Friday, August 20, 2010

ကိုယ် ချစ်သောသူများ.....

”တီ..တီ…တီ…တီ”
အဆက်မပြတ်မြည်နေသော ဖုန်းသံကြောင့် ကျမ အိပ်ယာမှ နိုးသွားခဲ့သည်။ စိတ်ထဲမှာတော့ နည်းနည်းရူပ်သွားသည်။ ဒီအချိန်ကြီး ဘယ်သူ့ ဖုန်းလဲ၊ အိပ်ချင်မူးတူးနှင့် ကျမဖုန်းကို ကောက်ကိုင်ကြည့်မိပါတယ်။ ”သူ” အချိန်ကို ကြည့်မိတော့ မနက် ၄နာရီ၊ သူ ဒီအချိန်ကြီးတစ်ခါမှ ဖုန်းမခေါ်တက်၊ ဘာလို့ဖုန်းခေါ်တာပါလိမ့်၊ ကျမ စိုးရိမ်သွားသည်။

ချက်ချင်းဆိုသလို ကျမဖုန်းပြန်ခေါ်မည်အလုပ်၊ သူ့ရဲ့ မတ်ဆေ့ခ်ျ လေးဝင်လာသည်။ သူ့ အစ်မ၊ ယောက်ျားဆုံးသွားပါသည်တဲ့။ သူ့ အမေဖုန်းလှမ်းဆက်လို့ သူသိရသည်တဲ့။ မနက်စောစော ကြားလိုက်ရသည့်သတင်းမှာ မကောင်းပါ။ ကျမ စိတ်မကောင်းဖြစ်သွားရသည်။ သူ လည်းတော်တော် စိတ်မကောင်းဖြစ်နေပုံရသည်။ ထို့ကြောင့်သာ ကျမဆီသို့ ဒီလိုအချိန်ကို သူဖုန်းခေါ်ခြင်းသာဖြစ်သည်။ တော်ယုံ ဆိုသူဒီလို မခေါ် မနက်မိုးလင်းမှသာ သူမတ်ဆေ့ခ်ျလေးပို့ပြီး ပြောနေကျ၊ ထို့ကြောင့် စိတ်မကောင်းဖြစ်နေသော သူ့ကို ကျမ ဘယ်လိုစကားလုံးမျိုးရှာပြီး အားပေးရင် ကောင်းမလဲ လို့ အလျင်အမြန်စဉ်းစားနေလိုက်သည်။

ကျမ သူ့ကိုပြန်အိပ်ဖို့ ကြိုးစားခိုင်းသည်။ မနက်စောစော သူ့အိမ်သို့ ပြန်ဖို့နှင့် သူ့ အစ်မကို နှစ်သိမ့်ပေးဖို့ ကျမ အကြိမ်ကြိမ် သူ့ကိုမှာသည်။ သူ ကကျမကို တောင်းပန်သည်၊ ကျမ အိပ်နေသည်ကို သူနိုးမိတဲ့ အတွက်တဲ့။
ကျမ စိတ်ထဲတွင်တော့ ကျေနပ်သည်… သူ စိတ်ညစ်တဲ့ အချိန်မှာ ကျမကို သူတမ်းတတဲ့ အတွက်ပါ။ သူ့ရင်ထဲမှာ ကျမရှိနေသည်ကို ကျမ သိခွင့်ရခဲ့လို့ ကျမကျေနပ်သည်။ ဘာလို့လဲဆို ကျမ သူ့ကိုချစ်သည်လေ။

ကျမ သူ့ကို မေးမိသည်၊ သူ့ရဲ့ အစ်မ အသက်ကဘယ်လောက်ရှိပြီလဲပေါ့။ ၃၅ ဝန်းကျင်လောက်တဲ့….. ခလေး ၃ယောက်လည်း ကျန်ခဲ့သေးသည်။ ခလေးတွေလည်း တော်တော်ငယ်သေးသည်။ အသက်ငယ်ငယ်နဲ့ မုဆိုးမ ဆိုတဲ့ ဘဝကို ခံယူရပြီ။ ကျမ စဉ်းစားမိသည်၊ လူတွေဟာ ကိုယ်ဘယ်အချိန်မှာ ကိုယ်ချစ်တဲ့ သူတွေကို ဘယ်လိုပုံစံနဲ့ ခွဲခွာသွားကြမလဲဆိုတာ မသိနိုင်ကြပါဘူး။ အတူ ရှိနေတုန်းလေး တစ်ယောက်နဲ့ တစ်ယောက်ချစ်မြတ်နိုးနေဖို့ ကအဓိကကျတယ်ဆိုတာကို ကျမ နားလည်သဘောပေါက်ခဲ့ရတယ်။ သူ့အစ်မအပေါ်လည်း ဂရုဏာသက်မိတယ်။ သူ့ ကိုတော့ သူ့အစ်မနဲ့ ခလေးတွေကို အရင်ကထက်ပိုပြီးဂရုစိုက်ဖို့ ကျမ အတန်တန်မှာနေမိတယ်။

ကျမ ချစ်ရတဲ့ သူတွေနဲ့ ဒီလိုမျိုးခွဲခွာရမယ်ဆိုရင်ကော ကျမခံနိုင်ရည်ရှိပါ့မလား။ ဒီတလောအတွင်း ကျမ အများကြီးနားလည်သွားသလို၊ အများကြီးလည်း စဉ်းစားမိတယ်။ အမှန်အတိုင်း ပြောရရင် ကျမကြောက်တယ်၊ လောကကြီးမှာ လူတိုင်းကြုံတွေ့ရတဲ့ အရာတွေဆိုပေမယ့်၊ ကျမ ချစ်တဲ့ သူတွေကို ကျမဘာမှလုပ်မပေးလိုက်ရပဲ၊ လောကကြီးထဲက မထွက်သွားချင်။


ထို့ကြောင့် မိဘကိုလည်း သားသမီး ဝတ်တရား မပျတ်ကွက်အောင်စောင့်ရှောက်မယ်၊ သူ့ အပေါ်အမြဲ စိတ်ဆိုးစိတ်ကောက်လုပ်ခဲ့ သောကျမ၏စိတ်ကို ကျမ အမြန်ဆုံးပြင်ပြီး၊ သူ့ကိုအရင်ကထက်ပိုပြီးချစ်မယ်၊ သူ့အပေါ်ကိုလည်းအရင်ကထက် ပိုကောင်းအောင်နေမယ်၊ ကျမ ရဲ့ ပတ်ဝန်းကျင်ကိုလည်း အရင်ကထက် ပိုကောင်းအောင်ကြိုးစားမယ်… လို့ ကျမ ဆုံးဖြတ်မိတယ်။

သူကလည်း ဒီအဖြစ်အပျက်လေးဖြစ်ပြီးတော့ ကျမလိုမျိုးများတွေးမိသလားတော့ မပြောတက် သူ အရင်ကထက်ပိုနူးညံ့လာသည်။ ကျမကိုလည်း အရင်ကထက်ပိုဂရုစိုက်လာသည်။ သူ့ရဲ့ မိသားစုအပေါ်တွင်လည်း ပိုဂရုစိုက် လာသည်ဟု ကျမ ယူဆသည်။ ဘာပဲဖြစ်ဖြစ် အဆိုးတစ်ခုထဲကနေ ကျမတို့နှစ်ယောက်အတွက် ရလာတဲ့ အကျိုးကျေးဇူးလေးတွေပါ။


သူ့အစ်မအခု ခံစားရသောဝေဒနာအတိုင်း ကျမထပ်တူထပ်မျှ ခံစားရသဖြင့် ဒီ ပို့စ် လေးကို ရေးဖြစ်ပါသည်။
အားလုံးလဲ ကိုယ် ချစ်သောသူများ အပေါ် ယခင်ကထက် ပိုပြီးချစ်နိုင်ကြပါစေ........

(၁၅ / ၀၈ / ၂၀၁၀)

2 comments:

  1. အသက်ရှင်လျှက် ရှိနေတဲ့အချိန်တွေမှာ
    ပေးဆပ်ခြင်း၊ရယူခြင်း၊ မျှဝေခံစားခြင်းတွေနဲ့
    ပျော်ရွှင်တဲ့ ဘဝလေးတွေကို
    လက်မလွတ်မိစေဖို့ ..အသိတရားရသွားပါတယ်။
    ပြီးတော့...
    မိသားစုနဲ့ ထပ်တူ ဝမ်းနည်းကြေကွဲရပါကြောင်း...။

    ReplyDelete
  2. အဲ့လိုမျိုးစာလေးတွေ ရေးပါဦး..

    ReplyDelete