လျစ်လျူရူပြီးပေါ့။ ငါပျော်တဲ့အခါပျော်တယ်၊ ငိုတဲ့အခါငိုတယ်။ ခံစားမူ့ပေါင်းစုံတွေ ရောပြွန်းပြီး ရှေ့ဆက်နေတယ်။

ရုတ်တရတ် လမ်းခုလတ်မှာ ငါ့ရဲ့အရှေ့မှာ အရိပ်တခု အရိပ်မည်းကြီးတခု၊ တမျိုးပြောရရင် အကျည်းတန်လွန်းသော လူတယောက် လာရပ်တယ်၊ သူက ရင်းနှီးစွာပြုံးပြတယ်၊ သူဘယ်လောက်ပဲရင်းနှီးစွာ ပြုံးပြနေပေမယ့် ငါ့ရဲ့စိတ်ကတော့ သူ့ကို တစိမ်းတယောက်လိုပဲ၊ အဲဒီ့အပြင် ကြောက်စိတ်တွေက တဖွားဖွား။ သူက ချိုမြိန်စွာပြုံးပြီးငါ့ကို ပြောတယ်၊ မင်းကိုငါလာခေါ်တာ မင်းအခု ငါနဲ့လိုက်ခဲ့ရတော့မယ်တဲ့။ ငါအလွန်အမင်းထိမ့်လန့်သွားတယ်၊ ဘယ်ကိုလဲ၊ ဘာလုပ်ဖို့လဲ၊ ဘာအတွက်လိုက်ရမှာလဲ၊ ငါ့မှာ မေးခွန်းပေါင်း များစွာမေးနေမိတယ်။

သူကတော့ ငါ့ကိုပေးတဲ့အဖြေက ငါမင်းနဲ့အတူ မင်းရဲ့ခြေလှမ်းတိုင်းမှာ ကပ်လိုက်လာတာ တော်တော်ကိုကြာခဲ့ပါပြီ။ မင်းကတော့ ငါ့ကိုမေ့မေ့ပျောက်ပျောက်ပဲထားခဲ့တာလေ။ မင်းငါ့ကို သတိမထားခဲ့တာပါ။ မင်းနောက်ကို အမြဲလိုက်နေကျငါက အခုမင်းရဲ့ရှေ့မှာ မားမားမတ်မတ်ရပ်ပြီး အပြုံးနဲ့ခေါ်တာတောင် မင်းကကြောက်လန့်တကြားရှိနေပါလား။ မင်းသာ ငါ့ကို သတိထားမိပြီး ခြေလှမ်းတိုင်းကို အပျော်တွေ ရမက်တွေနဲ့ မလျှောက်လှမ်းခဲ့ဖူးဆိုရင် မင်းအခုချိန်ငါ့ကိုမြင်ရင် မင်းကြောက်လန့်နေမှာမဟုတ်ဘူး။ မင်းရဲ့ခြေလှမ်းတွေကို လောကကြီးအတွက် ကောင်းကျိုးပြုခဲ့မယ်ဆိုရင် မင်းငါ့ကိုတွေ့တဲ့အခါမှာ ပြုံးနေနိုင်ရမယ်လေ။ အခုတော့ဘာမှလုပ်လို့မရတော့ဘူး။ ငါနဲ့အတူသာလိုက်ခဲ့ပေတော့တဲ့။

အဲဒီ့အချိန်ကျမှငါကောင်းကောင်းနားလည်တော့တယ်၊ သေမင်းဆိုတဲ့အကောင်ကြီး၊ အရိပ်မည်းကြီးက ငါ့ရဲ့နောက်ကို တချိန်လုံးလိုက်နေခဲ့တယ်ဆိုတာကိုပဲ။ ငါလောကကြီးအတွက်ဘာတွေကောင်းမူ့ကုသိုလ်တွေလုပ်ပြီးပြီလဲ၊ လောကကြီးထဲမှာ ငါလျှောက်လှမ်းလာတဲ့ ခြေလှမ်းတွေက အမှားတွေလား၊အမှန်တွေလား။ အကုန်လုံးနောက်ကျကုန်ပြီ၊ အခုတော့ သူခေါ်ရာနောက်ကိုလိုက်သွားရတော့မယ်။ လိုက်သွားရတော့မယ်။

လူသားအားလုံးမမေ့မလျော့သင့်တဲ့အရာက ကိုယ့်ရဲ့ခြေလှမ်းတွေတိုင်းမှာ သေမင်းဆိုတာကြီးကလဲ ကပ်လျက်လိုက်ပါလာတယ်ဆိုတာကိုပါပဲ။ သေမင်းကြီးဗြုန်းဆို ကိုယ့်ရှေ့ မှာ လာမရပ်ခင် ကိုယ့်ရဲ့ခြေလှမ်းတွေကို အကောင်းဆုံးဖြစ်နေအောင်ကြိုးစားထားသင့်ပါတယ်။ ဘယ်အချိန်မှာ သူပေါ်လာမယ်ဆိုတာ မသိတဲ့အတွက်ကြောင့် လှမ်းတဲ့ခြေလှမ်းတိုင်းကို သတိလေးနဲ့လှမ်းနေမိဖို့လိုပါတယ်။ ကြောက်အားလန့်အားနဲ့ သူနဲ့အတူလိုက်သွားရမဲ့အစား၊ ပြုံးပြုံးလေးနဲ့ပဲ သူခေါ်ရာကိုလိုက်သွားနိုင်ဖို့ကြိုးစားကြရအောင်လားနော်.......

မှတ်ချက်။ ။ တနေ့က သူငယ်ချင်းတစ်ယောက်ရဲ့အဖေရုတ်တရက် ဆုံးသွားတာကို အကြောင်းပြုပြီး ဒီစာလေးကို ရေးချင်စိတ်ပေါက်လာလို့ ရေးလိုက်သည်။

Wednesday, August 17, 2011

ညည်းခြင်း

အခုရက်ပိုင်း အတွေးတွေက ဂယောက်ဂယက် စိတ်ဓာတ်က ကျချင်သလိုလို ဘာတွေက ဘယ်လိုဖြစ်နေမှန်းကို မသိတာ။ အဲဒီတော့ သိမ်းဆည်းထားရတဲ့စကားလုံးတွေကို သွန်ချပစ်ဖို့ အိုဟောင်းပြီဖြစ်တဲ့ ကိုယ်ပိုင်နေရာလေးကို မရမက အရောက်ပြန်လာမိတယ်။ လူတွေ တော်တော်များများ ပြောကြတယ်၊ အလိုရှိမှ ပြန်တမ်းတကြတယ်တဲ့၊ အခု ရီမိုးလဲ အဲလိုဖြစ်နေပြီ၊ ကိုယ့်စိတ်တွေ မထိန်းထားနိုင်တော့မှ ကိုယ့်ရဲ့ကိုယ်ပိုင်နေရာလေး ကိုပြန်တမ်းတမိပြီး ပြန်ရောက်လာရပြီ။ ပစ်ထားခဲ့တာကြာနေပေမယ့် ဒီနေရာလေးကို မေ့နေခဲ့ တာတော့ မဟုတ်ပါဘူးလေ။ ဒါကိုတော့ ကိုယ်ကိုတိုင်ပဲ သိပါတယ်။

အခုတလော ညစ်နေရတဲ့ အကြောင်းကတော့ လူတကာကို အကောင်းတွေကော၊ အဆိုးတွေကော အမျိုးမျိုးပေးစွမ်းနိုင်တဲ့ ပိုက်ဆံဆိုတဲ့ အရာပါပဲ။ ပိုက်ဆံဆိုတာ လူသား အားလုံးအပေါ်မှာ ညို့ယူလွန်းနိုင်ပါတယ်။ ငွေရှာရတာ အရင်ခေတ်နဲ့ အခုခေတ်နဲ့ က အပုံကြီးကွာလာပြီဆိုတာ အကုန်လုံးလဲ သိမှာပါ။ အခု နိုင်ငံခြားရောက် လူတွေရဲ့ ပါးစပ်ဖျားမှာ ငွေဈေးကျမူ့က စိုးမိုးလို့နေတယ်လေ။ တနေ့ထက်တနေ့ ကျနေလိုက်တာ၊ ဘယ်သော်အခါမှ ပြန်တက်ပါ့မလဲလို့ မျှော်လင့်နေရတာ၊ မောလှပြီ။ အားရစရာကြားရတဲ့ သတင်းကလဲ ပြန်တက်ဖို့ မရှိလောက်ပါဘူးတဲ့၊ မောပါတယ်ဆို အမောဖောက်မယ့် သတင်းစကားပါပဲ။ ကြာလာတော့ လူက စိတ်ဓာတ်တွေ ကျလာပြီ။

တခါတခါ တွေးမိပါရဲ့ ဒို့များ ငယ်ငယ်တုန်းက ဖေဖေနဲ့မေမေနဲ့ ဘယ်လိုအလုပ်တွေများ လုပ်နေကျလို့ ငါတို့ကို ထမင်းနပ်မှန်အောင် ရှာကျွေးခဲ့ပါလိမ့်ပေါ့။ အခု ကိုယ်တွေပြန်ပြီး ကျေးဇူးဆပ်ရမယ့် အချိန်ကျတော့မှ ရှာရဖွေရ တာခက်လိုက်တာလို့လဲ မညည်းချင်ပါဘူး။ ဒါပေမယ့်လဲ ဖေဖေနဲ့ မေမေ ကိုတော့ ကိုယ်ချင်းစာမိတာ အမှန်ပါပဲ။ တလ တလ ဟိုဟာ လိုလို့ ဝယ်ရတာနဲ့ ဒီဟာလို လို့ဝယ်ရတာနဲ့ အိမ်ကို ပြန်ပို့တာရယ်၊ ကိုယ်ထမင်းစားဖို့ရယ်၊ ရတဲ့လစာနဲ့ ကွတ်တိမှ တကယ့်ကွက်တိ၊ အပို အလိုလေး စုဖို့တောင် မကျန်။ အခုလဲကြည့် ပတ်စ်ပို့ သက်တမ်းတိုးဖို့က လာပြန်ပြီ။ ရီမိုးတို့ အရပ်ကူပါ လူဝိုင်းပါ ဖြစ်လာပြန်ပြီ။ မျက်ကလူးဆန်ပြာ ပိုက်ဆံကို မရမက စုပြီး သံရုံးကို သွားပေးရအုံးမပေါ့။ အင်း…. ပိုက်ဆံ ပိုက်ဆံ… ရှာရတာ ခက်သလောက်၊ သုံးရတာတော့ လွယ်တယ်။

ညည်းရမယ်ဆိုရင် ခိုညည်းတာ ထက်တောင်ပိုဆိုးအုံးမယ်။ ကိုယ်ပိုင်နေရာလေးမှာ စိတ်ညစ်စရာတွေပဲ ရေးနေရလို့ စာလာဖတ်တဲ့ လူတောင်ကိုယ့်ရဲ့ စိတ်ညစ်မူ့တွေကို ကူးစက်နေအုံးမယ်။ ဒါပေမယ့်လဲ ဘယ်သူ့ကိုမှ ပြောပြလို့မရတဲ့ ကိုယ့်ရဲ့ ခံစားချက်တွေကို ပြောပြနိုင်ဖို့အတွက် ဒီနေရာလေးကလဲ ရီမိုးရဲ့ အဖော်ကောင်းလေး တခု ဖြစ်နေပြန်ရော။ အင်း… ဒီလိုမျိုး ခံစားချက်တွေကို ချရေးနိုင်ဖို့ တီထွင်ထားတဲ့ ပညာရှင်တွေ၊ ဒီလိုမျိုးရေးလို့ရတယ်၊ ဖတ်လို့ရတယ် ဆိုတဲ့ အသိတွေကို ပေးခဲ့တဲ့ မိတ်ဆွေတွေကိုလဲ ကျေးဇူးအထူးတင်နေမိပါတယ်။ လူသားအားလုံး ရီမိုးလို စိတ်ညစ်မူ့တွေနဲ့ ကင်းဝေးပါစေနော်……..

Tuesday, June 14, 2011

စိန်ခေါ်မူ့

လောကကြီးက ရီရတယ်
ဟာသပြကွက်တွေ တစ်ခုပြီးတစ်ခုနဲ့ ငါ့ကို လာကပြနေတယ်၊
မိန်းမောဖွယ်ကောင်းတဲ့ အချစ်ဇာတ်လမ်းတွေ ရှိခဲ့တယ်၊
ပျော်စရာကောင်းတဲ့ အိမ်မက်တွေ ရှိခဲ့တယ်၊
ဒါတွေ အားလုံးဟာ ငါ့အတွက်တော့ တခဏတာ အဖြစ်အပျက်တွေပဲ
ဘုရားဟောနဲ့ညီတဲ့ လောကကြီးက ငါ့ကို အကြိမ်ကြိမ်ကို တိုက်ခိုက်နေတော့တာပဲ
ငါကလဲ အကြိမ်ကြိမ်ကျရူံးလိုက် အကြိမ်ကြိမ်ပြန်လျှောက်လိုက်နဲ့
တဝဲလည်လည်ကိုဖြစ်နေပါပေါ့။
တခါတခါ လောကကြီးထဲ ဖြစ်ချင်ရာဖြစ်ဆိုပြီး
ရေစုံမှာမျောသလို မျှော်လိုက်ချင်ပေမယ့်
အသိဥာဏ်က ထိန်းချူပ် အတွေ့အကြုံတွေက ပဲ့ပြင်ပြီး
ကိုယ့်ကိုကိုယ် အကောင်းဆုံးဖြစ်အောင် ပြုပြင် နေထိုင်ခဲ့ရတဲ့ ကာလလဲကြာရှည်နေပြီ။
လောကကြီးရေ….
ငါအခု ပြိုလဲနေလဲ ပြန်ထပြီး ပြန်လျှောက်ဦးမယ်၊
နင့်ရဲ့တိုက်ခိုက်မူ့တွေကို စိန်ခေါ်ပြီး
ငါဆက်လျှောက်နေဦးမယ်။
လာစမ်းပါ အလိမ်အညာတွေ၊ လာစမ်းပါ အခက်အခဲတွေ
အမေပေးထားတဲ့ အသိဥာဏ် အဖေ ပေးထားတဲ့ အင်အားတွေနဲ့
နင့်ကိုငါ ရဲရဲကြီး စိန်ခေါ်တယ်။

Tuesday, April 19, 2011

၂၀၁၁ သင်္ကြန်တွင်း ခံစားချက်

နှစ်သစ်ကတော့ ကူးသွားပြီ။ သင်္ကြန်ရေ ဆိုတာကို ထိတောင်မထိလိုက်ရတဲ့ဘဝ၊ တကယ်ကို ဆိုးတယ်။ ပိတောက်ပင်တွေရှိပြီး အပွင့်မပွင့်တဲ့နိုင်ငံကိုရောက်နေတော့လည်း ဒီလိုပဲပေါ့၊ ကိုယ့်ကိုကိုယ်ပဲ ဖြေသိမ့်နေရတယ်။

နွေမှန်းမသိ၊ မိုးမှန်းမသိ၊ ဆောင်းမှန်းမသိနဲ့ နှစ်တွေတော့ အလီလီ ကူးပြောင်းခဲ့ပါပြီ။ သင်္ကြန်အချိန်မှာ လွမ်းရတဲ့ အထဲအလုပ်က ကုလားမကတစ်မှောင့် နင်တို့ နှစ်သစ်ကူးက ရေတွေကို လွှင့်ပစ်နေတာလားတဲ့၊ သူ့ကိုရှင်းရတာက တစ်မျိုး၊ စိတ်ပျက်တယ်။

သင်္ကြန်တွင်း လေးရက်လောက်ကို တော်တော်လေး ကြိုးစားပမ်းစား ဖြတ်သန်းခဲ့ရတယ်။ တကယ်ကို လွမ်းနေရလို့၊ အရေးထဲ အဲဒီ့ရက်တွေမှာ အလုပ်တွေက လာများနေလိုက်သေးတယ်။ အလုပ်တွေကများ စိတ်ကလည်းတောင်တွေးမြောက်တွေး၊ ဒီအချိန်ဆို ငါ့ဘော်ဘော်တွေ ဘယ်မှာ ဘယ်လောက်ပျော်နေကြပြီ၊ ဒီလိုအတွေးတွေကလည်း ခြောက်လှန့်သေးရဲ့။ အင်တာနက်ကနေ ဆိုဒ်တစ်ချို့ က တင်တဲ့ ဓာတ်ပုံလေးတွေ ကြည့်ပြီး ဖြေသိမ့်ခဲ့ရတယ်။

ပိတောက်ပန်းပွင့်ရင် ဘုရားမှာ ကပ်ပေးဖို့ သူငယ်ချင်းတစ်ယောက်ကို ပူဆာထားသေးတယ်၊ ပိတောက်ပန်းကလည်း အခုချိန်ထိ မပွင့်သေးဘူးနဲ့တူတယ်၊ မိုးမျှော်နေကြတယ်ဆိုပဲ၊ ပိတောက်ပန်းရနံ့ကိုတောင် မှတ်မိပါ့မလားလို့ ကိုယ့်ကိုကိုယ် တွေးမိတယ်။

မြန်မာပြည်မှာ ပျော်နေကြတဲ့ လူတွေကတော့ အဲဒီ့အချိန်တွေကို ကုန်တာမြန်တယ်၊ ကုန်မှာကြောက်နေကြမှာပဲ။ ကိုယ်ကတော့ မြန်မြန်ကုန်ပါစေ ဆုတောင်းမိနေတာ။ လွမ်းရတာမောလို့။ တော်တော် တကိုယ်ကောင်းဆန်တယ်နော်….

ကိုယ့်ရဲ့ အဖြစ်ကတော့ နှစ်ဆန်းတစ်ရက်နေ့ကို အလုပ်ပိတ်ရက်လေးနဲ့တိုးလို့ ဘုန်းကြီးကျောင်းလေးသွားမယ်ဆိုပြီး အစ်မအိမ်မှာသွားအိပ်မယ်လို့ စိတ်ကူးလေးနဲ့ ပျော်နေခဲ့တာ၊ တကယ်တမ်း သွားမယ့်နေ့ရောက်တော့ အစ်မနေတဲ့ နေရာမှာ မလေးရှားရဲ့ ထိပ်တန်း အော် လို့ခေါ်ကြတဲ့ အော်ပရာစီတွေနဲ့ရဲတွေ ဝင်စစ်နေလို့ပါတဲ့၊ အစ်မက မလာခဲ့နဲ့တော့တဲ့၊ ကိုယ်က အမှန်ဆိုပေမယ့် အဲဒီ့ အော်တွေကိုတော့ ကြောက်တယ်။ အိမ်ထဲတွေကို တံခါးခေါက်ပြီးလဲစစ်တယ်။ အဲဒီ့မှာ သွားအိပ်လို့ အဲလိုမျိုးများ စစ်တာနဲ့ ကြုံရင် လိပ်စာမတူလို့ဆိုပြီး ရစ် တာခံရမှာ စိုးလို့ဆိုပြီး အစ်မက လာမအိပ်နဲ့တော့တဲ့၊ ဘုန်းကြီးကျောင်းသွားချင်တာတောင် အဲလို အဖျက်တွေကရှိသေးတယ်။

အဲဒါနဲ့ အိမ်မှာပဲ ဘုရားဆွမ်းတော်ကပ်၊ ဘုရားရှိခိုး၊ အိမ်သန့်ရှင်းရေးလုပ်ပြီး ဖြတ်သန်းခဲ့ရတယ်။ အဲဒီ့လိုမျိုး နှစ်သစ်ကို ကြိုဆိုခဲ့တယ်။ ပုံမှန် အချိန်ဆိုလည်း မြန်မာပြည်ကို လွမ်းပေမယ့် သင်္ကြန်အချိန်ဆို ပိုလို့လွမ်းမိတာ ကိုယ့်ကိုကိုယ်ပဲ ညှင်းဆဲနေမိတာလား မသိပါဘူး။ ဒါကတော့ ရီမိုးရဲ့ သင်္ကြန်တွင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ ခံစားချက် တစ်ချို့  ပေါ့လေ။ ခံစားချက်တွေ ပျောက်ကွယ်သွားမှာ စိုးလို့ စကားလုံးအဖြစ်ချရေးပြီး ကိုယ်ပိုင်နေရာလေးမှာ လာသိမ်းထားတာပါ။

Tuesday, March 22, 2011

ရီမိုး နှင့် blog

blog ကရေးချင် အချိန်ကမရှိ
အိမ်ကျရေးရန် ရည်ရွယ်ပြန်သော်
လက်ပ်တော့ကမရှိ
အလုပ်တွင်လည်း ခိုးဖွင့်ရသဖြင့်
ကိုယ့် blog ကိုပင် ဖွင့်ကြည့်မရ
သူများ blog လည်ဖို့ဆိုလျှင်
ပိုလို့ဆိုးသည်...
ဒီလိုနှင့်ပင်
blog လောက အဆက်ပြတ်ခဲ့
၃လကြာပြီ။ ။
ယနေ့တွင်တော့
မန်နင်ဂျာလစ် အလုပ်လဲပါးတုန်း
သူများ blog လည်မည်စိတ်ကူး
ကိုယ့် blog ကို ပြန်လည်ဖွင့်ကြည့်
ဟောင်းနွမ်းစပြု ပန်းရောင်ဖျော့ဖျော့ ဖြစ်နေရှာသော
ကိုယ်ပိုင်နေရာ၊ ကိုယ့်စာမျက်နှာဟောင်းဟောင်း
လွမ်းမောဖွယ်ရာ ပြန်လည်တွေ့ရှိ
ထိုအချိန်တွင် ငါ၏စိတ်တွင်
ရေးချင်စိတ်များ တဖွားဖွားပေါ်ကာ
စာရွက်တစ်ရွက် အလျင်အမြန်ကောက်ယူ
ရောက်တက်ရာရာ ချရေးအပြီး
blog ပေါ်သို့ ကဗျာမဆန် စာမဆန်သည့်
ပို့စ်လေးတစ်ခု တင်လိုက်နိုင်သည်။ ။
ထိုအချိန်တွင်သာ
မန်နင်ဂျာ ပြန်အလာ
စာခိုးရေးသည် မြင်သွားပါမူ
အဆူအဆဲ ခံရအုံးမည်
မုချ မလွဲပေသတည်း။ ။

Wednesday, December 29, 2010

ကောင်းသော နူတ်ဆတ်ခွဲခွာခြင်းပါ ”၂၀၁၀”

နှစ်သစ်ကို ရောက်တော့မှာပါ။ တကယ်တော့ ဒီ ၂၀၁၀ ကို မြန်မြန်နူတ်ဆတ်ချင်နေတာတော့ အမှန်ပါပဲ။ ၂၀၁၀ တစ်လျှောက်လုံး စိတ်ဆင်းရဲမူ့တွေပဲ ကြုံတွေ့ခဲ့ရတော့ မြန်မြန်နူတ်ဆတ်ချင်နေတယ်ထင်ပ။

လူဆိုတာကလည်း ကောင်းတာတွေပဲလိုချင်နေကြတော့ ဒီလို စိတ်ဆင်းရဲတဲ့ အချိန်မျိုးဆိုရင် အခွေကြည့်သလို ရစ်လို့ရရင် ရစ်ပစ်လိုက်ချင်တာလေ။ ၂၀၁၁ ဆိုတဲ့ အနာဂတ်မှာ ဘာတွေဖြစ်မလဲဆိုတာကို မသိပေမယ့် စိတ်ဆင်းရဲမူ့တွေပဲ များနေတဲ့ ဒီ ၂၀၁၀ ကိုမြန်မြန် အဆုံးသတ်ချင်နေပြီ။ ၂၀၁၁ ဆိုတဲ့ နှစ်သစ်ကို စိတ်သစ် လူသစ်၊ အတွေးအခေါ်အသစ်တွေနဲ့ ကြိုဆိုဖို့ အသင့်ဖြစ်နေမိပြီ။

သေချာပြန်စဉ်းစားကြည့် တော့ ၂၀၁၀ ထဲမှာ ငါဘာတွေများ ထူးထူးခြားခြားလေးတွေ လုပ်ဖြစ်လဲ။ ဘာတွေများ ပြောင်းလဲသွားပြီလဲ၊ ဘဝကြီးအတွက်၊ တစ်ယောက်ယောက်အတွက်.. တကယ်တော့ ကျမက လမ်းပျောက်နေဆဲ ဆိုတာကို ကိုယ့်ဟာကိုယ်နားလည်လာတယ်။ တစ်ယောက်ယောက် အတွက်လည်း ဘာမှထူးထူးခြားခြား မလုပ်ခဲ့သလို၊ ကိုယ့်အတွက်လည်း ဘာမှမလုပ်ဖြစ်ခဲ့ပါဘူး။ ဘဝကြီးကို စက်ရုပ်တစ်ရုပ်လိုတော့ ပုံမှန်လည်ပတ်ခဲ့တယ်ဆိုတာကတော့ အသေအချာပါပဲ။

ဒီကြားထဲမှာမှ ၂၀၁၀ စဝင်ကတည်းက ဆိုင်ကယ်မှောက်တယ်၊ အကြီးအကျယ်ကြီးတွေ မဟုတ်ပေမယ့် စိတ်ဆင်းရဲစရာတွေက တစ်ပုံတစ်ပင်၊ အေးဂျင့်က ပြောင်းရတာနဲ့၊ နှစ်ကုန်ခံနီးတောင်မှ သူဌေးက ပြသနာရှာသေးတယ်၊ ဒီလိုမျိုးတွေ ဖြစ်နေမှတော့ ကျမ ဒီနှစ်ကြီးကို မြန်မြန်ကုန်စေချင်နေတာ မဆန်းပါဘူး။ ဒါပေမယ့်လည်း ဘယ်နှစ်ကိုပဲရောက်ရောက် ကျမရဲ့ ကံကြမာကတော့ ပြောင်းလို့ရချင်မှ ရမှာပါ။ ဒါပေမယ့်လည်း လူရဲ့အစွဲ၊ ကျမရဲ့အစွဲပေါ့ ဒီနှစ်ကြီးထဲက ရုန်းထွက်လိုက်ရရင် ကျမ နေလို့ထိုင်လို့ကောင်းသွားမယ်လို့ထင်နေခဲ့တယ်။ ကောင်းချင်မှလည်း ကောင်းလာနိုင်မယ်ဆိုတာကို ကျမသိထားပါတယ်။ ဒါပေမယ့်လည်းလေ….. မျှော်လင့်ချက်ပေါ့နော်….

အော်… ကောင်းတာလေး တစ်ခုတော့ရှိတယ်၊ အဲဒီ့အတွက်လည်း တကယ်ကိုရင်ထဲက နှစ်နှစ်ကာကာကို ပျော်ရွှင်ခဲ့ရတယ်။ အဲဒါကတော့ အမေစု ပြန်လွတ်လာတာပါပဲ။ ၂၀၁၀ ထဲမှာ ကျမအတွက်ကောင်းတာ အဲဒီ့တစ်ခုပဲရှိခဲ့ရတယ်။

ဘယ်လိုပဲမကောင်းတာတွေ ကြုံကြုံ ကျမအတွက်အတွေ့အကြုံတွေ ပေးနေတယ်၊ လောကကြီးကို ရှေ့ ဆက်လှမ်းဖို့ ခွန်အားတွေပေးနေတယ်လို့ပဲ ယူဆရမှာပါပဲ။ အခုလဲ ၂၀၁၀ ကပေးတဲ့ အတွေ့အကြုံနဲ့ ၂၀၁၁ ထဲကို အကောင်းဆုံးလျှောက်လှမ်းရမှာပါပဲ။ ကျမကို သင်ခန်းစာတွေ အတွေ့အကြုံတွေ ပေးခဲ့တဲ့ ၂၀၁၀ ကို အထူးကျေးဇူးတင်ရှိရင်းနဲ့၊ ထာဝရ နူတ်ဆတ်ခဲ့ပါတယ်။

”၂၀၁၀” သင်ဟာ အခုတော့ ငါတို့နဲ့ အပြီးအပိုင်နူတ်ဆတ်ရတော့မယ်။ သင်ထမ်းဆောင်ထားရတဲ့ တာဝန်တွေ ပြီးဆုံးတော့မယ်၊ လူသားတွေအားလုံး သင့်ကိုနူတ်ဆတ်ကြတော့မယ်။ ဒါပေမယ့် သင်ကျေနပ်ပါ၊ သင်တာဝန်တွေ ကျေပွန်စွာ ထမ်းဆောင်ခဲ့တယ်လို့ သင်မှတ်ယူထားပါ။ သင်သည် လူသားများ အပေါ်ဝမ်းနည်းမူ့တွေ၊ ဝမ်းသာမူ့တွေ အလုံးစုံကို သင်ပေးပြီးသွားပြီ။ သင်သည် ထာဝရ အနားယူဖို့ ပြင်ဆင်ထားပါတော့။ သင့်အတွက် ငါတို့ လူသားတွေ အားလုံး ပျော်ရွှင်စွာ ကြိုဆိုခဲ့ဖူးသည်။ ယခုလဲ နောက်ရောက်လာအုံးမည့် နှစ်သစ်ကို ငါတို့တွေ ပျော်ရွှင်စွာ ကြိုဆိုပြီး သင့်ကို ပျော်ရွှင်စွာ နူတ်ဆတ်ကြမည်။ သင်သည် အတိတ်မှာသာ ကျန်နေရစ်ခဲ့ပါတော့။ ကောင်းသော နူတ်ဆတ်ခွဲခွာခြင်းပါ ”၂၀၁၀”

လူသားအားလုံး စိတ်ဆင်းရဲမူ့များ နှစ်ဟောင်းနှင့်အတူ ပါသွားဖို့ဆုမွန်ကောင်းတောင်းပါသည်။

Thursday, December 9, 2010

အဘိဓါန်

ချစ်တယ် ဆိုတဲ့စကားကို
ခဏ၊ခဏ တော့ငါမပြောခဲ့ပါဘူး
မေးတိုင်းလည်း မဖြေခဲ့သလို
ပြောဖို့လည်း မကြိုးစားခဲ့ပါဘူး
မယုံရင်လည်းနေ မဆုံချင်လည်းနေပါတော့
တစ်ချို့ကပြောတဲ့ အချစ်အကြောင်းက
ငါ့အတွက်တော့ ဘာသာပြန်လွဲတဲ့ အဘိဓါန် တစ်ခုပါပဲ…….

Tuesday, December 7, 2010

ကောင်မလေး တစ်ယောက် အကြောင်း

မေမေရေ ဒီနေ့ သမီး ဆယ်တန်းအောင်ပြီလေ။ သမီးဘဝအတွက် သမီးလျှောက်လှမ်းဖို့ လမ်းစလေး ပွင့်လာပြီပေါ့နော်။ မေမေ သည်းငြီးခံနေအုံးနော်။ သမီး အလုပ်ရမှ မေမေ အနားယူလို့ရမှာ။ သမီးသတင်းစာထဲမှာ အလုပ်အလိုရှိသည်ဆိုတဲ့ ကြော်ငြာတွေကို လိုက်ရှာပြီး အလုပ်လျှောက်ဖို့လုပ်နေတယ်မေမေ။ အလုပ်တွေကလည်း မေမေရယ် လိုအပ်ချက်တွေများလိုက်တာ… ဟော….. အလုပ်လေးတစ်ခုတော့ တွေ့တယ်မေမေ။ သမီးတို့လို ဆယ်တန်းအောင်ခါစလေးတွေတော့ ဝင်လုပ်လို့ရမယ်ထင်ပ။

မေမေရေ.. သမီးတော့ စာရွက်စာတမ်းတွေတော့ သွားတင်ပြီးပြီမေမေ.. အင်တာဗျူးက မနက်ဖြန်တဲ့ မေမေရဲ့။ မေမေ ဆုတောင်းပေးနော်၊ သမီးအလုပ်ရအောင်လို့လေ။ မေမေရေ.. အင်တာဗျူးဖြေဖို့ လာလိုက်ကျတဲ့ လူတွေအများကြီးပါပဲလား။ သမီးလို ဆယ်တန်းအောင်ခါစလေးတွေရော.. ဆယ်တန်းအောင်တာ ကြာပြီးဖြစ်တဲ့ မမတွေကော အများကြီးမှ အများကြီးပါပဲ။ သတင်းစာထဲက ကြော်ငြာမှာကတော့ သူတို့လိုတဲ့လူဦးရေက ၅ယောက်တဲ့။ ဒီလောက်လူအများကြီးထဲက လူ၅ယောက်ကို ရွေးမှာဆိုတော့ မေမေရယ် သမီးပါပမလားဟင်။

အင်တာဗျူးခန်းထဲရောက်တော့ အင်တာဗျူးတဲ့ လူကြီးကလေ သမီးကိုမေးတယ် သိလား၊ အင်္ဂလိပ်လိုပြောတက်လားတဲ့။ မေမေရယ် သမီးတို့ရဲ့ အခြေအနေက လူလတ်တန်းစားထဲမှာ ပါတယ်ဆိုပေမယ့် ဝမ်းစာစားရုံလေးပဲ လုံလောက်တာလေ။ ဆယ်တန်းအောင်ထားတယ်ဆိုပေမယ့်လည်း သမီးက စာတော်တဲ့ကလေးတစ်ယောက် မဟုတ်ခဲ့ဘူးလေ။ အပြင်သင်တန်းတက်ဖို့ အတွက်ကလည်း မလုံလောက်တဲ့ ဝင်ငွေနဲ့ မေမေကကော ဘယ်လိုမျိုးများ ထားနိုင်မှာလဲ။ မေမေ့ကိုလည်း အပြစ်မတင်ပါဘူးမေမေရယ်။ သမီးမကြိုးစားခဲ့မိတာကိုပဲ အပြစ်ဖွဲ့ရတော့မှာပေါ့နော်။ အခုတော့ အဲလူကြီးက အဲလိုမေးတော့ သမီးမှာ ဘာဖြေရမလဲတောင်မသိပါဘူး မေမေရယ်။ သမီးကလည်း လိမ်မှမလိမ်တက်တာနော်။ သမီးမတက်ဘူးဘဲဖြေလိုက်တယ်လေ။

သူကထပ်မေးသေးတယ်မေမေရဲ့။ ဒီလုပ်ငန်းနဲ့ ပတ်သတ်လို့ အတွေ့အကြုံဘယ်နှစ်နှစ်ရှိသလဲတဲ့လေ။ မေမေရယ်… သမီးက အခုမှ ဆယ်တန်းအောင်တာလေ။ ဘယ်လိုလုပ်ပြီး လုပ်ငန်းအတွေ့အကြုံရှိမှာလဲလို့။ နောက်ပြီး သူတို့ကြော်ငြာထားတဲ့ ထဲမှာလည်းမပါဘူးလေ။ လုပ်ငန်းအတွေ့အကြုံရှိတဲ့လူဆိုတာ ဘယ်လိုမျိုးလဲဟင်မေမေ။ သူတို့လည်း သမီးတို့လို ဘာမှမသိမတက်သေးတဲ့ နေရာကနေ၊ စပြီးပဲ အလုပ်လုပ်လာရတာမလားဟင်။ ဘာလို့ သမီးတို့လို လုပ်ငန်းအတွေ့အကြုံမရှိတာနဲ့ အလုပ်မခန့်ချင်ဘူးတဲ့လားမေမေရယ်။ အဲလိုသာဆိုရင် လူတွေ အလုပ်လက်မဲ့တွေဖြစ်ကုန် ကြမှာပေါ့နော်။ ဘာလို့လူတွေက အစကနေတော့ မစချင်ကြပဲနဲ့ သူများပျိုးထောင်ပြီးသားတွေကိုမှ ပိုက်ဆံလေးနည်းနည်းပိုပေးပြီး ခိုင်းချင်နေကြတာလဲဟင်။

မေမေရေ.. သမီးလေ အလုပ်တွေ တောက်လျှောက် လျှောက်လာရတာ တော်တော်လေးကို စိတ်အားငယ်မိနေပြီမေမေ။ ပင်လည်းပင်ပန်းနေပြီ။ သူများတွေ သင်နေတဲ့ တက်နေတဲ့ သင်တန်းတွေကို မေမေလည်း သမီးကို မထားပေးနိုင်လို့ စိတ်မကောင်းဖြစ်နေပြီလားဟင်။ မေမေ သမီးကို မုန့်ဖိုးမပေးနိုင်လို့လည်း စိတ်မကောင်းမဖြစ်ပါနဲ့မေမေရယ်။ မေမေ ကျွေးထားတဲ့ ထမင်းကို စားနေရတာကိုပဲ သမီးအားနာလှပါပြီ။

မေမေရေ.. မမက ပြောတယ်၊ သမီးကို ကလေးတွေကို စာပြတဲ့ အလုပ်လုပ်ပါလားတဲ့။ သမီးလည်း အလုပ်မှမရသေးတာနော်။ သမီးအဲဒီ့ အလုပ်လေးကိုပဲ သမီးလုပ်ရမှာပေါ့လေ။ သမီးအခု ကလေးတွေကို စာပြတဲ့အလုပ်လေးက ရတဲ့ငွေနဲ့ မိသားစုအတွက် တနိုင်တာဝန်လေးတော့ သမီးယူလို့ရနေပါပြီ။ ဒါပေမယ့်လေ သမီးဒီအလုပ်ကို ဝါသနာ မပါဘူးလေ မေမေရယ်။ ဘာလို့လဲဆိုရင် သမီးက စာမတော်ဘူးဆိုတာ မေမေသိပါတယ်။ သမီး သေချာမသိတဲ့ အကြောင်းအရာတစ်ခုကို သမီးထက်ငယ်တဲ့ သမီးကို အားကိုးနေတဲ့ တပည့်ကို ဘယ်လိုရှင်းပြရမလဲမေမေ။ သမီးအဲလိုပေါ့ပေါ့ဆဆနဲ့တော့ ပညာတွေမပေးချင်ပါဘူး မေမေရယ်။

မေမေကတော့ သမီးကို စိတ်ဆိုးနေပြီနော်။ မေမေ ဒေါသထွက်လို့ ပြောလိုက်တဲ့ စကားတစ်ခွန်းကို သမီးမှတ်မိနေသေးတယ် သိလား။ အင်တာဗျူး တွေဖြေတာ မအောင်လို့လေ။ နင်ဘယ်လိုတွေ ဖြေဖြေလာလို့လဲတဲ့။ အင်တာဗျူးဖြေတယ်ဆိုတာ လိမ်သင့်ရင်လိမ်ရတယ်တဲ့။ နင်မတက်ပေမယ့်လည်း တက်တယ်လို့ဖြေရတယ်တဲ့၊ အတွေ့အကြုံမရှိလည်း ရှိတယ်လို့ဖြေရတယ်တဲ့၊ အဲဒါမှ အလုပ်ရမှာပေါ့တဲ့။ နင့်လိုမျိုးသာ ဖြေနေရင်တော့ ဘယ်တော့မှ အလုပ်ရမှာ မဟုတ်ဘူးတဲ့လေ။ မေမေရယ် သမီးအဲလိုတွေ လိမ်ပြီးမဖြေချင်ပါဘူး။ ဒါဆို ငါးပါးသီလကို သမီး ကြိုးရတော့မှာပေါ့။ အဲလို လိမ်ပြောမှ အလုပ်ရရတော့မှာလားမေမေ။ မေမေက သမီးကို လိမ်ပြောတက်တဲ့ လူဖြစ်အောင်လုပ်တာ မဟုတ်ဘူးဆိုတာကို ယုံပါတယ်။ မေမေ့ရဲ့ဖြတ်သန်းလာတဲ့ ဘဝအတွေ့အကြုံအရ ဒီလိုလုပ်မှ ဒီလိုလေးပြောမှ လောကကြီးနဲ့ သဟဇာတ ဖြစ်မယ်ဆိုတာကို မေမေသိနေတယ်မလားဟင်။ ဒါဆို ဒီလောကကြီးက အလိမ်အညာတွေနဲ့ပဲပြည့်နေတာပဲလားဟင်။ မေမေတို့ ငယ်ငယ်တုန်းကကော ဘယ်လိုဖြတ်သန်းလာခဲ့ရလဲဟင်။

မေမေရေ.. သမီးလေ စဉ်းစားရင်း စဉ်းစားရင်းနဲ့ ခေါင်းတွေရူပ်ပြီး စိတ်ဓာတ်တွေလည်း ကျနေပါပြီ။ တစ်နေ့ မေမေက သမီးကို ပြောတယ်၊ အစ်မတစ်ယောက်က အလုပ်တစ်ခုပြောပေးမယ်တဲ့၊ အရောင်းဝန်ထမ်း လုပ်ရမှာတဲ့၊ ရောင်းရမယ့် အရာက ဆေးတဲ့၊ ဆရာဝန်တွေ ညွှန်ကြားပေးမှ သောက်လို့ရတဲ့ ဆေးတွေတဲ့လေ။ ဒီတစ်ခါရအောင်နင်ဖြေရမယ်တဲ့၊ မတက်လည်းတက်တယ်လို့ဖြေတဲ့၊ လိုအပ်မယ့် အရာတွေကို အဲဒီ့အစ်မဆီမှာ သွားသင်တဲ့၊ မေမေရယ်… သမီးလည်း အလုပ်ရချင်တာပေါ့၊ ဒါကြောင့် ဒီတစ်ခေါက်တော့ သမီးမေမေ ပြောတဲ့အတိုင်းပဲ ဖြေမယ်လို့ ဆုံးဖြတ်ထားတယ် မေမေ။

ပြောပေးမယ့် အစ်မကလည်း သေချာသင်ပေးပါတယ်။ နောက်ပြီး အားလည်းပေးတယ်။ မတက်တဲ့အရာဆိုတာ ကိုယ်က သင်ယူချင်စိတ်ရှိရင် အကုန်သင်ယူလို့ ရတယ်တဲ့။ ဘာမှ အားငယ်ဖို့ မလိုတဲ့ အကြောင်းသူကပြောတယ်လေ။ သမီးက နည်းနည်းတော့ ကြောက်တာပေါ့မေမေရယ်၊ ဆေးဆို ပါရာစီတမော လောက်သာသိတဲ့ သမီးက ဒီဆေးရောင်းတဲ့ အလုပ်ကို ဘယ်လိုလုပ်ရမလဲပေါ့လေ။ အဲဒါကြောင့် အစ်မက အဲဒီ့လို ပြန်ပြောလိုက်တာ သိလားမေမေ။ မသိတာ မတက်တာ သိချင်တာရှိရင် သူ့ကို မေးလို့ ရတယ်ဆိုတဲ့ အကြောင်းလည်းပြောတယ် မေမေရဲ့သိလား။ သူက ဆရာဝန်လေ၊ အဲဒီ့တော့ သူအကုန်ရှင်းပြနိုင်တယ်တဲ့။

ဒါနဲ့ပဲ မေမေရယ် သမီးလေ အင်တာဗျူးကို သွားဖြေခဲ့တယ်။ မေမေ ပြောသလိုပဲ သမီးလည်း အတက်နိုင်ဆုံးဖြေခဲ့တယ်မေမေ။ နောက်နေ့ကျတော့ အင်တာဗျူးအောင်တယ်၊ဘယ်နေ့ အလုပ်လာဆင်းပါ ဆိုတဲ့ ဖုန်းလာပါလေရောလေ။

အဲဒီ့မှာ သမီးသိလိုက်ရတာ တစ်ခုရှိတယ်မေမေ။ အလုပ်တစ်ခုရဖို့ဆိုတာ မလွယ်တာကိုသိလိုက်ရတယ်။ တခြားနိုင်ငံတွေတော့ မသိဘူးပေါ့မေမေရယ်… သမီးတို့မွေးကတည်းက နေလာတဲ့ သမီးတို့ရဲ့နိုင်ငံမှာတော့ တကယ်ကို မလွယ်ကူပါဘူး။ အလုပ်တစ်ခု ရဖို့အတွက် ကန့်သတ်ချက်တွေများတဲ့အပြင် မတက်တဲ့သူကို တက်အောင်သင်ပေးဖို့လည်း စိတ်ကူးမရှိကြဘူးလေ။ အကုန်လုံးကို အဆင်သင့်လေး လိုချင်နေကြတဲ့ အလုပ်ရှင်တွေပဲ များကြတာကို သမီးတွေ့ရတယ်မေမေ။ သမီးတို့လို ခေတ်နဲ့အညီလိုက်ပြီး ပညာမသင်နိုင်၊ အတွေ့အကြုံမရှိတဲ့ လူတွေအတွက်ကတော့ အလုပ်ဆိုတာဘယ်နားနေမှန်းကို မသိပါဘူး။

သမီးတောင် ကံကောင်းလို့ ဒီအလုပ်ကို ရခဲ့တာမေမေ။ ဒါကြောင့် ဒီအလုပ်မှာ သမီးကြိုးစားမယ် မေမေ။ ဒီအလုပ်က ရတဲ့ ပိုက်ဆံနဲ့လဲ မိသားစုကိုလည်း တက်နိုင်တဲ့ဘက်ကသမီးကူညီမယ်၊ နောက်ပြီးသမီး မတက်သေးတဲ့ ပညာတွေကိုလည်း သမီးတက်အောင်သင်ရအုံးမယ်မေမေ။ သမီးဘဝအတွက် ဒီအလုပ်လေးက အလင်းရောင်လေးတစ်ခုပါပဲမေမေရယ်။ ဒါကြောင့် မေမေ့ကိုလည်း ကျေးဇူးတင်သလို အလုပ်အတွက်ပြောပေး သင်ပြပေးတဲ့ အစ်မကိုလည်း ကျေးဇူးတင်တယ်။ မေမေရေ…. နောက်မှ သမီးရဲ့ အလုပ်အကြောင်းလေးတွေကို မေမေ့ကို ပြန်ပြောပြရအုံးမယ်။ သမီး ဘယ်လိုတွေ အလုပ်လုပ်ခဲ့ရတယ်ဆိုတာကို မေမေသိမှာမဟုတ်ဘူးနော်……… သမီးတစ်နေ့တော့ မေမေ သိအောင်ပြောပြဖြစ်မှာပါ မေမေ….

Friday, December 3, 2010

ဆောင်းအိမ်မက် တစ်ခု

ရာသီဥတု မရှိတဲ့ တိုင်းပြည်တစ်ခုမှာ နေပြီးတော့ ကိုယ့် မြန်မာပြည်ကို တမ်းတမှန်းဆပြီး၊ ဒီအချိန်ဆို တို့တိုင်းပြည်မှာ အေးသင့်သလောက်တော့ အေးနေတော့မှာပဲလို့တွေးနေမိတုန်း၊ ရှင့်ကိုပါ အတွေးထဲရောက်လာမိတာပါပဲ။

တကယ်ဆို အချိန်တွေကတော်တော်ကို နှောင်းနေပါပြီ။ ဘယ်လိုပဲ အချိန်နှောင်းနှောင်း အတိတ်ဆိုတာကို ဘယ်လိုပဲမေ့ထားမေ့ထား၊ ပြန်ပြင်လို့မရတဲ့ အရာတွေကတော့ကျန်နေခဲ့တာပါပဲလေ။ အဲဒီ့ အချိန်တုန်းကလေ၊ ကျမဘာဖြစ်လို့များ ရှင့်ကိုလမ်းခွဲဖို့ဆုံးဖြတ်လိုက်ရတာလဲ၊ ရှင်ကကော ကျမလမ်းခွဲတာကို တစ်ချက်ကလေးတောင် မတားခဲ့ရတာလဲ။ ကျမအသက်အရွယ်ကြောင့် ကျမဆုံးဖြတ်ချက်တွေ မှားသွားတာလား။ အချစ်ဆိုတာကလည်း ရေးရပြောရတာသာ လွယ်တာ တော်တော်လေးတော့နားလည်ရခက်သားပဲနော်။

အရာအားလုံးပြီးဆုံးသွားတော့မှ ရှင့်ကိုကျမ ချစ်ခဲ့တယ်ဆိုတာကို သိလာ၊နားလည်လာရတယ်။ အဲဒီ့လို နားလည်လာအောင်များ ရှင်လုပ်လိုက်သလားမသိပါဘူး။ အခုများ ရှင်နဲ့ပြန်တွေ့ရင် ကျမ တည်တည်ငြိမ်ငြိမ်နဲ့ ပြုံးပြနိုင်ပါ့မလားဟင်။ ကျမကိုယ်ကျမ အခုထိကို နားမလည်နိုင်သေးပါဘူး။ ဘာလို့လဲဆို ရှင်နဲ့လမ်းခွဲပြီးတဲ့နှစ်တွေတော်တော် ကြာတဲ့အထိကို ကျမရှင့်ကို ချစ်ခဲ့တယ်ဆိုတာကို လက်မခံခဲ့လို့ပါပဲ။ အရင်ရည်းစားတွေလိုပဲ ကွဲပြီး၊ နောက်တစ်ယောက်ထား မေ့သွားမှာပဲလို့တွေးထင်ထားခဲ့မိတာလေ။ ကျမ တော်တော်ကို ဆိုးခဲ့တာပဲနော်။

နှစ်တွေတော်တော်လေးကြာပြီး တစ်ရက် သူငယ်ချင်းပြောလိုက်တဲ့ စကားတစ်ခွန်းကို ကြားမှပဲ ကျမ ရှင့်ကိုတော်တော်လေး ချစ်ခဲ့၊ ချစ်နေဆဲဆိုတာကို သိလိုက်ရတယ်။ အဲဒီ့စကားကတော့ ရှင်မြန်မာပြည်ပြန်လာပြီး မင်္ဂလာဆောင်တော့မယ် ဆိုတဲ့စကားလေးပါပဲ။ ကျမလေ သူငယ်ချင်းရှေ့မှာတော့ ကျမအလှပဆုံးပြုံးပြီး ကောင်းတာပေါ့လို့ ပြောနိုင်ခဲ့ပါတယ်။ ဒါပေမယ့် လူတွေမရှိတဲ့ တစ်နေရာမှာတော့ ကျမလေ….

အဲဒီ့နေ့ကတည်းက ကျမမြန်မာပြည်ကနေ ထွက်ပြေးချင်နေခဲ့တာပါ။ ရှင်ပြန်လာလို့ လမ်းမှာပဲဖြစ်ဖြစ် ကျမရှင်နဲ့ ဆုံမိမှာကို အရမ်းကြောက်နေခဲ့တယ်။ ကျမ ရှင်နဲ့တွေ့ရင် ပြုံးမနေနိုင်မှာ စိုးလို့ပါ။ ကျမ မြန်မာပြည်ကနေ မြန်မြန်ထွက်ပြေးနိုင်ဖို့ကို ကျမ အသည်းအသန်ကြိုးစားခဲ့တာပါပဲ။ ကျမ ဆုတောင်းတွေ ပြည့်တယ်သိလား၊ ကျမ ရှင်မင်္ဂလာမဆောင်ခင်မှာပဲ ကျမ ထွက်ပြေးနိုင်ခဲ့တယ်။ ရှင့် အတွက်ကျမ အနှောင့်အယှက် ဖြစ်မှာစိုးလို့ပါ။ နောက်တော့ သူငယ်ချင်းတစ်ယောက်ဆီကနေ ပြန်ကြားပါတယ်။ ရှင် မင်္ဂလာဆောင်ပြီးပြီတဲ့။ ကျမကျေနပ်ပါတယ်။

ကျမ ရဲ့ဆုံးဖြတ်ချက်နဲ့ ကျမရွေးချယ်ခဲ့တဲ့ လမ်းကို ရှင်မတားပဲရှင့်အတွက် အကောင်းဆုံးဖြစ်မယ့်လူကို ရှင်ရွေးချယ်ရမှာပေါ့။ အခုတော့ ကျမ ဒီရောက်နေတာတောင် နှစ်နှစ်ကျော်ပြီဆိုတော့ ရှင့်မင်္ဂလာသက်တမ်းလည်း နှစ်နှစ်ကျော်နေပြီပေါ့နော်။ ရှင်လည်း ရှင့်မိသားစုနဲ့ရှင်ရှိနေပြီ၊ ကျမလည်း ကျမ အချစ်သစ်နဲ့ ကျမရှိနေပြီဆိုပေမယ့် တစ်ခါတစ်လေတော့လည်း ရှင့်ကို သတိရမိတယ် ဆိုတာကိုတော့ ကျမ ဝန်ခံပါရစေ။

အစတည်းက အစ်ကိုတစ်ယောက်လို အားကိုးခဲ့တဲ့ ကျမရဲ့ စိတ်ကြောင့်လို့ကျမထင်ပါတယ်။ သူများတိုင်းပြည်မှာ မိသားစုနဲ့မဟုတ်ပဲ ကျမတစ်ယောက်တည်း နေရတော့ တစ်ခါတစ်လေ အားငယ်တဲ့ စိတ်လေးတော့ ရှိတယ်လေ။ အဲလိုအချိန်ဆို ကျမရှင့်ကို သတိရမိတယ်။ ရှင်ရှိနေရင် ရှင့်ကိုဂျီကျမိမှာပဲလို့ပေါ့။ ကျမတော့ ငရဲတွေကြီးကုန်ပြီထင်ပါတယ်နော်။ အိမ်ထောင်ရှိပြီးသား ယောင်္ကျားတစ်ယောက်ကို ကျမ သတိရနေမိလို့ပေါ့။ ကျမ မှားနေပြီထင်တယ်နော်။ အဲလိုရှင့်ကို သတိရမိတိုင်း ရှင်ပျော်နေပါစေလို့ ကျမစိတ်ထဲကနေ ဆုတောင်းပေးနေမိပါတယ်။

ရှင့်ကိုတစ်ကြိမ်လောက်ဖြစ်ဖြစ်တော့ ကျမပြန်မြင်ချင်နေမိပါတယ်။ အဝေးကနေဖြစ်ဖြစ်ပေါ့နော်။ ရှင့်ရဲ့ သားဖြစ်ဖြစ် သမီးဖြစ်ဖြစ်၊ ရှင့်ရဲ့ မိသားစုလေးကိုလဲတွေ့ချင်မိတယ်။ ရှင်ကတော့ တည်ငြိမ်တဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်ထားပြီလို့ ကျမယုံကြည်ပါတယ်။ ကျမကတော့ တည်ငြိမ်တဲ့ ဘဝတစ်ခုကိုတော့ မပိုင်ဆိုင်သေးပါဘူး။ ပိုင်ဆိုင်နိုင်အောင်တော့ ကျမကြိုးစားနေဆဲပါ။ လက်ရှိရနေတဲ့ အချစ်တစ်ခု အပေါ်ကိုလည်း တည်မြဲအောင် ခိုင်မြဲအောင် ကြိုးစားနေပါတယ်။ ရှင်နဲ့ ပတ်သတ်ပြီး မှားခဲ့တဲ့ အမှားမျိုး၊ ဆုံးဖြတ်ခဲ့တဲ့ အမှားမျိုးထပ်မဖြစ်အောင် ကိုယ့်ချစ်သူကို မနာကြဉ်အောင် ကျမ အတက်နိုင်ဆုံး ဂရုစိုက်နေပါတယ်။

တစ်ခါတစ်လေ ရှင့်ကို သတိရနေတာတောင် ကျမချစ်သူကို နာကြဉ်အောင် လုပ်မိနေပြီထင်တယ်နော်။ ကျမရှင့်ကို ပြောပြချင်ပါသေးတယ်၊ ကျမ ချစ်သူကျမကို ဘယ်လောက်ချစ်သလဲဆိုတာလေ။ တစ်နေ့နေ့ တစ်ချိန်ချိန်တော့ ကျမတို့နှစ်ယောက် မျက်နှာချင်းဆိုင်ထိုင်ပြီး ကျမမိသားစု အကြောင်း၊ ရှင့်မိသားစု အကြောင်းတွေကို ရီရီမောမောနဲ့ ပြောနေနိုင်မယ်လို့ ယုံကြည်ပါတယ်။

“ဟိတ်.. ဘာတွေတွေးနေတာလဲ ခိုင်…. အလုပ်မသွားတော့ဘူးလား… နောက်ကျနေပြီလေ…..”

သူငယ်ချင်း ဝေ လှမ်းပြောမှ ကျမ နာရီကို ကြည့်မိသည်။ ဟုတ်ပါရဲ့… နောက်ကျနေပြီ….
တော်ကြာ ကျမရဲ့ ချစ်သူ လာခေါ်တော့မည်။ တော်ကြာ ကျမ ရည်းစားဟောင်း အကြောင်း တွေးနေလို့ နောက်ကျသည်ကိုသာ သူသိလျှင်တော့ဖြင့်………………….. :P

Monday, November 22, 2010

အဲဒါ ဗမာလားတဲ့..............

ရီမိုး ရဲ့ အခု လက်ရှိဖြစ်ပျက်နေတဲ့ အဖြစ်အပျက်လေးပါ။ စိတ်ထဲမှာ သိမ်းထားရတာ အတော်ကို ပင်ပန်းပြီး အတော်ကို ဝမ်းနည်းစရာကောင်းတဲ့ အတွက် စာသားတွေ အနေနဲ့ ချရေးပြီး ရင်ဖွင့် မိတယ်ပဲ ဆိုပါတော့နော်…


ရီမိုးတို့ မလေးရှားမှာ တော်တော်လေး ခေတ်စားပါတယ်၊ ဗမာအချင်းချင်းပေါ့နော်။ မလေးရှားတင်လား တခြားနိုင်ငံမှာ ရောက်ရှိနေကြသော ဗမာများကော ဒီလိုရှိမလားတော့ မသိပါဘူး။ အထူးသဖြင့် ယောင်္ကျားလေးတွေပါ။ ကောင်မလေး တစ်ယောက်ဖုန်းနံပါတ် တစ်ခုရပြီဆိုရင် တစ်ခြားသူငယ်ချင်းတွေကိုလည်း လျှောက်ပေး ဖုန်းတွေဆက်ခိုင်း၊ ပြီးတော့ ချစ်စကားကြိုက်စကားပြောပေါ့လေ။ ယောင်္ကျားလေးတိုင်းကို မဆိုလိုပါဘူးနော်။ ရီမိုး မြင်ဘူးတဲ့ ကြုံဖူးတဲ့ ယောင်္ကျားလေးတွေဆိုရင် ဒီလိုမျိုး မရှိပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် အကြောင်းအမျိုးမျိုးကြောင့် ခင်ပြီးသားတွေ၊ ကောင်မလေးဘက်ကလဲ ကျေကျေနပ်နပ် ဖုန်းနံပါတ်ပေးလို့၊ ကောင်လေးဖုန်းဆက်တိုင်းလည်း ကောင်မလေးက ဖုန်းပြန်ကိုင်ပြီး စကားပြန်ပြောတယ်ဆိုရင်တော့ အတိုင်းထက်အလွန်ကောင်းပါတယ်။ ဒါပေမယ့် ဘယ်က ဘယ်လိုကောင်မလေး ဖုန်းနံပါတ်ကို ရပြီး ဖုန်းတွေ အချိန်မတော်ခေါ်၊ ကောင်မလေးက လက်ခံပြီးစကားမပြောဘူးဆိုရင် အလိုလို ကောင်လေးဘက်က နောက်ဆုတ်သင့်တယ် ဆိုတာကိုလည်း ကောင်လေးတွေ နားလည်စေချင်ပါတယ်။


ဘာလို့လဲဆို အခု ရီမိုး နဲ့ အတူနေ အစ်မခံစားနေရတဲ့ အရာတစ်ခုကို ပြောပြချုင်ပါတယ်။ ရီမိုးတို့ပတ်ဝန်းကျင်မှာ ဗမာအပေါင်းအသင်း အလွန်ရှားပါတယ်။ ဗမာမိန်းခလေးတွေလည်းမရှိပါဘူး။ အလုပ်မှာကလည်း ဗမာဆိုလို့ ခန့်ထားတာ ၃ယောက်ပဲရှိတာပါ။ မိန်းခလေးက ရီမိုးတို့ နှစ်ယောက်၊ ယောင်္ကျားလေး ၁ယောက်ပဲရှိတာပါ။
ခင်တဲ့ယောင်္ကျားလေးဆိုလို့လည်း အဲဒီ့၁ယောက်ပဲရှိတာပေါ့လေ။ အလုပ်အတူတူ လုပ်တဲ့ လူဆိုတော့လည်း ဖုန်းနံပါတ်ကို ပေးထားရတယ်လေ။ အလုပ်မှာက လိုတာကိုး…. သူကမှ တစ်ဆင့် သူ့ သူငယ်ချင်းဆိုသူက ဖုန်းနံပါတ် ရသွားပါတယ်။ အဲဒီ့ကောင်လေးက ရီမိုး တို့ အိမ်နားက ဆိုင်တစ်ဆိုင်မှာ အလုပ်လုပ်တာပါ။ ဈေးဝယ်ရင်းနဲ့ သိတာက တစ်ကြောင်း၊ အလုပ်တူ အစ်ကိုကြီးနဲ့ သိတာကတစ်ကြောင်းဆိုတော့ သူ့ဆီဖုန်းနံပါတ်ရှိနေတာ ဘာအရေးလဲလို့ ကိုယ်တွေက နေနေခဲ့တာပေါ့။


အဲဒီ့ ကောင်လေးက စပြီးဖောက်တာပါပဲ။ အတူနေ အစ်မ ဆီကို ဖုန်းတွေ ဆက်ပါတယ်။ ပထမ အစ်မကလည်း သိနေတဲ့ သူတွေလည်း ဖြစ်တော့ ဖုန်းနားထောင်လိုက်ပါတယ်။ အကြောင်းမရှိပဲ နည်းနည်း ရက်ဆက်ပြီးခေါ်လာတော့ အစ်မကလည်း ဖုန်းမကိုင်တော့ပါဘူး။ အဲဒါကို သူက စိတ်ဆိုးတယ် ထင်ပါတယ်။ တစ်ခြားသူဆီ ဖုန်းနံပါတ်ပေးပြီး ဆက်ခိုင်းပါတယ်။ ပထမဆုံးဖုန်းခေါ်တော့ အစ်မကဖုန်းကိုင်မိသွားပါတယ်။ နောက် သူမသိတဲ့ လူဆိုတော့ ဖုန်းပြန်ချပြီး ဖုန်းလုံးဝမကိုင်တော့ပါဘူး။ အဲဒါကို အချိန်တိုင်း အလုပ်ချိန်၊ ညအိပ်ချိန်တောင် မရှောင်ပဲ ဖုန်းတွေခေါ်နေခဲ့ပါတယ်။ အဲဒါနဲ့ အစ်မလည်း စိတ်ညစ်လွန်းလို့ဆိုပြီး ဖုန်းနံပါတ်ကို ပြောင်းလိုက်ပါတယ်။


အဲဒီ့မှာ အဲဒီ့လူက ရီမိုးရဲ့ ဖုန်းကိုခေါ်လာပါတယ်။ အဲဒီ့မှာမှ သူ့ကို ဘယ်သူ ဖုန်းနံပါတ်ပေးလိုက်တယ်ဆိုတာ သိသိသာသာကြီးကို ပေါ်လာတာပါပဲ။ ဖုန်းနံပါတ် နှစ်ခုလုံးကို သိတဲ့လူဆိုလို့ အလုပ်တူတဲ့ အစ်ကိုကြီးရယ်၊ ဈေးဆိုင်က တစ်ယောက်ရယ်၊ ဒါပဲရှိတာဆိုတော့ အဖြေက ထွက်လာပါတယ်။ အဲဒီ့လူက ဖုန်းနံပါတ်ကို အမျိုးမျိုးပြောင်းပြီးခေါ်နေတာပါ။ ဖုန်းကိုခေါ်တာများ မနားမနေကို ခေါ်နေတာ ကိုယ့်ဖုန်းတောင် သုံးလို့ မရအောင်ကို မနားမနေ မရပ်မနားကို ခေါ်နေတာနဲ့ ရီမိုး ဖုန်းကိုင်လိုက်ပါတယ်။ အဲဒီ့အခါ အဲ့ဒီ့လူက ဘာပြောသလဲဆိုရင် အစ်မဆီကို ဖုန်းခေါ်လို့မရလို့ ရီမိုးဆီကို ခေါ်တာပါတဲ့၊ အစ်မရဲ့ဖုန်းနံပါတ် ကိုပေးဖို့နဲ့ သူ့ကို ကူညီပါတဲ့၊ သူ အစ်မကို ချစ်လို့ပါတဲ့လေ။ လူတောင်ကောင်းကောင်း မမြင်ဘူးပဲနဲ့ သူက ချစ်လို့ဆိုတော့ စိတ်ထဲမှာလဲ တော်တော်လေး ရီချင်သွားတယ်။ ရီမိုးလည်း တစ်ခွန်းပဲ ပြန်ပြောလိုက်ပါတယ်။ မကူညီနိုင်ပါဘူးလို့၊ သူဖုန်းမကိုင်တာ နင့်ကို စိတ်မဝင်စားလို့ ဖြစ်မှာပေါ့လို့၊ ဒီလောက်ဆို သဘောပေါက်ပေါ့လို့ ပြောလိုက်တော့ သူက စိတ်ဆိုးမာန်စိုး နဲ့ ပြောချင်ရာတွေပြောပြီး၊ ရီမိုးရဲ့ ကိုယ်ရေးကိုယ်တာတွေကိုပါ ပြောလာပါတယ်။ အဲဒါနဲ့ ရီမိုးလည်း ဆက်နားထောင်မနေပဲ၊ ဖုန်းလုံးဝကို မကိုင်တော့ပါဘူး။ အဲဒါကို တစ်ညလုံးကို ဖုန်းခေါ်နေတာ၊ ဖုန်းတောင် အသံပိတ်ပြီးအိပ်လိုက်ရတဲ့ အဖြစ်ပါပဲ။


အဲဒီ့မှာ သူကတစ်ဆင့်ထပ်တက်လာပါတယ်။ ဖုန်းခေါ်လို့ မရတော့ လူလုံးထွက်ပြလာပါတယ်။ မိန်းခလေးတစ်ယောက်ကို ချစ်တယ်ဆိုတဲ့ လူရဲ့ လုပ်ရပ်ကို ပြောပြပါမယ်။ အိမ်နားမှာ မူးပြီး လာအော်နေတာပါပဲ၊ ရီမိုးတို့က သူဌေးတွေနဲ့ နေရတာပါ။ အိမ်နားမှာ အဲဒီ့လိုလာအော်နေတာ ဘယ်လောက်တောင် စိုးဝါးတဲ့ အဖြစ်လဲဆိုတာ ပြောပြစရာမလိုဘူးထင်ပါတယ်။ ရီမိုး တို့ ဗမာ ၃ယောက်လုံးပေါ့လေ၊ အလုပ်မှာဆို ဗမာလူမျိုးဆိုတာ ဘာပါ ဆိုပြီး လက်မထောင်ပြီးနေလာခဲ့တာပါ။ ကဲ…အခုတော့သွားပြီ။


အစပိုင်းတော့ သူဌေး ကကြည့်နေတဲ့ အဆင့်ပါ။ ကိုယ်တွေကိုလည်း ဘာမှ မမေးရှာပါဘူး။ ဒီတိုင်းပဲ မူးပြီးလာအော်နေတယ် လို့ပဲသူက ထင်နေတာပေါ့လေ။ အဲဒါ တစ်ရက်မဟုတ်၊ သုံးရက်လောက်ဖြစ်လာတော့၊ ပတ်ဝန်းကျင်က ရဲခေါ်လိုက်တယ်ထင်ပါတယ်။ လာဖမ်းသွားတယ်တဲ့။ လာဖမ်းသွားပြီး နောက်နေ့မနက်မှာမှ အစ်မ ကသူဌေးကို ပြောပြလိုက်ပါတယ်။ သူ့ကို လိုက်နှောင့်ယှက်နေတဲ့ အကြောင်းပေါ့လေ။ အဲဒီ့တော့မှ သူဌေးက သိပြီး နင့်ကိုနှောင့်ယှက်နေတာလား၊ ဘာမှမပူနဲ့ ရဲဖမ်းသွားပြီတဲ့လေ။ ပြီးတော့ သူဌေးက ပြောသေးတယ်။ အဲဒီ့ကောင် ရူးနေတာတဲ့၊ လာအော်နေတဲ့ အပြင်ကို အရက်ပုလင်းကလည်း ပါသေးတယ်၊ မဖွယ်မရာကလည်းလုပ်ပြနေတယ်တဲ့လေ။ ဒါသူဌေး ပြောပြတာ၊ ကိုယ်တွေကတော့ ကြောက်လွန်းလို့ ချောင်းတောင်မကြည့်ရဲပါဘူး။


ပြီးတော့ သူဌေးက အဲဒီ့ကောင၊် မလေးတဲ့၊ အစ်မလည်း ဘာပြန်ပြောရမှန်းလည်း မသိ လိမ်ကလည်းမလိမ်ချင်၊ မျက်နှာပူပူနဲ့ ပဲ အဲဒါ မလေးမဟုတ်ဘူး ဗမာလို့ပြောလိုက်ရတယ်လေ။ ဘာလို့လဲဆို အဲဒီ့ အကြောင်းကို အစအဆုံး သိတဲ့ လူကလည်း ဘေးမှာ ရှိနေတော့ မပြောလို့လဲမရဖြစ်သွားတယ်။ အဲဒီ့သတင်း ကြားကြားချင်းတော့ စိတ်မကောင်းတောင်ဖြစ်သွားတယ်။ ကိုယ့်ဗမာလေ၊ ရဲဖမ်းခံလိုက်ရတယ်ဆိုတော့ တကယ်ပါ၊ စိတ်ထဲမှာ မကောင်းဘူး၊ ဒါပေမယ့် သူ့ရဲ့ လုပ်ရပ်တွေကကော ဗမာလူမျိုးတို့ လုပ်သင့်လုပ်ထိုက်တဲ့ အရာတွေလား။ ဗမာ အမျိုးသမီးတစ်ယောက်ကို အရှက်ခွဲလိုက်ရမှ စားဝင်အိပ်ပျော်မှာလား။ သူ့ကို သိတောင်မှ မသိတဲ့ ဗမာမိန်းခလေးတစ်ယောက်လေ…… သူဘာတွေကိုများ အညိုးကြီးနေရတာလဲ။ မကျေနပ်ဘူးဖြစ်နေရတာလဲ။ ရီမိုးလည်းနားမလည် နိုင်အောင်ကို ဖြစ်နေရပါတယ်။

အဲဒါနဲ့ နှစ်ရက်လောက်ကြာတော့ သူပြန်လွတ်လာပါတယ်။ ပိုက်ဆံနဲ့ ပြန်ရွေးလိုက်တယ်ထင်ပ။ ပြန်လွတ်လာတာ သိရခြင်းအကြောင်းကတော့၊ အိမ်ဘေးမှာလာမူးပြီး ရမ်းကားသွားလို့ပါပဲ။ အော်ဟစ်နေလိုက်တာများ ကြောက်စရာကောင်းလိုက်တာ။ အဲဒီ့နေ့က သူဌေးကလည်း မရှိတော့ ရီမိုး တို့ နှစ်ယောက်များ ကြောက်လိုက်တာ၊ ခြံထဲ ကျော်ဝင်လာမှာ စိုးနေတာလေ။ မူးကလည်းမူးနေ၊ ပြီးတော့ တစ်ယောက်ထဲမဟုတ်ဘူး၊ အဖေါ်အပေါင်းကလည်း ပါသေးတယ်ဆိုတော့ ကြောက်တာပေါ့။ မူးမူးရူးရူးနဲ့ လည်း အကုန်လုံးကို သတ်ပစ်မယ် လို့အော်လိုအော်၊ မကိုချစ်တယ်လို့အော်လိုအော်နဲ့၊ ရှက်စရာကောင်းလိုက်တာ မပြောပါနဲ့တော့။ ည ၉နာရီလောက်ကတည်းက အဲဒီလိုအော်နေလိုက်တာ၊ မနက် ၁နာရီခွဲ ၊ ၂ နာရီလောက်မှ အသံတိတ်သွားတော့တယ်။ ရီမိုးတို့လည်း ကြံရာမရတော့ သူဌေးကိုပဲ လှမ်းပြောရတာပေါ့၊ သူဌေးကလည်း ဟိုဗမာကောင်လား၊ ဟိုဗမာကောင်လားနဲ့ မေးတာကို ရက်စ် လို့ဖြေဖို့ကို တော်တော်လေး အားယူခဲ့ ရတယ်။ မပြောပဲနေပြန်ရင်လည်း ကိုယ့် အတွက်က အန်တရယ် ဖြစ်လာမှာလည်း ကြောက်ရတော့ ဘယ်လိုလုပ်ကြမလဲနော်…… ကိုယ်နဲ့ အလုပ်တူ တွဲလုပ်တဲ့ ကုလားမလေးကို ပြောပြတော့ နင်တို့ ဗမာ ယောင်္ကျားလေးတွေလည်း ဒီလိုလုပ်တာပဲလားတဲ့။ အမလေး… ရှက်လိုက်တာမပြောပါနဲ့တော့။ မျက်နှာတောင် ဘယ်နားသွားထားရမလဲ မသိတော့ပါဘူး။ ကဲ… အဲလိုမျိုးပဲ နေ့တိုင်းသာ လာလုပ်နေရင်တော့ ရီမိုးတို့ အလုပ်ထွက်ရတော့မယ်။


မိဝေးဖဝေးနဲ့ ကိုယ့်လုပ်အားနဲ့ကိုယ် ရိုးရိုးသားသား အလုပ်လာလုပ်နေတဲ့ ကိုယ့်ဗမာ မိန်းခလေးတွေကို ကိုယ့်ဗမာ ယောင်္ကျားလေးတွေကပဲ အရှက်ခွဲနေတာလား။ ဘာဖြစ်လို့များ နှမချင်းမစာနာ နိုင်ကြတာလဲ။ နိုင်ငံခြားထွက်ပြီး အလုပ်လာလုပ်တဲ့ မိန်းခလေးတွေ အပေါ်မှာ အထင်အမြင်သေးတဲ့ သဘောလား။ မကူညီချင်နေပါ အနှောင့်အယှက်တော့ မပေးသင့်ဘူးထင်ပါတယ်။ ကိုယ်လည်း အလုပ်လာလုပ်ပြီး မိသားစုကိုရှာကျွေးနေတာပဲ၊ သူလည်း အလုပ်လာလုပ်ပြီး မိသားစုကို ရှာကျွေးနေတာပဲ။ ကိုယ့်ထမင်းကိုယ်စားပြီး ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး ရဲ့ ဂုဏ်ကိုတော့ ကျအောင်မလုပ်သင့်ပါဘူးနော်။ ငယ်ရွယ်သူတွေမို့ ချစ်တယ်ကြိုက်တယ်ဆိုတာ ရှိတယ်ဆိုပေမယ့်၊ မိန်းခလေးတွေ ဘက်ကလည်း ငြင်းပိုင်ခွင့်ရှိတယ်ဆိုတာ ယောင်္ကျားလေးတွေ သိထားပြီး မိန်းခလေးတွေ ဘက်ကို နားလည်ပေးစေချင်ပါတယ်။ ကိုယ့်ကို ပြန်မကြိုက်ဘူး၊ ကိုယ်ခေါ်တဲ့ ဖုန်းကို မကိုင်လို့ ဆိုပြီး ဒီလိုမျိုးတွေ လျှောက်လုပ်နေမယ်ဆိုရင် ဘယ်သူတွေ ဂုဏ်တက်သွားမှာ မလို့လဲ၊ ဘယ်အရာမှ မကောင်းတဲ့ အရာတစ်ခုလို့ ရီမိုးကတော့ မြင်ပါတယ်။ ကဲ… အခုတောင် ရီမိုးတို့ ဘာဆက်လုပ်ရပါ့မလဲနော်……..

Monday, November 15, 2010

ဖော်မပြတက်သော ပျော်ရွှင်မူ့

အမေစု လွတ်ပြီတဲ့…. လွတ်တဲ့နေ့ ညနေခင်းမှာပဲ မတ်ဆေ့ခ်ျ တွေရောက်လာပြီး တစ်ယောက်နဲ့ တစ်ယောက် အကြောင်းကြားကြတယ်။ မတ်ဆေ့ခ်ျ လေးကို ဖတ်ပြီး မျက်ရည်တောင်လည်မိတယ်။ ဗမာပြည်သူပြည်သား တွေရဲ့ဆုတောင်းသံလေးတွေဟာလည်း မိုးထက်မှာ ညံနေမယ်ဆိုတာကို စိတ်ထဲမှာ မှန်းကြည့်ယုံနဲ့တင် ပြီးပြည့်စုံနေပါပြီ။

အခုဆိုလည်း အင်တာနက်မှာ အမေ့အကြောင်း၊ facebook ပေါ်မှာလည်း အမေ့ပုံ အမေ့အကြောင်း၊ အမေ့ရဲ့ မိန့်ခွန်းတွေနဲ့ ဝဲပျံနေပါတယ်။ အမေ့ရဲ့ အပြုံးတွေက ပြည်သူတွေကို အားဖြစ်စေတယ်။ ပြည်သူတွေရဲ့ ဆုတောင်းသံ၊ အားပေးသံ တွေကလည်း အမေ့ကို အားဖြစ်စေမှာပါ။ အမေ့ကို နေအိမ် အကျယ်ချူပ်ချထားတာ ရီမိုး တို့ တစ်သက်လောက်ရှိချင်ရှိမယ်၊ ကျော်ချင်လည်းကျော်မယ်၊ ရီမိုး သေချာမသိပါဘူး။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် ဆိုတဲ့ နာမည်ကြားတာနဲ့တင် ရင်ထဲက လိုက်လိုက်လှဲလှဲ လေးစားရတာ အခုထိပါပဲ။ နောင်လည်း ဆက်ရှိနေအုံးမှာပါ။

တိုင်းပြည်ကို ချစ်တဲ့ နေရာမှာလည်း အမေဟာ စံပြပါပဲ။ ရီမိုးတို့ ဗမာပြည်သူပြည်သား တွေရဲ့ စိတ်ထဲ၊ ရင်ထဲ၊ အသဲထဲမှာလည်း အမေဟာ စံပြပါပဲ။ ရီမိုးရဲ့ မေမေဆို ညတိုင်း အမေစု နေကောင်းဖို့ အမြန်ဆုံး လွတ်မြောက်ဖို့ ဘုရားမှာ ဆုတောင်းနေတာ။ အခုဆို ရီမိုး မေမေ ပျော်လို့ ငိုနေလောက်ပြီ။ ဖေဖေလည်း မျက်ရည်လည်နေလောက်ပြီ။ နိုင်ငံရေး အကျဉ်းသားလို့ ပြောပြောနေကြတဲ့၊ ရီမိုးတို့လေးစားရတဲ့ နိုင်ငံရေးခေါင်းဆောင်တွေလည်း အပျော်တွေနဲ့ မျက်ရည်လဲ့နေကြမှာပဲ၊ ကျဆုံးသွားပြီဖြစ်တဲ့ ခေါင်းဆောင် တွေလည်း တမလွန်ကနေ အပြုံးလေးတွေကိုယ်စီဖြစ်နေကြမှာ၊ အမေ့ အတွက် တိုင်းပြည်အတွက် အမြဲရှိနေတက်တဲ့၊ လာခေါ်ရင် လိုက်သွားလို့ ရအောင်ဆိုပြီး ဧည့်ခန်းမှာ အဝတ်အစားထုတ် ကိုအဆင်သင့်ထားတက်တဲ့၊ သခင်အုန်းမြင့် (အန်ကယ်အုန်းမြင့်) လည်း တမလွန်ကနေ ပြုံးနေမယ်ထင်ပါတယ်။ ရီမိုး ဆိုဘယ်လိုမှ ဖော်ပြလို့ မရတဲ့ အပျော်မျိုးနဲ့ကို ပျော်နေခဲ့တာ။

အမေ့ ကိုလာရောက်ပြီး ကြည့်ရူ့ ကြတဲ့ လူအုပ်ကြီးဆိုတာ နည်းတာမှ မဟုတ်ပဲနော်။ ဒီလိုရက်ကို စောင့်မျှော်နေကြတဲ့ ပြည်သူတွေ၊ တစ်ခါမှ ဒီလိုမျိုးမမြင်ဘူးတာ အမှန်ပါပဲ။ ဒါတောင် ဓာတ်ပုံသတင်းတွေနဲ့ ဗီဒီယို သတင်းတွေထဲမှာပဲ တွေ့ရတာ၊ အပြင်မှာသာဆို ဘယ်လောက်တောင် ရင်ခုန်စရာ ကောင်းမလဲဆိုတာ စဉ်းစားမိတာနဲ့တင် ကြက်သီးထမိပါရဲ့။

ငါတို့ ဗမာပြည်ကြီး အခုဆို မျှော်လင့်ချက်ရောင်ချီသန်းလာပြီပေါ့။ အားလုံးမျှော်လင့်ထားတဲ့ အတိုင်းဖြစ်လာတော့မယ်လို့လည်း ယုံကြည်တယ်။ ဒို့တွေရဲ့ အရိုးသားဆုံး ဆုတောင်းတွေလည်း ပြည့်ဖို့ မျှော်လင့်ပါတယ်။ မျှော်လင့်ချက်တွေနဲ့ အသက်ရှင်နေရတယ်ဆိုတာ ဒို့ဗမာပြည်သူပြည်သားတွေပါ။ အခုဆို အဲဒီ့ မျှော်လင့်ချက်လေး ရောင်ချီသန်းလာပါပြီ။
မှတ်ချက်။ ။ ဒီတစ်ခေါက် စစ်အစိုးရက တော်တော်လေး သဘောကောင်းနေတယ်နော်။ ဒီဘက်မှာ ပျော်နေကြတာကို နောက်ဖက်ကနေ အပျော်တွေကို ဖျက်ဆီးမှာတော့ စိုးရိမ်မိပါတယ်။

Friday, November 5, 2010

အတုလား.......... အစစ်လား.....?????

အတုတဲ့ ဒီလောကကြီးမှာ အတုတွေများလိုက်တာ။ အရာရာတိုင်း အတုတွေ လွှမ်းမိုးနေတာ နဲ့တင် အတုတွေက အစစ်တွေလိုတောင်ဖြစ်နေပါပေါ့။ မိတ်ဆွေတု၊ မိတ်ဆွေစစ်၊ အချစ်တု၊ အချစ်စစ်၊ ရွှေတု၊ ရွှေစစ်…… အိုး…. အများကြီးမှ အများကြီး…..

ဟော အခုလဲလာပြန်ပြီ…. ရွေးကောက်ပွဲတဲ့ အစစ်လိုလို အတုလိုလိုနဲ့ လူတွေ အထိတ်တလန့်ဖြစ်အောင်တော့ ဖမ်းစားနိုင်ပါရဲ့။ ၂၀၁၀ ဝင်ကတည်းက လူတွေ(ဗမာလူမျိုးတွေ) အမျိုးမျိုး ပြောဆိုနေကြတဲ့ ဒီရွေးကောက်ပွဲ၊ မနက်ဖြန်ဆိုရင်ရောက်ပြီ။ စိုးရိမ်တကြီးကြောက်လန့် နေတဲ့ သူတွေကလည်း ကြောက်နေကြပြီ။ ခြိမ်းခြောက်တဲ့ သူတွေကလည်း ခြိမ်းခြောက်နေကြမှာပေါ့။ နေရာတည်မြဲအောင် လုပ်နေတဲ့ သူတွေလည်းရှိနေမှာပေါ့။ ဒါပေမယ့် သတိထားမိတာ တစ်ခုကတော့ ရွေးကောက်ပွဲလုပ်မယ် လို့ဆိုတိုင်းမုန်တိုင်းဝင်နေသလိုပဲနော်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲ တုန်းကလည်း နာဂစ်ဆိုတဲ့ မုန်တိုင်းကဝင် အခုလဲ လာပြန်ပြီ ဂီရိ တဲ့။ အင်း… လောကသဘာဝကြီးကတော့ အတုနဲ့ အစစ်ကို ခွဲခြားသိနေတယ်ထင်ပါ့။

နိုင်ငံရေးတွေ ဘာတွေကိုနားမလည်ပေမယ့် အတုဆိုရင်တော့ ဘယ်အရာကိုမှ လက်မခံနိုင်ပါဘူး။ ဘယ်လောက် အတုတွေက ကြီးစိုးနေလဲဆို စနေနဲ့ တနင်္ဂနွေမှာ မြန်မာပြည်ပြန်မယ့် လေကြောင်းလမ်းတွေ ပိတ်ထားပါတယ်တဲ့။ မလေးရှား တစ်ခုထဲကိုပြောတာပါ။ ကျန်တဲ့ လေကြောင်းလမ်းတွေတော့ မသိပါဘူး။ ဘာပဲဖြစ်ဖြစ် ဘယ်လိုပဲဖြစ်ဖြစ်၊ ဗမာလူမျိုး၊ ဗမာ ပြည်သူပြည်သားတွေကို လူလို့သတ်မှတ်ရင်ပဲ တော်လောက်ပါပြီ။ အခုဆို တခြားနိုင်ငံက လူတွေကလည်း လူလို့မထင်၊ ကိုယ့်နိုင်ငံကဟာတွေကလည်း လူလို့မထင်နဲ့ စားညပ်နေရတာက ဒီကကောင်တွေပါ။

အလွန်ရိုးသားတဲ့ ဗမာပြည်သူပြည်သားတွေကို မေးကြည့်လိုက်ပါ၊ အော်…. ဘာပဲဖြစ်ဖြစ်ပါ၊ မိသားစုတွေ ခြောင်ခြောင်လည်လည် စီးပွားရှာနိုင်ပြီး၊ ထမင်းနပ်မှန်အောင် စားနိုင်၊သောက်နိုင် ရင်တော်ပါပြီ လို့ပြန်ဖြေကြမှာပါ။ ဘာလို့ ဒီလိုရိုးသားတဲ့ ဒို့ဗမာလူမျိုးတွေကိုမှ အတုတွေက လာလွှမ်းမိုးနေရတာပါလိမ့်။ တစ်ခါတစ်လေ ပြန်စဉ်းစားမိတယ်၊ သူများလူမျိုးတွေနှိမ်တာကို ခံနိုင်ပေမယ့်၊ ကိုယ့်လူမျိုးခြင်း ဖိနှိပ်တာကိုတော့ တော်တော်လေးခံပြင်းပါတယ်။

ပတ်စ်ပို့ အနီရောင်လေးကိုင်လာတာကို မြင်ရင်ကိုပဲ အထင်သေးတဲ့ အကြည့်နဲ့ အကြည့်ခံရတာဘာကြောင့်လို့ထင်ပါသလဲ။ အတုတွေလွှမ်းမိုးသွားတာလေ။ အတုတွေကို အစစ်လို့ထင်ပြီး ရိုးသားတဲ့ အပြစ်မဲ့တဲ့ အစစ်တွေကြတော့ အတုထင်ပြီး အထင်သေးတဲ့ အကြည့်နဲ့ ကြည့်ကြတယ်။ အတုတွေကိုကြတော့ အထက်မှာထားနေရပြီး ခေါင်းဆောင်တင်ထားရတယ်။ လောကကြီးက မတရားတာလား၊ ကိုယ်တွေပဲ မှားနေသလားလို့တောင်ထင်နေရတယ်။ အိုး…. အသင်လောကကြီး အတုတွေနဲ့ ကင်းလွတ်ခွင့်ပေးပါ၊ အစစ်တွေကို ပြန်လည်ရှင်သန်ခွင့်ပေးပါလို့ တောင်အော်ဆုတောင်းလိုက် ချင်ပါရဲ့။ ဗမာပြည်သူပြည်သား တွေလည်း အစစ်နဲ့ အတုကို သေချာခွဲခြားပြီး သိနိုင်ပါစေ လို့လဲ ဆုတောင်းမိပါရဲ့။

Wednesday, October 27, 2010

လူ နဲ့ ပုဇွန်

ရီမိုး ရဲ့ မန်နင်ဂျာ အခန်းထဲမှာ ငါးကန်လေး တစ်ခုလုပ်ထားတယ်။ မန်နင်ဂျာက ငါးမွေးတာ ဝါသနာပါတယ်လေ။ မွေးတုန်းကတော့ ငါးလေးတွေမွေးတာပါပဲ။ ဒါပေမယ့် ငါးလေးတွေက ကျယ်ပျောတဲ့ နေရာမှာ မကူးရလို့လား၊ သူတို့ရဲ့ သဘာဝမလို့ပဲလားတော့ မသိဘူး၊ အသေမြန်တယ်လေ။ အဲဒါနဲ့ပဲ မန်နင်ဂျာက ဘာစိတ်ကူးပေါက်သွားလဲတော့မပြောတက်ဘူး၊
ငါးကနေ ပုဇွန်ပြောင်းမွေးတယ်။

သူမွေးတဲ့ ပုဇွန်လေးတွေက အပြာရောင်လေးတွေ အနီရောင်လေးတွေ နဲ့လှလှလေးတွေပေါ့လေ။ သူတို့နေရတာပျော်အောင်လဲ မန်နင်ဂျာ ခမျာ ငါးကန်ကိုအလှဆင်ရတာလဲ အမောပါပဲ။ အစာတွေလဲဝယ်ကျွေးနဲ့ သူ့မှာ အဲဒီ့အလုပ်က တစ်မျိုးပေါ့လေ။ သူက သူ့ရဲ့ ပုဇွန်တွေကို ဝယ်ကျွေးတဲ့ အစာကတော့ ငါးပိစိကွေး လေးတွေနဲ့ ပုဇွန်ပိစိကွေးလေးတွေပါပဲ။

အဲလိုအစာကျွေးတိုင်း တစ်ခါမှရီမိုး သေချာမကြည့်ဖူးပါဘူး။ ဒီနေ့မှ ကြုံတာနဲ့ သေချာထိုင်ကြည့်ဖြစ်ပါတယ်။ အစာကျွေးလိုက်ပြီဆိုတော့ ပုဇွန်တွေလည်း ပျော်သွားတယ်ထင်ပ၊ လှူပ်လှူပ်ရှားရှားနဲ့ကို အစာရှာထွက်ကြတော့တာပါပဲ။ အကောင်ကြီးတဲ့ ပုဇွန်တွေက အကောင်သေးတဲ့ ငါးလေးတွေ၊ပုဇွန်လေးတွေကို ပြန်စား၊ ပုဇွန်အကောင်သေး လေးတွေကလည်း ငါးအကောင်သေးလေးတွေကို ပြန်စားတယ်။ အဲဒီ့ အပြင်ကို သူများဖမ်းပြီးသား ငါးလေးတွေကို အကောင်ကြီးတဲ့ ကောင်တွေက ပြန်လုစားတာကလည်း ရှိသေး၊ ကိုယ်တို်င်ကိုယ်ကြ အစာရှာ မထွက်ချင်ပဲ ပျင်းတဲ့ ပုဇွန်ပျင်းတွေလည်းရှိသေးတယ်လေ။

အဲဒါလေးကိုကြည့်ပြီး စိတ်ထဲမှာ အော်… သူတို့တွေလည်း လူတွေလိုပါပဲလားလို့ တွေးမိတယ်။ လူတွေလည်း ကိုယ့်ထက်အင်အားငယ်တဲ့ သူတွေအပေါ် ဖိနှိပ်ချင်ကြတယ်၊ အနိုင်ကျင့်ချင်ကြတယ်။ သူတစ်ပါးပြုလုပ်ပြီးသား၊အောင်မြင်ပြီးသားအရာတွေကို အညွန့်ခူးစားပြီး နံမည်ကောင်း ဝင်ယူချင်ကြတယ်၊ အစစ အရာရာအရံသင့်လေးနဲ့ ခွန်အား၊တန်ခိုးသြဇာလေးပြပြီး အကုန်လိုချင်နေကြတယ်။

ဒီလိုပုံစံမျိုးတွေက လောကကြီးရှိနေသမျှကာလပတ်လုံး ပျောက်ကွယ်သွားမှာ မဟုတ်ဘူးထင်တယ်နော်။ ပုဇွန်လေးတွေ အစာရှာတာလေးကို ကြည့်ပြီး လူတွေနဲ့ ပုဇွန်တွေ အတူတူပါလားလို့ တွေးမိသလိုဖြစ်သွားတော့ စိတ်ထဲမကောင်းတောင်ဖြစ်မိတယ်။ အသိဥာဏ်မရှိတဲ့ ပုဇွန်လေးတွေက ဒီလိုလုပ်တယ်ဆိုရင်၊ အသိဥာဏ်အများကြီးဖွံ့ဖြိုးတဲ့ လူတွေကကော ဒီလိုမျိုးဘာကြောင့်လုပ်နေရတာလဲ။ အော်… ကိုယ်လည်း ပုဇွန်မဖြစ်အောင် အများကြီး သတိထားရမှာပါလားနော်…..

Friday, August 20, 2010

ကိုယ် ချစ်သောသူများ.....

”တီ..တီ…တီ…တီ”
အဆက်မပြတ်မြည်နေသော ဖုန်းသံကြောင့် ကျမ အိပ်ယာမှ နိုးသွားခဲ့သည်။ စိတ်ထဲမှာတော့ နည်းနည်းရူပ်သွားသည်။ ဒီအချိန်ကြီး ဘယ်သူ့ ဖုန်းလဲ၊ အိပ်ချင်မူးတူးနှင့် ကျမဖုန်းကို ကောက်ကိုင်ကြည့်မိပါတယ်။ ”သူ” အချိန်ကို ကြည့်မိတော့ မနက် ၄နာရီ၊ သူ ဒီအချိန်ကြီးတစ်ခါမှ ဖုန်းမခေါ်တက်၊ ဘာလို့ဖုန်းခေါ်တာပါလိမ့်၊ ကျမ စိုးရိမ်သွားသည်။

ချက်ချင်းဆိုသလို ကျမဖုန်းပြန်ခေါ်မည်အလုပ်၊ သူ့ရဲ့ မတ်ဆေ့ခ်ျ လေးဝင်လာသည်။ သူ့ အစ်မ၊ ယောက်ျားဆုံးသွားပါသည်တဲ့။ သူ့ အမေဖုန်းလှမ်းဆက်လို့ သူသိရသည်တဲ့။ မနက်စောစော ကြားလိုက်ရသည့်သတင်းမှာ မကောင်းပါ။ ကျမ စိတ်မကောင်းဖြစ်သွားရသည်။ သူ လည်းတော်တော် စိတ်မကောင်းဖြစ်နေပုံရသည်။ ထို့ကြောင့်သာ ကျမဆီသို့ ဒီလိုအချိန်ကို သူဖုန်းခေါ်ခြင်းသာဖြစ်သည်။ တော်ယုံ ဆိုသူဒီလို မခေါ် မနက်မိုးလင်းမှသာ သူမတ်ဆေ့ခ်ျလေးပို့ပြီး ပြောနေကျ၊ ထို့ကြောင့် စိတ်မကောင်းဖြစ်နေသော သူ့ကို ကျမ ဘယ်လိုစကားလုံးမျိုးရှာပြီး အားပေးရင် ကောင်းမလဲ လို့ အလျင်အမြန်စဉ်းစားနေလိုက်သည်။

ကျမ သူ့ကိုပြန်အိပ်ဖို့ ကြိုးစားခိုင်းသည်။ မနက်စောစော သူ့အိမ်သို့ ပြန်ဖို့နှင့် သူ့ အစ်မကို နှစ်သိမ့်ပေးဖို့ ကျမ အကြိမ်ကြိမ် သူ့ကိုမှာသည်။ သူ ကကျမကို တောင်းပန်သည်၊ ကျမ အိပ်နေသည်ကို သူနိုးမိတဲ့ အတွက်တဲ့။
ကျမ စိတ်ထဲတွင်တော့ ကျေနပ်သည်… သူ စိတ်ညစ်တဲ့ အချိန်မှာ ကျမကို သူတမ်းတတဲ့ အတွက်ပါ။ သူ့ရင်ထဲမှာ ကျမရှိနေသည်ကို ကျမ သိခွင့်ရခဲ့လို့ ကျမကျေနပ်သည်။ ဘာလို့လဲဆို ကျမ သူ့ကိုချစ်သည်လေ။

ကျမ သူ့ကို မေးမိသည်၊ သူ့ရဲ့ အစ်မ အသက်ကဘယ်လောက်ရှိပြီလဲပေါ့။ ၃၅ ဝန်းကျင်လောက်တဲ့….. ခလေး ၃ယောက်လည်း ကျန်ခဲ့သေးသည်။ ခလေးတွေလည်း တော်တော်ငယ်သေးသည်။ အသက်ငယ်ငယ်နဲ့ မုဆိုးမ ဆိုတဲ့ ဘဝကို ခံယူရပြီ။ ကျမ စဉ်းစားမိသည်၊ လူတွေဟာ ကိုယ်ဘယ်အချိန်မှာ ကိုယ်ချစ်တဲ့ သူတွေကို ဘယ်လိုပုံစံနဲ့ ခွဲခွာသွားကြမလဲဆိုတာ မသိနိုင်ကြပါဘူး။ အတူ ရှိနေတုန်းလေး တစ်ယောက်နဲ့ တစ်ယောက်ချစ်မြတ်နိုးနေဖို့ ကအဓိကကျတယ်ဆိုတာကို ကျမ နားလည်သဘောပေါက်ခဲ့ရတယ်။ သူ့အစ်မအပေါ်လည်း ဂရုဏာသက်မိတယ်။ သူ့ ကိုတော့ သူ့အစ်မနဲ့ ခလေးတွေကို အရင်ကထက်ပိုပြီးဂရုစိုက်ဖို့ ကျမ အတန်တန်မှာနေမိတယ်။

ကျမ ချစ်ရတဲ့ သူတွေနဲ့ ဒီလိုမျိုးခွဲခွာရမယ်ဆိုရင်ကော ကျမခံနိုင်ရည်ရှိပါ့မလား။ ဒီတလောအတွင်း ကျမ အများကြီးနားလည်သွားသလို၊ အများကြီးလည်း စဉ်းစားမိတယ်။ အမှန်အတိုင်း ပြောရရင် ကျမကြောက်တယ်၊ လောကကြီးမှာ လူတိုင်းကြုံတွေ့ရတဲ့ အရာတွေဆိုပေမယ့်၊ ကျမ ချစ်တဲ့ သူတွေကို ကျမဘာမှလုပ်မပေးလိုက်ရပဲ၊ လောကကြီးထဲက မထွက်သွားချင်။


ထို့ကြောင့် မိဘကိုလည်း သားသမီး ဝတ်တရား မပျတ်ကွက်အောင်စောင့်ရှောက်မယ်၊ သူ့ အပေါ်အမြဲ စိတ်ဆိုးစိတ်ကောက်လုပ်ခဲ့ သောကျမ၏စိတ်ကို ကျမ အမြန်ဆုံးပြင်ပြီး၊ သူ့ကိုအရင်ကထက်ပိုပြီးချစ်မယ်၊ သူ့အပေါ်ကိုလည်းအရင်ကထက် ပိုကောင်းအောင်နေမယ်၊ ကျမ ရဲ့ ပတ်ဝန်းကျင်ကိုလည်း အရင်ကထက် ပိုကောင်းအောင်ကြိုးစားမယ်… လို့ ကျမ ဆုံးဖြတ်မိတယ်။

သူကလည်း ဒီအဖြစ်အပျက်လေးဖြစ်ပြီးတော့ ကျမလိုမျိုးများတွေးမိသလားတော့ မပြောတက် သူ အရင်ကထက်ပိုနူးညံ့လာသည်။ ကျမကိုလည်း အရင်ကထက်ပိုဂရုစိုက်လာသည်။ သူ့ရဲ့ မိသားစုအပေါ်တွင်လည်း ပိုဂရုစိုက် လာသည်ဟု ကျမ ယူဆသည်။ ဘာပဲဖြစ်ဖြစ် အဆိုးတစ်ခုထဲကနေ ကျမတို့နှစ်ယောက်အတွက် ရလာတဲ့ အကျိုးကျေးဇူးလေးတွေပါ။


သူ့အစ်မအခု ခံစားရသောဝေဒနာအတိုင်း ကျမထပ်တူထပ်မျှ ခံစားရသဖြင့် ဒီ ပို့စ် လေးကို ရေးဖြစ်ပါသည်။
အားလုံးလဲ ကိုယ် ချစ်သောသူများ အပေါ် ယခင်ကထက် ပိုပြီးချစ်နိုင်ကြပါစေ........

(၁၅ / ၀၈ / ၂၀၁၀)

ခိုလူံခွင့်

အမေ့ ရဲ့ရင်ခွင်မှာ ခိုလူံချင်တယ်
နွေးထွေးတဲ့ အိမ်လေးမှာ ခိုလူံချင်တယ်
ချစ်သူရဲ့ ရင်ခွင်မှာ ခိုလူံချင်တယ်
ချစ်သူငယ်ချင်းတွေနဲ့လည်း ပျော်ချင်တယ်
ငြိမ်းချမ်း လွတ်လပ်တဲ့ နိုင်ငံမှာ ခိုလူံချင်တယ်
ငိုရိုက်ရတဲ့ ညတွေပျောက်ပြီး နူးညံ့အေးမြတဲ့
အရိပ်စစ် တစ်ခုမှာ ခိုလူံချင်တယ်
အို.... ဘုရားသခင်
အေးစက်ပြီး ငြီးငွေ့စရာကောင်းသော ညတွေပျောက်ပြီး
ခိုလူံချင်သော နေရာများတွင်
အမြန်ခိုလူံခွင့်ပေးပါ.......

Saturday, July 3, 2010

သိစေချင်ပါသည်။

ဒီပို့စ်လေးက ရီမိုးရဲ့ မေးလ်ထဲကို သူငယ်ချင်းတစ်ယောက်ပို့ထားတဲ့စာလေးပါ။ ဗမာလူမျိုး ဗုဒ္ဓဘာသာဝင်အပေါင်းတို့ အမှန်တကယ်ကို သိသင့်တဲ့ တရားတော်တွေပါ။ အသက်အရွယ်မရွေးသိသင့်တဲ့အတွက် ရီမိုးလည်း ကိုယ့်ဘလောက်မိသားစုတွေကို ဝေမျှချင်တဲ့ စိတ်လေးဖြစ်မိလို့ပြန်ပြီးဖော်ပြပေးပါတယ်။ သူတစ်ပါး ပို့စ်ကို ခိုးယူဖော်ပြခြင်းမဟုတ်ပါ။ သိစေချင်သောစိတ်၊ သူငယ်ချင်းအပေါင်းအား
ဖတ်စေချင်သော စေတနာဖြင့်သာ ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။ ရီမိုး၏ စာမျက်နှာသို့ အလည်ရောက်သော မရောက်သော သူငယ်ချင်းအားလုံး အစစအရာရာ အစဉ်ပြေ ချောမွေ့သော ဘဝလမ်းကို စိတ်ချမ်းသာ ကိုယ်ချမ်းသာဖြင့် လျှောက်လှမ်း နိုင်ကြပါစေ......



Living together နှင့် ကာမေသုမိစ္ဆာစာရ ။ အရှင် ၀ိစိတ္တ (မနာပဒါယီ)



Living together ဆိုတဲ့ စကားကို “လက်မထပ်ဘဲ အတူနေခြင်း”လို့ အဓိပ္ပါယ် နားလည် နိုင်ပါတယ်။ ဒီအလေ့ အကျင့်ဟာ အနောက်တိုင်းမှ ဆင်းသက်လာတဲ့ အလေ့အကျင့် လို့လည်း ပြောနိုင်ပါတယ်။ သူတို့ အဆိုအရ လူတစ်ယောက်နဲ့ တစ်ယောက် အိမ်ထောင်ဘက် အဖြစ် တစ်ဘ၀လုံး အတူ လက်တွဲ သွားရမယ့် အရေးမှာ တစ်ယောက် အကြောင်း တစ်ယောက် မသိဘဲ ဘုမသိ ဘမသိ အိမ်ထောင်ပြုပြီး ထာဝရ နေထိုင်သွားတာထက် စာရင် တရားဝင် လက်မထပ်ခင် နှစ်ဦး သဘောတူ အတူ နေထိုင်ပြီးမှ တရားဝင် လက်ထပ်တာက အိမ်ထောင်ရေးမှာ ပြဿနာ အဖြစ်နည်းပြီး ရေရှည် မှာလည်း သာယာတဲ့ အိမ်ထောင်ရေး ဖြစ်နိုင်တဲ့ အတွက် လက်မထပ်ခင် အတူနေတဲ့ living together ပုံစံကို ကျင့်သုံးခြင်း ဖြစ်ကြောင်း သိရပါတယ်။ ဒါကြောင့်လည်း အနောက်တိုင်းက လူအတော် များများဟာ ဒီစနစ်ကို ကျင့်သုံး နေကြပြီး တစ်ချို့ဆို သားသမီး တစ်ယောက် နှစ်ယောက်ရမှ လက်ထပ်တာတောင် ရှိပါသေးတယ်။

အနောက်တိုင်းသား တွေရဲ့ အဆိုအရ အောင်မြင်တယ်လို့ ထင်ရတဲ့ ဒီစနစ်ဟာ အနောက်တိုင်း ကနေပြီး အရှေ့တိုင်းအထိ ပြန့်နှံ့ လာနေပါတယ်။ ဥရောပတိုက်၊ အမေရိကတိုက် မှသည် အာရှတိုက်၊ အဲဒီကမှ တစ်ဆင့် အခုတော့ အရှေ့တောင် အာရှ နိုင်ငံများကိုပါ ပြန့်နှံ့ လာတော့တာ ဖြစ်ပါတယ်။ သူတို့စနစ် ဘယ်လောက်ပဲ ကောင်းနေပေမယ့် ဒီစနစ်ဟာ အာရှတိုက် ယဉ်ကျေးမှု. နဲ့တော့ ဆန့်ကျင်နေပါတယ်။ အထူးသဖြင့် ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့ နိုင်ငံတွေ အနေနဲ့ ကတော့ ဒါဟာ အမတန် ပြောင်းပြန် ဖြစ်နေတဲ့ စနစ်ဖြစ်နေ ပါတယ်။ လက်မထပ်ဘဲ အတူနေတဲ့ စနစ်နဲ့ ဗုဒ္ဓဘာသာမှာ လာတဲ့ ကာမေသု မိစ္ဆာစာရနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင် နေပါတော့တယ်။

ဗုဒ္ဓဘာသာဝင်များ နေ့စဉ် ခါးဝတ်ပုဆိုးလို မြဲမြံ နေရမယ့် ငါးပါးသီလ ထဲမှာ ကာမေသု မိစ္ဆာစာရ သိက္ခာပုဒ်လည်း တစ်ခု အပါအ၀င် ဖြစ်ပါတယ်။ ကာမဂုဏ် များမှာ ဖော်လွဲ ဖောက်ပြန် ပြုကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်းလို့ အဓိပ္ပါယ် ရပါတယ်။ ဒီသိက္ခာပုဒ်ဟာ တစ်လင် တစ်မယား စနစ်ကို အကောင်အထည် ဖော်ပေးထားတာ ဖြစ်ပါတယ်။ ကာမဂုဏ် မှီဝဲတာကို ရှောင်နိုင်ရင် ကောင်းပေမယ့် မရှောင် နိုင်ရင်တော့ ကိုယ့်အိမ်သူ သက်ထား၊ ကိုယ့်လင်ယောက်ျား နဲ့ပဲ မှီဝဲ နေထိုင် နိုင်ကြောင်း ခွင့်ပြု ထားခြင်း ဖြစ်ပါတယ်။ အိမ်ထောင်သည် မှန်သမျှ ကာမဂုဏ် ကိစ္စမှာ ကိုယ့်လင်ယောကျာ်း၊ ကိုယ့်ဇနီးမယားက လွဲပြီး ကျန်တဲ့ ဘယ်သူ့ အပေါ်မှာကိုမှ ဘယ်လို အကြောင်း ပြချက်နဲ့ပဲ ဖြစ်ဖြစ် မဖောက်ပြန် ရဘူးလို့ တားမြစ်ထားခြင်း ဖြစ်ပါတယ်။

ဒီကာမေသု မိစ္ဆာစာရ သိက္ခာပုဒ်ဟာ အိမ်ထောင်သည် များကို ရည်ညွန်းပါတယ်။ အထူးသဖြင့် အိမ်ထောင်သည် အမျိုးသား/ ယောက်ျားများ အတွက် ပိုပြီး တားမြစ် ခြင်း ဖြစ်ပါတယ်။ အမျိုးသား/ ယောက်ျားများ အတွက် ကာမေသုနဲ့ ပတ်သက်ပြီး မသွားလာအပ်တဲ့ မိန်းမ (၂၀)ရှိကြောင်း ပါရာဇိကဏ် အဋ္ဌကထာမှာ ဖွင့်ပြထားပါတယ်။ အဲဒီ ၂၀က

(၁) အမိ စောင့်ရှောက်တဲ့ မိန်းမ၊
(၂) အဘ စောင့်ရှောက်တဲ့ မိန်းမ၊
(၃) အမိ အဘ စောင့်ရှောက်တဲ့ မိန်းမ၊
(၄) မောင်ကြီး မောင်ငယ် စောင့်ရှောက်တဲ့ မိန်းမ၊
(၅) အစ်မ ညီမ စောင့်ရှောက်တဲ့ မိန်းမ၊
(၆) ဆွေမျိုး စောင့်ရှောက်တဲ့ မိန်းမ၊
(၇) အနွယ်တူ စောင့် ရှောက်တဲ့ မိန်းမ၊
(၈) တရား ကျင့်သုံးဖက် စောင့်ရှောက်တဲ့ မိန်းမ။

ဒီ မိန်းမ ရှစ်မျိုးက ကာမပိုင်မရှိတဲ့ အပျိုစင် မိန်းမများ ဖြစ်ကြပြီး

(၉) စေ့စပ် ကြောင်းလမ်းပြီး မိန်းမ၊
(၁၀) လက်မထပ်ရန် မင်းအမိန့်အာဏာဖြင့် တားမြစ်ထားတဲ့ မိန်းမ၊
(၁၁) ဥစ္စာဖြင့် ၀ယ်ထားတဲ့ မိန်းမ၊
(၁၂) ယောင်္ကျား တစ်ဦးဦးနဲ့ အလိုတူ၍ အတူနေတဲ့ မိန်းမ၊
(၁၃) စည်းစိမ် ပေးပြီး မယား ပြုလုပ်ထားတဲ့ မိန်းမ၊
(၁၄) အ၀တ် ပုဆိုးပေးပြီး မယားပြု ထားတဲ့ မိန်းမ၊
(၁၅) ရွှေခွက်မှာ လက်စုံချပြီး ယောင်္ကျားနဲ့ ထိမ်းမြား လက်ထပ်ထားတဲ့ မိန်းမ၊
(၁၆) ခေါင်းရွက် လုပ်ကိုင် စားသောက်ရတဲ့ မိန်းမကို ခေါင်းမရွက်စေဘဲ သိမ်းယူထားတဲ့ မိန်းမ၊
(၁၇) ကျွန်လည်းဖြစ် မယားလည်းဖြစ်တဲ့ မိန်းမ၊
(၁၈) အမှုလုပ်လည်းဖြစ် မယားလည်းဖြစ်တဲ့ မိန်းမ၊
(၁၉) စစ်မြေမှ ဆောင်ခဲ့တဲ့ သုံ့ပန်းမိန်းမ၊
(၂၀) တစ်ဦးဦးရဲ့ ခေတ္တမယား ဖြစ်နေတဲ့ မိန်းမ

ဒီမိန်းမ(၁၂)ဦးကတော့ ကာမပိုင် ယောင်္ကျားရှိတဲ့ မိန်းမ များဖြစ်ပါတယ်။

ကာမပိုင် မရှိတဲ့ ပထမ မိန်းမ ရှစ်ယောက် ကတော့ တစ်ခြား ယောင်္ကျားနဲ့ ဆက်ဆံမှု ပြုပေမယ့် သူ့ကာမကို သူသာ ပိုင်တဲ့အတွက် ကာမေသု မိစ္ဆာ မထိုက်ပါဘူး။ ဒါပေမဲ့ ယောင်္ကျားမှာတော့ ( မသွားလာ ထိုက်သော မိန်းမ) အဂမနီယ ဖြစ်တဲ့ မိန်းမကို ကျူးလွန်တဲ့ အတွက် ကာမေသု မိစ္ဆာရ ထိုက်ပါတယ်။

ကာမပိုင်ရှိတဲ့ မိန်းမ(၁၂)ယောက်က ကာမပိုင်မှ တစ်ပါး တစ်ခြား ယောင်္ကျားနဲ့ ကျူးလွန်မိရင် ကာမေသု ထိုက်သလို ကျူးလွန်တဲ့ ယောင်္ကျားမှာလည်း ထိုက်ပါတယ်။ ဒါပေမယ့် ဒီလို သွားလာရာမှာ ကာမေသု မိစ္ဆာစာရ ထိုက်တဲ့အင်္ဂါရပ် တွေနဲ့ပြည့်စုံမှ ထိုက်တယ် ဆိုတာကိုတော့ သတိပြုနိုင်ပါတယ်။

အဲဒီအင်္ဂါရပ်တွေက
(၁) မသွားလာ ထိုက်သော မိန်းမ ( အဂမနီယ) မိန်းမဖြစ်ခြင်း။
(၂) မှီဝဲ ပေါင်းသင်း ဆက်ဆံ လိုသည့် စိတ်ရှိခြင်း။
(၃) မှီဝဲမူ. ကို လုံလ ပြုခြင်း။
(၄) မဂ်အချင်းချင်း ထည့်သွင်းးတာကို သာယာခြင်း (မှီဝဲ ပေါင်းသင်း ဆက်ဆံရာ၌ သာယာခြင်း) တို့ပဲ ဖြစ်ပါတယ်။

ဒီအင်္ဂါလေးချက်နဲ့ ညီရင် ကာမေသု မိစ္ဆာစာရ ထိုက်ပြီး၊ လေးပါး အနက်က တစ်ပါးပါး ချွတ်ယွင်းနေတယ် ဆိုရင်တော့ မထိုက်ပါဘူး။ ဒါက စာပေမှာ လာတဲ့ ကာမေသု မိစ္ဆာစာရနဲ့ ပတ်သက်တဲ့ ဖွင့်ဆိုချက်တွေပဲ ဖြစ်ပါတယ်။

ဒီအဖွင့်တွေအရ ပြည်ပကိုရောက်ပြီး အကြောင်း အမျိုးမျိုးကြောင့် တစ်ယောက်နဲ့ တစ်ယောက် အဆင်ပြေစေဖို့ living together သဘောနဲ့ နေနေကြသူများ အထူး သတိပြုသင့်တဲ့ အချက်တွေ ရှိပါတယ်။ ယောက်ျားလေး တွေရော မိန်ကလေး တွေရော အတူတူ နေကြရာမှာ အထက်ပါ ကာမေသုနဲ့ ပတ်သက်တဲ့ ဖွင့်ဆိုချက်တွေကို သတိပြုကြဖို့ လိုပါတယ်။ တစ်ချို့ အိမ်ထောင်ကျပြီး တရားဝင် ကာမပိုင်ရှိတဲ့ ယောက်ျားများ၊ မိန်းမများဟာ ပြည်ပရောက်ပြီး မသိမသာ အတူတူ နေနေကြ တာတွေ ရှိနိုင်ပါတယ်။ တစ်ခါတစ်လေ ယောက်ျားက တရားဝင် အိမ်ထောင်ပြုပြီး ကာမပိုင် ရှိသလို၊ တစ်ခါတစ်လေ မိန်းကလေးကလည်း တရားဝင် အိမ်ထောင်ကျပြီး ကာမပိုင် ရှိနေတာတွေ ရှိတတ်ပါတယ်။ ဘာပဲ ဖြစ်ဖြစ် ကိုယ့်ကိုယ်ကို အသိဆုံး ဖြစ်တဲ့အတွက် ကိုယ့်ရဲ့ living together ဟာ ကာမေသု မိစ္ဆာစာရ လွတ်မလွတ် အထူးဆင်ခြင် သင့်ပါတယ်။

ပြီးတော့ ဒီနေ့ခေတ်မှာ အကြောင်း အမျိုးမျိုးကြောင့် အမိမြန်မာပြည် ကနေ အပြင် ရောက်နေတဲ့သူ အတော်များများဟာ ပြည်ပကို ရောက်သွားတာနဲ့ တစ်ပြိုင်တည်း အကုန်လုံး လွတ်လွတ် လပ်လပ်ကို နေပစ် လိုက်တာတွေ တွေ့မြင်ကြား သိနေရ ပါတယ်။ တစ်ချို့က ပြည်ပမှာ ရပ်တည်ရေး အဆင်မပြေတာ၊ အဆင်ပြေ ပေမယ့်လည်း ကိုယ်ကျင့် သီလပိုင်းကို ဂရုမစိုက် လိုတာ၊ အနောက်တိုင်း စနစ်ကို အတုယူ အားကျနေတာ စတာ တွေကြောင့် ကာမပိုင် ရှိသူတွေရော၊ မရှိသူတွေပါ၊ မိဘ ညီအစ်ကို မောင်နှမ စတဲ့ အုပ်ထိန်းသူ ရှိသူတွေရော မရှိသူတွေပါ living together အဖြစ်နဲ့ နေနေကြတာ ကြားသိရ ပြန်ပါတယ်။ ဒီလို အတူ နေတာတွေဟာ ကာမေသု မိစ္ဆာစာရ အင်္ဂါတွေနဲ့ ငြိမငြိ၊ ကာမေသုကံ မြောက်မမြောက် သတိပြု ဆင်ခြင်ကြဖို့ လိုပါတယ်။

တကယ်တော့ ကာမဂုဏ်ကိစ္စကို အလေးပေးလေ့ မရှိတဲ့ ဗုဒ္ဓဘာသာ သဘောအရ ဘယ်လိုအ ကြောင်းမျိုးနဲ့ပဲ ဖြစ်ဖြစ် လက်မထပ်ဘဲ အတူနေတဲ့ အလေ့ဟာ ကာမေသု မိစ္ဆာစာရကံ ထိုက်စေဖို့ အကြောင်း အတော်များတယ် ဆိုတာ သတိပြုဖို့ လိုပါတယ်။ ဖြစ်ဖို့လည်း လွယ်ကူပါတယ်။ အထူးသဖြင့် အိမ်ထောင်ကျပြီး သူများ အထူးသတိ ပြုသင့်ပါတယ်။ ယောက်ျားသားများ အနေနဲ့ အိမ်ထောင်ကျပြီး ကိုယ့်ဇနီးနဲ့ အတူ ကာမဂုဏ် မှီဝဲမှုဟာ ကာမေသု မိစ္ဆာစာရ ကံမဖြစ်ပေမယ့် တစ်ခြား အမျိုးသမီး တစ်ဦးဦးနဲ့ သွားလာ ပျော်ပါးမယ်ဆိုရင် အိမ်ထောင်ရေး ဖောက်ပြန်မှု ဖြစ်တဲ့အပြင် ကာမေသု မိစ္ဆာစာရကံလည်း ဖြစ်ပါတယ်။ တရားဝင် သဘောအရ ကိုယ်လုပ် ကျွေးနိုင်လို့ ဇနီးအများကြီး ယူထားတယ် ဆိုရင်တော့ ဒါဟာ ကံမမြောက်ပြန်ပါဘူး။ ကျန်တဲ့ သဘောတွေနဲ့ဆို ဘယ်လိုမှ ကာမေသုကံ မလွတ်နိုင်တဲ့ သဘောရှိပါတယ်။ အမျိုးသမီး များလည်း ဒီအတိုင်းပါပဲ။ ကိုယ့် လင်ယောက်ျား ကလွဲပြီး ကျန်တဲ့ ယောက်ျား တစ်ယောက်ယောက်နဲ့ ကာမ ဂုဏ်ဖောက်ပြန်တာ ကာမေသု မိစ္ဆာစာရကံ ဖြစ်စေပါတယ်။ ဒါကြောင့် ယနေ့ ခေတ်စားနေတဲ့ living together စနစ်ဟာ ဗုဒ္ဓဘာသာ ရှုထောင့်အရ ကာမေသု မိစ္ဆာစာရကံ ဖြစ်ဖို့ လွယ်တယ်လို့ ဆိုခြင်း ဖြစ်ပါတယ်။

ဆိုလိုတာက လက်မထပ်ဘဲ အတူနေကြ တာတွေဟာ အနောက် တိုင်းသားများရဲ့ သဘောအရ ရေရှည် အိမ်ထောင်ရေး အဆင်ပြေရေး အတွက် အထောက်အကူ ဖြစ်စေတယ်လို့ ဆိုပေမယ့် ဗုဒ္ဓဘာသာ သဘောအရ ဒါဟာ အကုသိုလ် အပြစ်ဖြစ်တဲ့ ကာမေသု မိစ္ဆာ စာရကံ ဖြစ်စရာ အကြောင်း ဖြစ်နိုင်တယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။ တကယ်တော့ လက်မထပ်ခင် ဘယ်လောက်ပဲ အတူတူနေပြီး အိမ်ထောင်ရေး အဆင်ပြေအောင် ကြိုးစားကြပေမယ့် တကယ်တမ်း လက်ထပ်တဲ့ အခါကျတော့လည်း အိမ်ထောင်ရေး အဆင် မပြေတာတွေက အများကြီးပါပဲ။ အဓိကကတော့ တစ်ဦး တစ်ယောက် ချင်းရဲ့ ကိုယ့်ကျင့်တရား ကောင်းမွန် ထိမ်းသိမ်းရေးက အဓိက ကျပါတယ်။ ခုမှတွေ့ကြပေမယ့်လည်း တော်တဲ့သူက တော်နေမှာဖြစ်ပြီး ကိုယ့်ကျင့်တရား ကောင်းသူက ကောင်းနေမှာ ဖြစ်ပါတယ်။ သူတော်ကောင်းဟာ သူတော်ကောင်း ပါပဲ။

ဒါကြောင့် လွတ်လပ်မှုနဲ့ အတူ အသိပညာ၊ အတွေ့အကြုံ နည်းပါးကာ ဘာသာတရား အဆုံးအမများ အပေါ် အလေးထားလေ့ မရှိကြတဲ့ ပြည်ပရောက် တစ်ချို.သော မြန်မာများ အနေနဲ့ သူများယောင်လို့ ယောင်၊ အမှောင်တောင်မှန်း မြောက်မှန်းမသိ မဖြစ်ရ လေအောင် သူများ living together ဆိုပြီး ကိုယ်ကပါ လိုက်ပြီး living together မလုပ်မိကြဖို့၊ ခဏတာ အပျော်၊ ခဏတာ အဆင်ပြေမှု. တွေနဲ့ ဘ၀သံသရာ ဒုက္ခ ဖြစ်စေမယ့် မကောင်းတဲ့ အလုပ်တွေမှာ လိုက်ပြီး မလုပ်မိကြဖို့ အထူး လိုအပ်တယ် ဆိုတာ သတိပြုကြရင်း living togetherနဲ့ ကာမေသု မိစ္ဆာစာရကို သေချာစဉ်းစား ဆင်ခြင်ကာ အတူနေရာမှ ကာမေသုအဖြစ် မရောက်မိ ကြစေဖို့ စေတနာ စကားနဲ့ အသိပေး ပြောကြား လိုက်ရပါကြောင်း…


စာရေးသူ = အရှင်ဝိစိတ္တ (မနာပဒါယီ) ။ အချိန် 1:07 PM
စုစည်းထားမှု = တွေးမိသမျှ




အကုသိုလ် ဖြစ်သွားသော အချစ် ။(ရဝေနွယ်- အင်းမ)



အချစ်ဟာ မဂ်ဖိုလ် နိဗ္ဗာန်ကို ကျေးဇူးပြုသလို ဆိုးကြိုး ဆိုးပစ် အတွက်လည်း ကျေးဇူး ပြုတတ်ပြန်ပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ အချစ်ကြောင့် အကုသိုလ် ပြုဖြစ်သွားလို့ပါ။ ဒါကိုလည်း ပဋ္ဌာန်းကပဲ ပြထားပါတယ်။
အကုသလောဓမ္မော အကုသလဿ ဓမ္မဿ ဥပနိဿယ ပစ္စယေန ပစ္စယော။

အကုသိုလ်က အကုသိုလ် ကို ပြန်ကျေးဇူး ပြုပါတယ်တဲ့။ ဘယ်လိုပြုတာလဲ ဆိုတော့

အချစ်ဆိုတဲ့ ရာဂကို အမှီပြုပြီး အချစ်အတွက် သူတစ်ပါး အသက်ကို သတ်မယ်။ သူတစ်ပါး ဥစ္စာကိုခိုးမယ်။ လိမ်ပြောမယ်။ ကုန်းတိုက်စကား ကိုပြောမယ်၊ ကြမ်းတမ်းတဲ့ စကားကို ပြောမယ် စသည်တွေ ပြုမိမယ်။ ပြောမိမယ် ဆိုရင် အချစ်ကနေ ကုသိုလ် မဖြစ်ပဲ အကုသိုလ် ဖြစ်သွားတာပါ။

ပေါ်လွင်အောင် နည်းနည်းချဲ့ ပြောရင် ကိုယ့်ရဲ့ ဇနီး မယား စားဖို့ သောက်ဖို့ ၀တ်ဖို့ နေဖို့ ထိုင်ဖို့ စီးဖို့ အတွက် သူတစ်ပါး အသက် သတ်မယ်။ မသမာတဲ့ နည်းနဲ့ စီးပွားရှာမယ်၊ လာဘ်စားမယ်၊ အောက်စိုက်ရှာမယ်၊ လိမ်ပြောမယ် ဆိုရင်၊ အချစ်ကြောင့် အကုသိုလ် ဖြစ် သွားတာပါ။ ဋ္ဌာန ဆိုင်ရာတွေမှာ ငွေအလွဲ သုံးစားလုပ်လို. ထောင်ကျ သွားတာတွေ၊ အလုပ်ပြုတ် သွားတာတွေ ကြားရ သိရဖူးမှာပါ။
လာဘ်စားတယ်၊ အောက်စိုက်ရှာတယ်၊ ငွေအလွဲ သုံးစားလုပ်တယ် ဆိုတာတွေဟာ တကယ်တော့ ကိုယ်တစ်ဦး တစ်ယောက်တည်း စားဖို့ သောက်ဖို့ ဘယ်သူမှ မလုပ်ကြပါဘူး။ ကိုယ့်ချစ်သူ ဇနီးမယားအတွက် လုပ်ဖြစ်သွားတာ များပါတယ်။ တကယ် သေချာ စဉ်းစားကြည့် ရင် အကုသိုလ် ပြုရတော့ ကိုယ်တစ်ယောက်တည်း ခံစားတော့ ကိုယ်ချစ်ရတဲ့ သူတွေ လောကအပြစ် သံသရာအပြစ် ခံရတော့ ကိုယ်တစ်ယောက်ထဲ ၊ကိုယ့်ဘက်က အရူံးချည်းပါပဲ။ ဒါပေမယ့် အချစ်ဆိုတဲ့ ရာဂက ပူးဝင်ထားတာ ဆိုတော့ ကုသိုလ် အကုသိုလ် ကို ခွဲမသိနိုင် တော့ပါဘူး။ ချစ်ချစ် အတွက်ဆို ဘာပဲလုပ်ရ လုပ်ရ၊ သူတစ်ပါး အသက်ပဲ သတ်ရသတ်ရ၊ သူတစ်ပါး ဥစ္စာပဲ ခိုးရ ခိုးရ လုပ်တော့မှာပါ။ အဓိက ကတော့ အချစ်အတွက် အပြစ်တွေ လုပ်ဖြစ်သွားကြတာပါ။

အချစ်မှာ အသိဥဏ် ရှိတဲ့ အချစ်ရယ်၊ အသိဥဏ် မရှိတဲ့ အချစ်ရယ် ဆိုပြီး နှစ်မျိုးရှိပါတယ်။ အသိဥဏ် ရှိတဲ့ အချစ်တွေနဲ့ ချစ်ကြတဲ့ သူတွေ ကတော့ မိန်းမက ယောကျာ်းကို ကုသိုလ် ပြုဖို့ တိုက်တွန်းပါတယ်။ ယောကျာ်းကလည်း မိန်းမကို ကုသိုလ်ပြုဖို. ပြန်တိုက်တွန်း ပါတယ်။ ယောကျာ်း ဖြစ်သူက တစ်ခါတစ်လေ မသမာတဲ့ နည်းနဲ့ စီးပွား ရှာချင်ဦးတော့ မိန်းမဖြစ်သူက အကျိုးသင့် အကြောင်းသင့် ပြောပြပြီး တားမြစ်ပါတယ်။ ပြီးတော့ ဇနီးမောင်နှံ နှစ်ယောက် ကုသိုလ်တွေကို စိတ်တူကိုယ်တူ ပြူပြီး ဘ၀ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်း နေကြပါတယ်။ အသိဥဏ် ရှိတဲ့ အချစ်နဲ့ ချစ်ကြတဲ့ အတွက် သူတို.ဘ၀ဟာ သိပ်ပြီး ငြိမ်းချမ်း နေပါတယ်။ ဘ၀ရဲ့ အဓိကတွေထဲမှာ ငြိမ်း ချမ်းဖို.ကလည်း အစိတ်အပိုင်း တစ်ခုအနေနဲ့ ပါပါတယ်။ ငြိမ်းချမ်းနေရင် ဘ၀က နေပျော်ပါတယ်။

အသိဥဏ်မဲ့ တဲ့ အချစ်နဲ့ ချစ်ကြတဲ့ သူတွေကတော့ မိန်းမက ယောက်ျား ဖြစ်သူကို အကုသိုလ်ပြုဖို့ တိုက်တွန်းပါတယ်။ ယောကျာ်း ဖြစ်သူကလည်း ဘာမှစဉ်းစား မနေတော့ဘဲ အကုသိုလ်ကို ပြုတတ်ပါတယ်။ ကိုယ်ပြုမူ နေတာတွေကိုလည်း အကုသိုလ် ရယ်လို့ မသိပါ ဘူး။ ဒီအတွက် သူ့တို.ဘ၀မှာ မငြိမ်းချမ်းမူ့က ကပ်ကပ် နေတတ်ပါတယ်။

အချစ်ကြောင့် အကုသိုလ် ပြုကြတဲ့ နေရာမှာ ပညာတတ်တာ မတတ်တာနဲ့လည်း မဆိုင်ပါဘူး။ အသက်ကြီးတာ ငယ်တာနဲ့လည်း မဆိုင် ပါဘူး။ ရာထူးဋ္ဌာနန္တရ ကြီးတာ မကြီးတာနဲ့လည်း မဆိုင်ပါဘူး။ အသိဥဏ် ရှိတာ၊ မရှိတာနဲ့ ပဲဆိုင်ပါတယ်။ အသိဥဏ်ရှိတဲ့ သူဟာ ဘယ်တော့မှ အချစ်အတွက် အကုသိုလ် မပြုပါဘူး။ ဘာဖြစ်လို့ လဲဆို အကုသိုလ်ရဲ့ အကျိုးအပြစ်ကို သိနေလို.ပါ။

ချစ်တာချင်း တူပေမဲ့ အသိဥဏ် ကွာသွားတော့ အပြုအမူ ပိုင်းလည်း ကွာသွားတော့တာပါ။ အပြုအမူ ပိုင်းရဲ့ နောက်ကွယ်မှာ ကောင်းကျိုး ဆိုးကျိုး အကျိုးဆက်တွေက ရှိနေတာဆိုတော့ ကိုယ့် အပြု အမူကို အထူး သတိထားရမှာပါ။ ဘ၀မှာ အသိဥဏ်ရှိတဲ့ အချစ်တွေနဲ့ ချစ်ဖြစ်ဖို့ သိပ်အရေးကြီး ပါတယ်။ သံသရာ အဆက်ဆက် ချစ်ရမဲ့ ဘ၀တွေက အများကြီး ရှိချင်ရှိ နေဦးမှာပါ။ အထုံဆိုတာ ပါတတ်တာ ဆိုတော့ ဒီဘ၀ အသိဥဏ် ရှိတဲ့ အချစ်နဲ့ ချစ်ဖြစ်ရင် အဲဒီ အသိဥဏ်ရှိတဲ့ အချစ်နဲ့ ချစ်တဲ့ အချစ်က နောက်ဘ၀ နောက်ဘ၀တွေထိ လိုက်သွားတတ်ပါတယ်။ နောက်ဘ၀တွေထိ လိုက်တတ်တဲ့ အထုံလေးကိုလည်း ကိုယ်က အာရုံပြုထားရပါမယ်။

ဘာပဲပြောပြော အသိဥဏ် မဲ့တဲ့ အချစ်နဲ့ မချစ်မိဖို့နဲ့ အချစ်အတွက် အကုသိုလ်တွေ မပြုလိုက်မိဖို့ ပါပဲလေ။

ဆရာတော် အရှင်ရာဇိန္ဒ (ရဝေနွယ်- အင်းမ)

အလင်းတန်းဂျာနယ် ၁၁.၉.၂၀၀၆
အချစ်နှင့် ၀ိပဿနာ စာအုပ်မှ ထုတ်နုတ် ပူဇော် ဓမ္မဒါန ပြုပါသည်။

Saturday, May 8, 2010

အမေ...........

အမေ… တိုးတိုးလေးခေါ်ညည်းမိတယ်။ အခုအချိန်ဆို အမေဘာလုပ်နေမလဲလို့ တွေးမိပါရဲ့။ နေရောကောင်းရဲ့လား။ အနေဝေးတော့ မှတမ်းတမိတာ သမီးအမှားလားအမေ။ အမေနဲ့ အတူရှိနေတုန်းကတော့ အမေများနေ့ဆိုတာ ဘာမှန်းတောင်မသိပဲ ကုန်ဆုံးခဲ့တဲ့ နှစ်က ၂၃နှစ်၊ အခုအနေဝေးမှ နင်သိပ်သိတက်နေတယ်ပေါ့လေလို့ အမေ့ စိတ်ထဲမှာ တွေးနေမယ်ထင်တယ်နော်။


အဟုတ်ပဲလေ။ ခလုတ်ထိမှ အမိတ ဆိုတဲ့ မြန်မာစကားပုံလိုပေါ့ အမေ၊ အနေဝေးတော့မှပဲ တန်ဖိုးတွေနားလည်တက်နေပြီအမေ။ တစ်ခါတစ်လေဆို တွေးမိပါရဲ့ ၊ တစ်စုံတစ်ခု အခက်အခဲ တွေ့ပြီ ရင်ထဲမှာ ခံစားရတာတွေရှိလာပြီဆို မျက်ရည်အရင် ကျချင်နေမိတဲ့ အမေ့သမီး၊ အဲလိုဖြစ်မှ ငါ့အမေ ငါတို့ကို ဘယ်လိုများ လောကကြီးအလယ်မှာရုန်းကန်ပြီး စောင့်ရှောက်လာပါလိမ့်လို့ပေါ့၊


မြင်ယောင်မိပါတယ် အမေ့မျက်နှာကို အလုပ်ကမောမောနဲ့ ပြန်လာတယ်၊ အိမ်ရောက်တော့ သူ့ယောက်ျားနဲ့ သားသမီးတွေ အတွက်တဲ့ ထမင်းဟင်း ပြေးချက်လိုက်သေး၊ ပြီးတော့ ရေမိုးချိုး၊ ထမင်းဝိုင်းကို ခူးခပ်၊ ပြီးတော့ မိသားစု ထမင်းလက်ဆုံစားနိုင်ဖို့ အတွက်ကိုသူစီမံပေးတက်တယ်။ ပြီးတော့ သူနားမယ်လို့တော့ မထင်လိုက်ပါနဲ့။ သူသိပ်ကြိုက်တဲ့ ကိုရီးယားကားကြည့်တာတောင် မီးပူလေးထိုးပြီးကြည့်တက်တဲ့ အမေပါ။


အခုတော့ ကိုယ်လည်း အလုပ်ကပြန် ကိုယ့်အတွက်စားစရာကိုယ့်ဟာကိုယ်ချက်(ဒါတောင် ယောက်ျား အတွက်၊ သားသမီး အတွက်တွေ မပါသေးဘူး) အဲလိုတွေ လုပ်တိုင်း အမေ့ကိုသွားသွားသတိရမိတယ်၊ အမေဆို အမြဲပြောတက်တယ်၊ ဟင်းတွေထပ်ထပ်ပြီးချက်လာပြီဆို ဂျီးများချင်တဲ့ ကိုယ့်အကျင့် က အမေကလည်း ဒီဟင်းချည်းပဲချက်နေတာပဲဆိုပြီး ပြောရင်၊ ငါလည်းတစ်နေ့တစ်နေ့ နင်တို့ကို ဘာချက်ကျွေးရမလဲကို မသိဘူးဆိုပြီး အမေ အမြဲပြန်ပြောတက်တယ်၊ အခုဒီရောက်တော့ ကိုယ်လည်းအဲလိုဖြစ်နေပါပြီ အမေ၊ ကိုယ့်ဟာကိုယ် စားဖို့တောင် ဘာချက်စားရမလဲ မသိဘူးဖြစ် နေတဲ့ သမီး၊ အခုတော့ အမေ့ကို ကောင်းကောင်းလေး ကိုယ်ချင်းစာတက် နေပြီလေ။


ဒါတောင် အမေ ရင်ဆိုင်ရမှာတွေ အများကြီးရှိသေးတယ်ဆိုတာ သမီးသိပါတယ် အမေ။ တစ်ခါတစ်လေ အဖေက ငြိုငြင်လို့ ဟောက်ရင်လည်းအမေအမြဲ သည်းခံရတာပဲနော်။ သားသမီးတွေ မသိနားမလည်လို့ အမေ့ကိုပြန်ပြောတဲ့ အခါဆိုရင်လည်း အမေရင်နာနာနဲ့ ဆုံးမရမှာပဲနော်။ သမီးတို့တွေ ဆိုးချင်ဆိုးမယ် အမေ၊ ဒါပေမယ့် အမေကတော့ အမြဲ ဂရုဏာ ထားပြီး စောင့်ရှောက်နေတုန်းပဲ ဆိုတာကိုသမီးသိပါတယ်၊ ဒါကြောင့်မလို့ လဲ လူ့လောက အလယ်မှာ င်္ကြ့ ကြံ့  ခံနိုင်ပြီး အကောင်းဆုံးလမ်းတွေကို ရွေးချယ်ပြီးလျှောက်လှမ်းနေနိုင်တာပါ။ အမေများနေ့ အတွက် ဒီပိုစ့် လေးကိုရေးရင်း အမေ့ကို သတိတရနဲ့ ကန်တော့လိုက်ပါတယ် အမေ…..

Wednesday, March 24, 2010

မလေးရှား

စာမရေးဖြစ်လို့  ဘာတွေရေးပြီးတင်ရင်ကောင်းမလဲလို့  စဉ်းစားနေတာ၊ အခုတလော မလေးရှားမှာ အဖမ်းအဆီးတွေများနေတဲ့ အကြောင်းလေးကို ရေးချင်လာတာနဲ့  ဒီစာလေးကို ရေးဖြစ်တယ်ဆိုပါတော့ ။


မလေးရှားက အော်ပရာစီ လို့ နာမည်ကြီးတဲ့  အမှန်မဟုတ်တဲ့ ပတ်စ်ပို့  မရှိတဲ့ ၊ သူတို့ နိုင်ငံမှာ တရားဝင် နေထိုင်မူ့ မရှိသော သူများကို ဖမ်းဆီးတဲ့  အဖွဲ့ ကြီး အကြောင်းကတော့  မလေးရှားမှာ ရောက်နေသော နိုင်ငံ အသီးသီးက လူအားလုံးကတော့ သိပြီးသားဖြစ်မှာပါ။ ရီမိုးတို့ တော့ အဲဒီ့ နာမည်ကြားတာနဲ့ တင် ကြက်သီးထပါရဲ့  သူတို့ က အမှန်ဖြစ်ဖြစ်၊ မဖြစ်ဖြစ် ကားပေါ်တင်ခေါ်သွားတာပါပဲ။ မြန်မာပြည်က လူပြက်တွေ ပြက်လုံးထုတ်သလို ဘာမှလာရှင်းမပြနဲ့  စခန်းရောက်မှရှင်းဆိုတာ သူတို့ လို လူမျိုးတွေကိုပြောတာထင်ပါတယ်။


သူတို့ တွေက ဘာစကားမှ အပြောမခံပါဘူးတဲ့ ။ ကားပေါ်တင်ခေါ်ပြီး ရဲစခန်းရောက်မှ အမှန်ဆိုရင် ပြန်လွှတ်ပေးတယ်လို့ တော့ ပြောကြတာ ကြားဖူးပါတယ်။ တခါမှတော့ သူတို့ နဲ့ မဆုံပါဘူး။ ဟိုတစ်နေ့  kl (ကွာလမ်လမ်ပူ) ကိုသွားတော့  သူတို့ ဖမ်းတဲ့ အချိန်နဲ့  ကြုံနေလို့  ကုန်တိုက်တစ်ခုက ထိုင်းစားသောက်ဆိုင် တစ်ခုထဲမှာ ဝင်နေပြီး အခြေအနေကို စောင့် ကြည့် နေရတယ်။ သူတို့ က စားသောက်ဆိုင် ထဲထိတော့ ဝင်မစစ်လို့ တော်သေးတယ်။ အဲဒီ့ နေ့ က သူတို့ လူစုက နည်းတာမဟုတ်ဘူး။ သူတို့ မျက်နှာကို ကြည့် ရတာ အရီ၊ အပြုံးကိုလည်းမတွေ့ ရဘူး။ စက်ရုပ်တွေကြနေတာပဲ။ လမ်းပေါ်မှာ ဖြတ်လာသမျှ လူအားလုံးကို စစ်တာပါပဲ။ အဲ.. အဲဒီ့ နေ့ ကတော့  မှန်တဲ့ လူဆိုရင်တော့ ပြန်လွှတ်ပေးတာ တွေ့ ရတယ်။ ကိုယ်လည်းသူတို့ ကို ကြောက်ပါတယ်ဆိုမှ တည့် တည့် ကြုံလာတော့  စားသောက်ဆိုင်ထဲကကို မထွက်ရဲ တော့ ဘူး။ အမှန်ဖြစ်တဲ့ ကိုယ်တောင် ဒီလိုဆိုရင် မမှန်တဲ့ လူဆိုရင် ဘယ်လိုနေမလဲမသိ။


အခုတလောကို သူတို့ က စီမံချက်အနေနဲ့ ကို ဖမ်းမယ်ကြော်ငြာထားတော့  မမှန်တဲ့ သူတွေ တကယ်ကိုသတိထားရမယ့် အချိန်ကာလတစ်ခုပါပဲ။ သူများနိုင်ငံမှာ တရားမဝင်ပဲ ဘာလို့ နေနေကြတာလဲ၊ သူတို့ တွေရှိနေတော့ ဒီလူတွေက တရားဥပဒေ အရဖမ်းဆီးတာ သူတို့ တွေ အပြစ်မှ မဟုတ်တာလို့  တစ်ချို့ အမှန်သမားတွေက ပြောလေ့ ပြောထ ရှိတာကို ကြားဖူးပါတယ်။ မှန်ပါတယ်၊ သူတို့ ပြောတာ။


ဒါပေမယ့်  ဥပဒေနဲ့ မညီပဲနဲ့ သူများနိုင်ငံမှာ ခိုးကြောင်ခိုးဝှက် ဘယ်သူများနေချင်ရှာမှာလဲနော်။ မိသားစုနဲ့ လဲဝေး၊ အခက်အခဲ မျိုးစုံကလည်း ရင်ဆိုင်ရသေးတယ်။ အဲဒီ့  အပြင်ကို အစစအရာရာ သည်းငြီးခံရ၊ တစ်ချို့ သူဌေးတွေဆိုရင် ကိုယ့် ရဲ့ လုပ်အားခကို တောင်မပေးလို့ မနည်းတောင်းယူရတယ်။ အမှန်မဟုတ်တော့  တိုင်လို့ မရပြောလို့ မရ၊ ဒါတွေကို သိတဲ့  သူဌေးတွေက ဖိနှိပ်ချင်ကြတယ်။ အစစအရာရာ ကြောက်နေရတဲ့  ဘဝမျိုးကြီးကိုတော့ သိသိကြီးနဲ့ ဘယ်သူကနေချင်မှာလဲနော်။ မနေမဖြစ်နေရမယ့် အကြောင်းအရာတွေရှိနေလို့ ပေါ့ ။ ဘယ်လို အကြောင်းအရာတွေက သူတို့ ကို ဒီလိုဘဝမျိုးရောက်အောင်တွန်းပို့ သွားတာလဲဆိုတာကတော့ စဉ်းစားစရာပေါ့ နော်။


များသောအားဖြင့် ကြားရတာကတော့  အေးဂျင့် တွေကြောင့် ပါ။ တစ်ချို့ ဆိုပြောထားတဲ့ အလုပ်ကတစ်မျိုး ဒီရောက်တော့ လုပ်ရတဲ့ အလုပ်ကတစ်မျိုး၊ မိန်းခလေးတွေကိုလဲ ပို့ ချင်တဲ့ နေရာတွေပို့ ၊ ပိုက်ဆံတွေကိုလည်း မတရားဖြတ်စား၊ အစုံပါပဲ ကြားရတဲ့ သတင်းတွေကတော့  အဲလိုမျိုးတွေဖြစ်တော့  အမှန်သမားတွေကတော့  မမှန်တဲ့ သူတွေဘဝကို ချက်ချင်းရောက်သွားပါလေရောလား၊ ကဲ.. ဒါဆို တရားမဝင်နေထိုင်တဲ့ သူတွေမှာ အပြစ်ရှိလား။ ဘယ်သူတွေမှာများ အပြစ်ရှိနေတာလဲ။ ကိုယ့် နိုင်ငံမှာ အေးအေးဆေးဆေး မနေပဲ သူများနိုင်ငံကိုလာမိတဲ့  ကိုယ်တို့ တွေပဲ အပြစ်ဖြစ်နေတာလား။ တစ်ခုတော့ သိတယ် ဘယ်သူမှတော့  ကိုယ့် မိသားစု၊ ကိုယ့် မိဘကိုခွဲပြီးတော့  မနေချင်ကြတာတော့ အသေအချာပါပဲ။ ဘာကြောင့် ဒီလို သူများနိုင်ငံမှာ လာအလုပ်လုပ်နေတယ် ဆိုတာတော့  တစ်ဦးစီရဲ့ ရင်ထဲမှာ ခံစားချက်ကိုယ်စီရှိနေကြမှာပါ။ အော်..ငါ တော့ ဆက်ရေးရင်မလွတ်မလပ်တွေပါလာတော့ မယ်။ အော်ပရာစီ အကြောင်းပြန်ဆက်တာပေါ့ နော်။


အဲလိုနဲ့  ၁နာရီလောက်ထိုင်စောင့် နေတာ သူတို့ ကမပြီးနိုင်ဘူး၊ တဖြည်းဖြည်းနဲ့  ကိုယ်ရှိနေတဲ့ နေရာနားတောင်ရောက်လာတော့ မယ်ဆိုတော့  kl ဆိုတဲ့ နေရာကနေ အမြန်ထွက်မှ စိတ်ချရမယ် ဆိုတာကို သိလာပြီ။ ဒါနဲ့ မထူးဘူးဆိုပြီး အရဲစွန့် ပြီးပဲ သူတို့ မရှိနိုင်တဲ့ လမ်းကိုရွေးပြီး ကားမှတ်တိုင်ကို အမြန်ပြေးရပါတယ်။ တော်သေးတယ်.. ကိုယ်ရွေးတဲ့ လမ်းတွေမှာက ရှင်းတယ်၊ ကားမှတ်တိုင်ရောက်တော့ အရေးဆို ကားကမလာဘူး၊ ၁၅မိနစ်လောက်ရပ်စောင့် နေရသေးတယ်။ သူတို့ က နိုင်ငံခြားသား အများဆုံး အသွားအလာလုပ်တဲ့ နေရာတွေကိုသိထားတော့  အဲဒီ့ နေရာတွေကို ပတ်ပြီးဖမ်းနေတာ။ မကြာခင် ကိုယ်ရပ်နေတဲ့ နေရာကိုရောက်လာတော့ မှာသေချာတယ်။


အဲဒါနဲ့  ရတဲ့ ဘုရားစာတွေရွတ်ပြီး ကားရယ် မြန်မြန်လာပါတော့ ဆိုပြီးဆုတောင်းနေမိတာပါပဲ။ ကိုယ်စီးမဲ့ ကားလဲလာရော ပျော်လိုက်တာ မပြောပါနဲ့ တော့ ။ တခဏတာတော့  လုံခြုံတဲ့ နေရာလေးပါပဲ။ တခဏတာလို့ ဘာလို့ ပြောရတာလဲဆို တခါတလေ အဲဒီ့ ဖမ်းတဲ့ လူတွေက ဘတ်စ်ကားတောင် မရှောင်ဘူး တစ်စီးလုံး ကိုကားပေါ်ကဆင်းခိုင်းပြီး စစ်တာ၊ အဲလိုမျိုးလုပ်တာကို ကိုယ့် မျက်စိနဲ့  ကိုယ်တိုင်တွေ့ ဘူးတာဆိုတော့ ကြောက်ရပြန်ရော။ အဲဒီ့ တော့ တခဏတာ လုံခြုံမူ့ ပဲပေါ့ ။ ကားပေါ်ရောက်တော့ ဆုတောင်းရပြန်ရောလေ၊ အဲလိုမျိုး မဖြစ်အောင်လို့ ၊ ဘာလို့ လဲဆို ကိုယ့် ရဲ့ ကားက သူတို့ တွေစစ်နေတဲ့ နေရာကို ဖြတ်ပြီးမှ သွားလို့ ရမှာကိုး၊ အဲဒီ့ ဂိတ်က ထွက်တော့ မှပဲ စိတ်ကို ဒုန်းဒုန်းချနိုင်တော့ တယ်။ ဟဲဟဲ.. မလေးရှားရောက်မှပဲ ဘုရား၊တရား၊သံဃာ ရတနာသုံးပါးကို ပိုပြီးယုံယုံကြည်ကြည်ကို အားကိုးလာတယ်။


တစ်ခုခုဆို ရသမျှ ဘုရားစာတွေရွတ်တော့ တာပဲ။ မလေးရှားက အော်ပရာစီတွေက ရီမိုးကို ကုသိုလ်တွေ အများကြီးရအောင်လုပ်ပေးနေတာလေ။ အခုဆို ဘုရားတရား အလုပ်ကို ပုံမှန်လုပ်တာထက်ကို ပိုလို့ ကိုလုပ်ဖြစ်နေတာ အမှန်ပါပဲ။ ဒီပို့ စ်လေး ကိုတော့  မလေးရှားရောက်မြန်မာတွေရင်ဆိုင်နေရတဲ့  အကြောင်းအရာတွေပါပဲ။ ဒီ့ ထက်ဆိုးတာ တွေလည်းရှိအုံးမှာပါ. ရီမိုးသိသလောက်လေးပဲ ရေးပြီး ပြောထားရတာပါ။ ဒီ့ ထက်ပိုပြီး သိလာတဲ့ အရာတွေရှိရင်လဲ ဘလောက်မောင်နှမတွေကို ပြန်ပြီးဖောက်သည်ချ ပေးပါအုံးမယ်။ အခုတော့ ဒီလောက်ပါပဲ။ ကျေးဇူးတင်ပါတယ်……

Saturday, March 20, 2010

ကြောက်ကြောက်နှင့် ရေးသောပို့ စ်

ဟိုတစ်နေ့ က စာလေးတစ်ခုဖတ်လိုက်တယ်၊ အမေးအဖြေလေးတစ်ခုပါ။ စာကြောင်းတစ်ကြောင်း စာလုံးတစ်လုံးဟာ ကိုယ့် အတွက်အရေးကြီးသလို စာဖတ်သူတွေ အနေနဲ့ လဲ အားတစ်ခုလဲ ဖြစ်နိုင်သလို အဆိပ်တစ်ခွက်လည်းဖြစ်နိုင်တယ်လို့ ဆိုလိုတဲ့  စကားလေးပါ။

အဲဒါလေးကို သွားတွေ့ တော့  စာရေးရမှာတောင် လန့် လာတယ်။ ကိုယ်ရေးတဲ့ စာတွေကို ဖတ်ပြီး ဖတ်တဲ့ လူတွေ တစ်မျိုးလက်ခံသွားရင် မကောင်းဘူးနော်။ ကောင်းတဲ့ ဘက်ကတွေးပြီး ကောင်းတာလေးတွေ လက်ခံပေးရင်တော့  အကောင်းဆုံးပေါ့ ။ ဒါပေမယ့်  အကောင်းဘက်ကနေပြီး မတွေးပေးရင်တော့  ရေးတဲ့ လူက အမှားလား၊ တွေးတဲ့  ဖတ်တဲ့  လူကအမှားလား။ ဘယ်လို ဆုံးဖြတ်ကြမှာလဲ။

ရီမိုး က အခုလို စာရေးတယ်ဆိုတာ က ကိုယ့် ရဲ့ ခံစားချက်လေးတွေ ချရေးလို့ ရလို့ ရယ်၊ ကိုယ်မြင်တာ ကိုယ်ယူဆတာတွေကို လွတ်လွတ်လပ်လပ် ပြောချင်ရေးချင်လို့ လဲ ပါတယ်။ ဒါပေမယ့် ကိုယ့် ရဲ့ အယူအဆက မှန်ချင်မှလည်း မှန်မယ်၊ အဲဒါတွေကို ဖတ်မိပြီး တစ်မျိုးလက်ခံတဲ့ လူတွေရှိနေရင်တော့  ဘယ်လိုလုပ်ရမလဲ ဆိုပြီး စိတ်တောင်ပူသွားသား၊ ဒါပေမယ့် လည်း စိတ်ထဲရှိတာလေးတွေကို တော့ မရေးပဲ မနေနိုင်လို့  အခုတောင် ရေးနေတာလေ။ ဒါကြောင့် ရေးမိတဲ့ စာသားတွေ၊ စာကြောင်းတွေထဲမှာ၊ အမှားပါတယ်ဆိုရင်လည်း လက်မခံကြပါနဲ့ ။ လက်ခံနိုင်တဲ့ အရာမျိုးပါတယ် ဆိုရင်တော့ လက်ခံနိုင်ပါတယ်။

ဒါကြောင့် ထင်တယ် ငယ်ငယ်တုန်းက ဆိုရင် အမေ က အချစ်ဝတ္ထုတွေဘာတွေ မဖတ်ခိုင်းဘူး။ ဖတ်တာကို မိရင် ကောင်းကောင်းကို အဆူခံရပြီ။ နင်တို့ က ဒီအရေမရ အဖတ်မရ စာတွေကို ဖတ်နေတယ်။ ကိုယ့် အတွက် ဘာမှ ကျန်မှာ မဟုတ်တာတွေကို စာမကျက်ပဲဖတ်နေလို့ တဲ့ ။ အဲလိုပြောတော့ ဖတ်ချင်နေတဲ့ ကိုယ်က ဆင်ခြေပေးတာ၊ အရေမရ အဖတ်မရတဲ့ စာအုပ်လည်း သူတို့ ကြိုးစားပမ်းစား အချိန်တွေ ခေါင်းခြောက်ခံပြီးရေးထားရတာလို့ ၊ သူတို့ ကို ဒီလောက်တော့  လက်ခံပေးရမှာပေါ့ လို့ ၊ ဖတ်ချင်နေတော့  ဆင်ခြေပေးတာလေ။ ဟုတ်တော့ လည်း ဟုတ်တယ်။ အမေတို့ ပြောတာ၊ စာကျက်ရမယ့် အရွယ်မှာ အဲလို တွေ ဖြစ်ကုန်တော့  ပညာရေးမှာ အနှောင့် အယှက် ဖြစ်ကုန်ကော။ ဒါတွေကြောင့် လို့ လဲပြောလို့ မရပါဘူး၊ အစစ အရာရာ ပြောင်းလဲလာတဲ့ ခေတ်ကြီးကြောင့် ဖြစ်မှာပါ။ ဘယ်သူမှ ထိန်းလို့ မရဘူးလေ။

ဒါပေမယ့် အခုကိုယ်က မတောက်တခေါက် အတွေ့ အကြုံလေးတွေကို ချရေးနေမိတော့ ၊ အမှားပါမှာ ကြောက်နေတယ်။ ကိုယ်ကပဲ အတွေးချော်နေတာလား မသိဘူးနော်။ တကယ်ကတော့  ကိုယ်ရေးလိုက်တဲ့ စာလုံးတိုင်း ဟာစာဖတ်သူအားလုံး အတွက် အကျိုးရှိပြီး၊ အသုံးဝင်တဲ့ စာလေးတွေဖြစ်ရင်တော့  အကောင်းဆုံးဖြစ်မှာပေါ့  နော်။ အဲလိုမျိုးလေးရေးနိုင် ရင်တော့ အလွန်ကောင်းမယ်နော်။ ကြိုးစားပြီး အကောင်းဆုံး ဖြစ်အောင်ရေးမယ်လို့ တော့  ဆုံးဖြတ်ထားပါတယ်။ ကိုယ်ရေးတဲ့ စာတွေက အဆိပ်ဖြစ်နေမှာကို ကြောက်လည်းကြောက်တယ်၊ ရေးလည်းရေးချင် လာတာနဲ့  ဒါလေးကို ကြောက်ကြောက်နဲ့  ရေးလိုက်ရပါသည်။