Tuesday, March 22, 2011

ရီမိုး နှင့် blog

blog ကရေးချင် အချိန်ကမရှိ
အိမ်ကျရေးရန် ရည်ရွယ်ပြန်သော်
လက်ပ်တော့ကမရှိ
အလုပ်တွင်လည်း ခိုးဖွင့်ရသဖြင့်
ကိုယ့် blog ကိုပင် ဖွင့်ကြည့်မရ
သူများ blog လည်ဖို့ဆိုလျှင်
ပိုလို့ဆိုးသည်...
ဒီလိုနှင့်ပင်
blog လောက အဆက်ပြတ်ခဲ့
၃လကြာပြီ။ ။
ယနေ့တွင်တော့
မန်နင်ဂျာလစ် အလုပ်လဲပါးတုန်း
သူများ blog လည်မည်စိတ်ကူး
ကိုယ့် blog ကို ပြန်လည်ဖွင့်ကြည့်
ဟောင်းနွမ်းစပြု ပန်းရောင်ဖျော့ဖျော့ ဖြစ်နေရှာသော
ကိုယ်ပိုင်နေရာ၊ ကိုယ့်စာမျက်နှာဟောင်းဟောင်း
လွမ်းမောဖွယ်ရာ ပြန်လည်တွေ့ရှိ
ထိုအချိန်တွင် ငါ၏စိတ်တွင်
ရေးချင်စိတ်များ တဖွားဖွားပေါ်ကာ
စာရွက်တစ်ရွက် အလျင်အမြန်ကောက်ယူ
ရောက်တက်ရာရာ ချရေးအပြီး
blog ပေါ်သို့ ကဗျာမဆန် စာမဆန်သည့်
ပို့စ်လေးတစ်ခု တင်လိုက်နိုင်သည်။ ။
ထိုအချိန်တွင်သာ
မန်နင်ဂျာ ပြန်အလာ
စာခိုးရေးသည် မြင်သွားပါမူ
အဆူအဆဲ ခံရအုံးမည်
မုချ မလွဲပေသတည်း။ ။

Wednesday, December 29, 2010

ကောင်းသော နူတ်ဆတ်ခွဲခွာခြင်းပါ ”၂၀၁၀”

နှစ်သစ်ကို ရောက်တော့မှာပါ။ တကယ်တော့ ဒီ ၂၀၁၀ ကို မြန်မြန်နူတ်ဆတ်ချင်နေတာတော့ အမှန်ပါပဲ။ ၂၀၁၀ တစ်လျှောက်လုံး စိတ်ဆင်းရဲမူ့တွေပဲ ကြုံတွေ့ခဲ့ရတော့ မြန်မြန်နူတ်ဆတ်ချင်နေတယ်ထင်ပ။

လူဆိုတာကလည်း ကောင်းတာတွေပဲလိုချင်နေကြတော့ ဒီလို စိတ်ဆင်းရဲတဲ့ အချိန်မျိုးဆိုရင် အခွေကြည့်သလို ရစ်လို့ရရင် ရစ်ပစ်လိုက်ချင်တာလေ။ ၂၀၁၁ ဆိုတဲ့ အနာဂတ်မှာ ဘာတွေဖြစ်မလဲဆိုတာကို မသိပေမယ့် စိတ်ဆင်းရဲမူ့တွေပဲ များနေတဲ့ ဒီ ၂၀၁၀ ကိုမြန်မြန် အဆုံးသတ်ချင်နေပြီ။ ၂၀၁၁ ဆိုတဲ့ နှစ်သစ်ကို စိတ်သစ် လူသစ်၊ အတွေးအခေါ်အသစ်တွေနဲ့ ကြိုဆိုဖို့ အသင့်ဖြစ်နေမိပြီ။

သေချာပြန်စဉ်းစားကြည့် တော့ ၂၀၁၀ ထဲမှာ ငါဘာတွေများ ထူးထူးခြားခြားလေးတွေ လုပ်ဖြစ်လဲ။ ဘာတွေများ ပြောင်းလဲသွားပြီလဲ၊ ဘဝကြီးအတွက်၊ တစ်ယောက်ယောက်အတွက်.. တကယ်တော့ ကျမက လမ်းပျောက်နေဆဲ ဆိုတာကို ကိုယ့်ဟာကိုယ်နားလည်လာတယ်။ တစ်ယောက်ယောက် အတွက်လည်း ဘာမှထူးထူးခြားခြား မလုပ်ခဲ့သလို၊ ကိုယ့်အတွက်လည်း ဘာမှမလုပ်ဖြစ်ခဲ့ပါဘူး။ ဘဝကြီးကို စက်ရုပ်တစ်ရုပ်လိုတော့ ပုံမှန်လည်ပတ်ခဲ့တယ်ဆိုတာကတော့ အသေအချာပါပဲ။

ဒီကြားထဲမှာမှ ၂၀၁၀ စဝင်ကတည်းက ဆိုင်ကယ်မှောက်တယ်၊ အကြီးအကျယ်ကြီးတွေ မဟုတ်ပေမယ့် စိတ်ဆင်းရဲစရာတွေက တစ်ပုံတစ်ပင်၊ အေးဂျင့်က ပြောင်းရတာနဲ့၊ နှစ်ကုန်ခံနီးတောင်မှ သူဌေးက ပြသနာရှာသေးတယ်၊ ဒီလိုမျိုးတွေ ဖြစ်နေမှတော့ ကျမ ဒီနှစ်ကြီးကို မြန်မြန်ကုန်စေချင်နေတာ မဆန်းပါဘူး။ ဒါပေမယ့်လည်း ဘယ်နှစ်ကိုပဲရောက်ရောက် ကျမရဲ့ ကံကြမာကတော့ ပြောင်းလို့ရချင်မှ ရမှာပါ။ ဒါပေမယ့်လည်း လူရဲ့အစွဲ၊ ကျမရဲ့အစွဲပေါ့ ဒီနှစ်ကြီးထဲက ရုန်းထွက်လိုက်ရရင် ကျမ နေလို့ထိုင်လို့ကောင်းသွားမယ်လို့ထင်နေခဲ့တယ်။ ကောင်းချင်မှလည်း ကောင်းလာနိုင်မယ်ဆိုတာကို ကျမသိထားပါတယ်။ ဒါပေမယ့်လည်းလေ….. မျှော်လင့်ချက်ပေါ့နော်….

အော်… ကောင်းတာလေး တစ်ခုတော့ရှိတယ်၊ အဲဒီ့အတွက်လည်း တကယ်ကိုရင်ထဲက နှစ်နှစ်ကာကာကို ပျော်ရွှင်ခဲ့ရတယ်။ အဲဒါကတော့ အမေစု ပြန်လွတ်လာတာပါပဲ။ ၂၀၁၀ ထဲမှာ ကျမအတွက်ကောင်းတာ အဲဒီ့တစ်ခုပဲရှိခဲ့ရတယ်။

ဘယ်လိုပဲမကောင်းတာတွေ ကြုံကြုံ ကျမအတွက်အတွေ့အကြုံတွေ ပေးနေတယ်၊ လောကကြီးကို ရှေ့ ဆက်လှမ်းဖို့ ခွန်အားတွေပေးနေတယ်လို့ပဲ ယူဆရမှာပါပဲ။ အခုလဲ ၂၀၁၀ ကပေးတဲ့ အတွေ့အကြုံနဲ့ ၂၀၁၁ ထဲကို အကောင်းဆုံးလျှောက်လှမ်းရမှာပါပဲ။ ကျမကို သင်ခန်းစာတွေ အတွေ့အကြုံတွေ ပေးခဲ့တဲ့ ၂၀၁၀ ကို အထူးကျေးဇူးတင်ရှိရင်းနဲ့၊ ထာဝရ နူတ်ဆတ်ခဲ့ပါတယ်။

”၂၀၁၀” သင်ဟာ အခုတော့ ငါတို့နဲ့ အပြီးအပိုင်နူတ်ဆတ်ရတော့မယ်။ သင်ထမ်းဆောင်ထားရတဲ့ တာဝန်တွေ ပြီးဆုံးတော့မယ်၊ လူသားတွေအားလုံး သင့်ကိုနူတ်ဆတ်ကြတော့မယ်။ ဒါပေမယ့် သင်ကျေနပ်ပါ၊ သင်တာဝန်တွေ ကျေပွန်စွာ ထမ်းဆောင်ခဲ့တယ်လို့ သင်မှတ်ယူထားပါ။ သင်သည် လူသားများ အပေါ်ဝမ်းနည်းမူ့တွေ၊ ဝမ်းသာမူ့တွေ အလုံးစုံကို သင်ပေးပြီးသွားပြီ။ သင်သည် ထာဝရ အနားယူဖို့ ပြင်ဆင်ထားပါတော့။ သင့်အတွက် ငါတို့ လူသားတွေ အားလုံး ပျော်ရွှင်စွာ ကြိုဆိုခဲ့ဖူးသည်။ ယခုလဲ နောက်ရောက်လာအုံးမည့် နှစ်သစ်ကို ငါတို့တွေ ပျော်ရွှင်စွာ ကြိုဆိုပြီး သင့်ကို ပျော်ရွှင်စွာ နူတ်ဆတ်ကြမည်။ သင်သည် အတိတ်မှာသာ ကျန်နေရစ်ခဲ့ပါတော့။ ကောင်းသော နူတ်ဆတ်ခွဲခွာခြင်းပါ ”၂၀၁၀”

လူသားအားလုံး စိတ်ဆင်းရဲမူ့များ နှစ်ဟောင်းနှင့်အတူ ပါသွားဖို့ဆုမွန်ကောင်းတောင်းပါသည်။

Thursday, December 9, 2010

အဘိဓါန်

ချစ်တယ် ဆိုတဲ့စကားကို
ခဏ၊ခဏ တော့ငါမပြောခဲ့ပါဘူး
မေးတိုင်းလည်း မဖြေခဲ့သလို
ပြောဖို့လည်း မကြိုးစားခဲ့ပါဘူး
မယုံရင်လည်းနေ မဆုံချင်လည်းနေပါတော့
တစ်ချို့ကပြောတဲ့ အချစ်အကြောင်းက
ငါ့အတွက်တော့ ဘာသာပြန်လွဲတဲ့ အဘိဓါန် တစ်ခုပါပဲ…….

Tuesday, December 7, 2010

ကောင်မလေး တစ်ယောက် အကြောင်း

မေမေရေ ဒီနေ့ သမီး ဆယ်တန်းအောင်ပြီလေ။ သမီးဘဝအတွက် သမီးလျှောက်လှမ်းဖို့ လမ်းစလေး ပွင့်လာပြီပေါ့နော်။ မေမေ သည်းငြီးခံနေအုံးနော်။ သမီး အလုပ်ရမှ မေမေ အနားယူလို့ရမှာ။ သမီးသတင်းစာထဲမှာ အလုပ်အလိုရှိသည်ဆိုတဲ့ ကြော်ငြာတွေကို လိုက်ရှာပြီး အလုပ်လျှောက်ဖို့လုပ်နေတယ်မေမေ။ အလုပ်တွေကလည်း မေမေရယ် လိုအပ်ချက်တွေများလိုက်တာ… ဟော….. အလုပ်လေးတစ်ခုတော့ တွေ့တယ်မေမေ။ သမီးတို့လို ဆယ်တန်းအောင်ခါစလေးတွေတော့ ဝင်လုပ်လို့ရမယ်ထင်ပ။

မေမေရေ.. သမီးတော့ စာရွက်စာတမ်းတွေတော့ သွားတင်ပြီးပြီမေမေ.. အင်တာဗျူးက မနက်ဖြန်တဲ့ မေမေရဲ့။ မေမေ ဆုတောင်းပေးနော်၊ သမီးအလုပ်ရအောင်လို့လေ။ မေမေရေ.. အင်တာဗျူးဖြေဖို့ လာလိုက်ကျတဲ့ လူတွေအများကြီးပါပဲလား။ သမီးလို ဆယ်တန်းအောင်ခါစလေးတွေရော.. ဆယ်တန်းအောင်တာ ကြာပြီးဖြစ်တဲ့ မမတွေကော အများကြီးမှ အများကြီးပါပဲ။ သတင်းစာထဲက ကြော်ငြာမှာကတော့ သူတို့လိုတဲ့လူဦးရေက ၅ယောက်တဲ့။ ဒီလောက်လူအများကြီးထဲက လူ၅ယောက်ကို ရွေးမှာဆိုတော့ မေမေရယ် သမီးပါပမလားဟင်။

အင်တာဗျူးခန်းထဲရောက်တော့ အင်တာဗျူးတဲ့ လူကြီးကလေ သမီးကိုမေးတယ် သိလား၊ အင်္ဂလိပ်လိုပြောတက်လားတဲ့။ မေမေရယ် သမီးတို့ရဲ့ အခြေအနေက လူလတ်တန်းစားထဲမှာ ပါတယ်ဆိုပေမယ့် ဝမ်းစာစားရုံလေးပဲ လုံလောက်တာလေ။ ဆယ်တန်းအောင်ထားတယ်ဆိုပေမယ့်လည်း သမီးက စာတော်တဲ့ကလေးတစ်ယောက် မဟုတ်ခဲ့ဘူးလေ။ အပြင်သင်တန်းတက်ဖို့ အတွက်ကလည်း မလုံလောက်တဲ့ ဝင်ငွေနဲ့ မေမေကကော ဘယ်လိုမျိုးများ ထားနိုင်မှာလဲ။ မေမေ့ကိုလည်း အပြစ်မတင်ပါဘူးမေမေရယ်။ သမီးမကြိုးစားခဲ့မိတာကိုပဲ အပြစ်ဖွဲ့ရတော့မှာပေါ့နော်။ အခုတော့ အဲလူကြီးက အဲလိုမေးတော့ သမီးမှာ ဘာဖြေရမလဲတောင်မသိပါဘူး မေမေရယ်။ သမီးကလည်း လိမ်မှမလိမ်တက်တာနော်။ သမီးမတက်ဘူးဘဲဖြေလိုက်တယ်လေ။

သူကထပ်မေးသေးတယ်မေမေရဲ့။ ဒီလုပ်ငန်းနဲ့ ပတ်သတ်လို့ အတွေ့အကြုံဘယ်နှစ်နှစ်ရှိသလဲတဲ့လေ။ မေမေရယ်… သမီးက အခုမှ ဆယ်တန်းအောင်တာလေ။ ဘယ်လိုလုပ်ပြီး လုပ်ငန်းအတွေ့အကြုံရှိမှာလဲလို့။ နောက်ပြီး သူတို့ကြော်ငြာထားတဲ့ ထဲမှာလည်းမပါဘူးလေ။ လုပ်ငန်းအတွေ့အကြုံရှိတဲ့လူဆိုတာ ဘယ်လိုမျိုးလဲဟင်မေမေ။ သူတို့လည်း သမီးတို့လို ဘာမှမသိမတက်သေးတဲ့ နေရာကနေ၊ စပြီးပဲ အလုပ်လုပ်လာရတာမလားဟင်။ ဘာလို့ သမီးတို့လို လုပ်ငန်းအတွေ့အကြုံမရှိတာနဲ့ အလုပ်မခန့်ချင်ဘူးတဲ့လားမေမေရယ်။ အဲလိုသာဆိုရင် လူတွေ အလုပ်လက်မဲ့တွေဖြစ်ကုန် ကြမှာပေါ့နော်။ ဘာလို့လူတွေက အစကနေတော့ မစချင်ကြပဲနဲ့ သူများပျိုးထောင်ပြီးသားတွေကိုမှ ပိုက်ဆံလေးနည်းနည်းပိုပေးပြီး ခိုင်းချင်နေကြတာလဲဟင်။

မေမေရေ.. သမီးလေ အလုပ်တွေ တောက်လျှောက် လျှောက်လာရတာ တော်တော်လေးကို စိတ်အားငယ်မိနေပြီမေမေ။ ပင်လည်းပင်ပန်းနေပြီ။ သူများတွေ သင်နေတဲ့ တက်နေတဲ့ သင်တန်းတွေကို မေမေလည်း သမီးကို မထားပေးနိုင်လို့ စိတ်မကောင်းဖြစ်နေပြီလားဟင်။ မေမေ သမီးကို မုန့်ဖိုးမပေးနိုင်လို့လည်း စိတ်မကောင်းမဖြစ်ပါနဲ့မေမေရယ်။ မေမေ ကျွေးထားတဲ့ ထမင်းကို စားနေရတာကိုပဲ သမီးအားနာလှပါပြီ။

မေမေရေ.. မမက ပြောတယ်၊ သမီးကို ကလေးတွေကို စာပြတဲ့ အလုပ်လုပ်ပါလားတဲ့။ သမီးလည်း အလုပ်မှမရသေးတာနော်။ သမီးအဲဒီ့ အလုပ်လေးကိုပဲ သမီးလုပ်ရမှာပေါ့လေ။ သမီးအခု ကလေးတွေကို စာပြတဲ့အလုပ်လေးက ရတဲ့ငွေနဲ့ မိသားစုအတွက် တနိုင်တာဝန်လေးတော့ သမီးယူလို့ရနေပါပြီ။ ဒါပေမယ့်လေ သမီးဒီအလုပ်ကို ဝါသနာ မပါဘူးလေ မေမေရယ်။ ဘာလို့လဲဆိုရင် သမီးက စာမတော်ဘူးဆိုတာ မေမေသိပါတယ်။ သမီး သေချာမသိတဲ့ အကြောင်းအရာတစ်ခုကို သမီးထက်ငယ်တဲ့ သမီးကို အားကိုးနေတဲ့ တပည့်ကို ဘယ်လိုရှင်းပြရမလဲမေမေ။ သမီးအဲလိုပေါ့ပေါ့ဆဆနဲ့တော့ ပညာတွေမပေးချင်ပါဘူး မေမေရယ်။

မေမေကတော့ သမီးကို စိတ်ဆိုးနေပြီနော်။ မေမေ ဒေါသထွက်လို့ ပြောလိုက်တဲ့ စကားတစ်ခွန်းကို သမီးမှတ်မိနေသေးတယ် သိလား။ အင်တာဗျူး တွေဖြေတာ မအောင်လို့လေ။ နင်ဘယ်လိုတွေ ဖြေဖြေလာလို့လဲတဲ့။ အင်တာဗျူးဖြေတယ်ဆိုတာ လိမ်သင့်ရင်လိမ်ရတယ်တဲ့။ နင်မတက်ပေမယ့်လည်း တက်တယ်လို့ဖြေရတယ်တဲ့၊ အတွေ့အကြုံမရှိလည်း ရှိတယ်လို့ဖြေရတယ်တဲ့၊ အဲဒါမှ အလုပ်ရမှာပေါ့တဲ့။ နင့်လိုမျိုးသာ ဖြေနေရင်တော့ ဘယ်တော့မှ အလုပ်ရမှာ မဟုတ်ဘူးတဲ့လေ။ မေမေရယ် သမီးအဲလိုတွေ လိမ်ပြီးမဖြေချင်ပါဘူး။ ဒါဆို ငါးပါးသီလကို သမီး ကြိုးရတော့မှာပေါ့။ အဲလို လိမ်ပြောမှ အလုပ်ရရတော့မှာလားမေမေ။ မေမေက သမီးကို လိမ်ပြောတက်တဲ့ လူဖြစ်အောင်လုပ်တာ မဟုတ်ဘူးဆိုတာကို ယုံပါတယ်။ မေမေ့ရဲ့ဖြတ်သန်းလာတဲ့ ဘဝအတွေ့အကြုံအရ ဒီလိုလုပ်မှ ဒီလိုလေးပြောမှ လောကကြီးနဲ့ သဟဇာတ ဖြစ်မယ်ဆိုတာကို မေမေသိနေတယ်မလားဟင်။ ဒါဆို ဒီလောကကြီးက အလိမ်အညာတွေနဲ့ပဲပြည့်နေတာပဲလားဟင်။ မေမေတို့ ငယ်ငယ်တုန်းကကော ဘယ်လိုဖြတ်သန်းလာခဲ့ရလဲဟင်။

မေမေရေ.. သမီးလေ စဉ်းစားရင်း စဉ်းစားရင်းနဲ့ ခေါင်းတွေရူပ်ပြီး စိတ်ဓာတ်တွေလည်း ကျနေပါပြီ။ တစ်နေ့ မေမေက သမီးကို ပြောတယ်၊ အစ်မတစ်ယောက်က အလုပ်တစ်ခုပြောပေးမယ်တဲ့၊ အရောင်းဝန်ထမ်း လုပ်ရမှာတဲ့၊ ရောင်းရမယ့် အရာက ဆေးတဲ့၊ ဆရာဝန်တွေ ညွှန်ကြားပေးမှ သောက်လို့ရတဲ့ ဆေးတွေတဲ့လေ။ ဒီတစ်ခါရအောင်နင်ဖြေရမယ်တဲ့၊ မတက်လည်းတက်တယ်လို့ဖြေတဲ့၊ လိုအပ်မယ့် အရာတွေကို အဲဒီ့အစ်မဆီမှာ သွားသင်တဲ့၊ မေမေရယ်… သမီးလည်း အလုပ်ရချင်တာပေါ့၊ ဒါကြောင့် ဒီတစ်ခေါက်တော့ သမီးမေမေ ပြောတဲ့အတိုင်းပဲ ဖြေမယ်လို့ ဆုံးဖြတ်ထားတယ် မေမေ။

ပြောပေးမယ့် အစ်မကလည်း သေချာသင်ပေးပါတယ်။ နောက်ပြီး အားလည်းပေးတယ်။ မတက်တဲ့အရာဆိုတာ ကိုယ်က သင်ယူချင်စိတ်ရှိရင် အကုန်သင်ယူလို့ ရတယ်တဲ့။ ဘာမှ အားငယ်ဖို့ မလိုတဲ့ အကြောင်းသူကပြောတယ်လေ။ သမီးက နည်းနည်းတော့ ကြောက်တာပေါ့မေမေရယ်၊ ဆေးဆို ပါရာစီတမော လောက်သာသိတဲ့ သမီးက ဒီဆေးရောင်းတဲ့ အလုပ်ကို ဘယ်လိုလုပ်ရမလဲပေါ့လေ။ အဲဒါကြောင့် အစ်မက အဲဒီ့လို ပြန်ပြောလိုက်တာ သိလားမေမေ။ မသိတာ မတက်တာ သိချင်တာရှိရင် သူ့ကို မေးလို့ ရတယ်ဆိုတဲ့ အကြောင်းလည်းပြောတယ် မေမေရဲ့သိလား။ သူက ဆရာဝန်လေ၊ အဲဒီ့တော့ သူအကုန်ရှင်းပြနိုင်တယ်တဲ့။

ဒါနဲ့ပဲ မေမေရယ် သမီးလေ အင်တာဗျူးကို သွားဖြေခဲ့တယ်။ မေမေ ပြောသလိုပဲ သမီးလည်း အတက်နိုင်ဆုံးဖြေခဲ့တယ်မေမေ။ နောက်နေ့ကျတော့ အင်တာဗျူးအောင်တယ်၊ဘယ်နေ့ အလုပ်လာဆင်းပါ ဆိုတဲ့ ဖုန်းလာပါလေရောလေ။

အဲဒီ့မှာ သမီးသိလိုက်ရတာ တစ်ခုရှိတယ်မေမေ။ အလုပ်တစ်ခုရဖို့ဆိုတာ မလွယ်တာကိုသိလိုက်ရတယ်။ တခြားနိုင်ငံတွေတော့ မသိဘူးပေါ့မေမေရယ်… သမီးတို့မွေးကတည်းက နေလာတဲ့ သမီးတို့ရဲ့နိုင်ငံမှာတော့ တကယ်ကို မလွယ်ကူပါဘူး။ အလုပ်တစ်ခု ရဖို့အတွက် ကန့်သတ်ချက်တွေများတဲ့အပြင် မတက်တဲ့သူကို တက်အောင်သင်ပေးဖို့လည်း စိတ်ကူးမရှိကြဘူးလေ။ အကုန်လုံးကို အဆင်သင့်လေး လိုချင်နေကြတဲ့ အလုပ်ရှင်တွေပဲ များကြတာကို သမီးတွေ့ရတယ်မေမေ။ သမီးတို့လို ခေတ်နဲ့အညီလိုက်ပြီး ပညာမသင်နိုင်၊ အတွေ့အကြုံမရှိတဲ့ လူတွေအတွက်ကတော့ အလုပ်ဆိုတာဘယ်နားနေမှန်းကို မသိပါဘူး။

သမီးတောင် ကံကောင်းလို့ ဒီအလုပ်ကို ရခဲ့တာမေမေ။ ဒါကြောင့် ဒီအလုပ်မှာ သမီးကြိုးစားမယ် မေမေ။ ဒီအလုပ်က ရတဲ့ ပိုက်ဆံနဲ့လဲ မိသားစုကိုလည်း တက်နိုင်တဲ့ဘက်ကသမီးကူညီမယ်၊ နောက်ပြီးသမီး မတက်သေးတဲ့ ပညာတွေကိုလည်း သမီးတက်အောင်သင်ရအုံးမယ်မေမေ။ သမီးဘဝအတွက် ဒီအလုပ်လေးက အလင်းရောင်လေးတစ်ခုပါပဲမေမေရယ်။ ဒါကြောင့် မေမေ့ကိုလည်း ကျေးဇူးတင်သလို အလုပ်အတွက်ပြောပေး သင်ပြပေးတဲ့ အစ်မကိုလည်း ကျေးဇူးတင်တယ်။ မေမေရေ…. နောက်မှ သမီးရဲ့ အလုပ်အကြောင်းလေးတွေကို မေမေ့ကို ပြန်ပြောပြရအုံးမယ်။ သမီး ဘယ်လိုတွေ အလုပ်လုပ်ခဲ့ရတယ်ဆိုတာကို မေမေသိမှာမဟုတ်ဘူးနော်……… သမီးတစ်နေ့တော့ မေမေ သိအောင်ပြောပြဖြစ်မှာပါ မေမေ….

Friday, December 3, 2010

ဆောင်းအိမ်မက် တစ်ခု

ရာသီဥတု မရှိတဲ့ တိုင်းပြည်တစ်ခုမှာ နေပြီးတော့ ကိုယ့် မြန်မာပြည်ကို တမ်းတမှန်းဆပြီး၊ ဒီအချိန်ဆို တို့တိုင်းပြည်မှာ အေးသင့်သလောက်တော့ အေးနေတော့မှာပဲလို့တွေးနေမိတုန်း၊ ရှင့်ကိုပါ အတွေးထဲရောက်လာမိတာပါပဲ။

တကယ်ဆို အချိန်တွေကတော်တော်ကို နှောင်းနေပါပြီ။ ဘယ်လိုပဲ အချိန်နှောင်းနှောင်း အတိတ်ဆိုတာကို ဘယ်လိုပဲမေ့ထားမေ့ထား၊ ပြန်ပြင်လို့မရတဲ့ အရာတွေကတော့ကျန်နေခဲ့တာပါပဲလေ။ အဲဒီ့ အချိန်တုန်းကလေ၊ ကျမဘာဖြစ်လို့များ ရှင့်ကိုလမ်းခွဲဖို့ဆုံးဖြတ်လိုက်ရတာလဲ၊ ရှင်ကကော ကျမလမ်းခွဲတာကို တစ်ချက်ကလေးတောင် မတားခဲ့ရတာလဲ။ ကျမအသက်အရွယ်ကြောင့် ကျမဆုံးဖြတ်ချက်တွေ မှားသွားတာလား။ အချစ်ဆိုတာကလည်း ရေးရပြောရတာသာ လွယ်တာ တော်တော်လေးတော့နားလည်ရခက်သားပဲနော်။

အရာအားလုံးပြီးဆုံးသွားတော့မှ ရှင့်ကိုကျမ ချစ်ခဲ့တယ်ဆိုတာကို သိလာ၊နားလည်လာရတယ်။ အဲဒီ့လို နားလည်လာအောင်များ ရှင်လုပ်လိုက်သလားမသိပါဘူး။ အခုများ ရှင်နဲ့ပြန်တွေ့ရင် ကျမ တည်တည်ငြိမ်ငြိမ်နဲ့ ပြုံးပြနိုင်ပါ့မလားဟင်။ ကျမကိုယ်ကျမ အခုထိကို နားမလည်နိုင်သေးပါဘူး။ ဘာလို့လဲဆို ရှင်နဲ့လမ်းခွဲပြီးတဲ့နှစ်တွေတော်တော် ကြာတဲ့အထိကို ကျမရှင့်ကို ချစ်ခဲ့တယ်ဆိုတာကို လက်မခံခဲ့လို့ပါပဲ။ အရင်ရည်းစားတွေလိုပဲ ကွဲပြီး၊ နောက်တစ်ယောက်ထား မေ့သွားမှာပဲလို့တွေးထင်ထားခဲ့မိတာလေ။ ကျမ တော်တော်ကို ဆိုးခဲ့တာပဲနော်။

နှစ်တွေတော်တော်လေးကြာပြီး တစ်ရက် သူငယ်ချင်းပြောလိုက်တဲ့ စကားတစ်ခွန်းကို ကြားမှပဲ ကျမ ရှင့်ကိုတော်တော်လေး ချစ်ခဲ့၊ ချစ်နေဆဲဆိုတာကို သိလိုက်ရတယ်။ အဲဒီ့စကားကတော့ ရှင်မြန်မာပြည်ပြန်လာပြီး မင်္ဂလာဆောင်တော့မယ် ဆိုတဲ့စကားလေးပါပဲ။ ကျမလေ သူငယ်ချင်းရှေ့မှာတော့ ကျမအလှပဆုံးပြုံးပြီး ကောင်းတာပေါ့လို့ ပြောနိုင်ခဲ့ပါတယ်။ ဒါပေမယ့် လူတွေမရှိတဲ့ တစ်နေရာမှာတော့ ကျမလေ….

အဲဒီ့နေ့ကတည်းက ကျမမြန်မာပြည်ကနေ ထွက်ပြေးချင်နေခဲ့တာပါ။ ရှင်ပြန်လာလို့ လမ်းမှာပဲဖြစ်ဖြစ် ကျမရှင်နဲ့ ဆုံမိမှာကို အရမ်းကြောက်နေခဲ့တယ်။ ကျမ ရှင်နဲ့တွေ့ရင် ပြုံးမနေနိုင်မှာ စိုးလို့ပါ။ ကျမ မြန်မာပြည်ကနေ မြန်မြန်ထွက်ပြေးနိုင်ဖို့ကို ကျမ အသည်းအသန်ကြိုးစားခဲ့တာပါပဲ။ ကျမ ဆုတောင်းတွေ ပြည့်တယ်သိလား၊ ကျမ ရှင်မင်္ဂလာမဆောင်ခင်မှာပဲ ကျမ ထွက်ပြေးနိုင်ခဲ့တယ်။ ရှင့် အတွက်ကျမ အနှောင့်အယှက် ဖြစ်မှာစိုးလို့ပါ။ နောက်တော့ သူငယ်ချင်းတစ်ယောက်ဆီကနေ ပြန်ကြားပါတယ်။ ရှင် မင်္ဂလာဆောင်ပြီးပြီတဲ့။ ကျမကျေနပ်ပါတယ်။

ကျမ ရဲ့ဆုံးဖြတ်ချက်နဲ့ ကျမရွေးချယ်ခဲ့တဲ့ လမ်းကို ရှင်မတားပဲရှင့်အတွက် အကောင်းဆုံးဖြစ်မယ့်လူကို ရှင်ရွေးချယ်ရမှာပေါ့။ အခုတော့ ကျမ ဒီရောက်နေတာတောင် နှစ်နှစ်ကျော်ပြီဆိုတော့ ရှင့်မင်္ဂလာသက်တမ်းလည်း နှစ်နှစ်ကျော်နေပြီပေါ့နော်။ ရှင်လည်း ရှင့်မိသားစုနဲ့ရှင်ရှိနေပြီ၊ ကျမလည်း ကျမ အချစ်သစ်နဲ့ ကျမရှိနေပြီဆိုပေမယ့် တစ်ခါတစ်လေတော့လည်း ရှင့်ကို သတိရမိတယ် ဆိုတာကိုတော့ ကျမ ဝန်ခံပါရစေ။

အစတည်းက အစ်ကိုတစ်ယောက်လို အားကိုးခဲ့တဲ့ ကျမရဲ့ စိတ်ကြောင့်လို့ကျမထင်ပါတယ်။ သူများတိုင်းပြည်မှာ မိသားစုနဲ့မဟုတ်ပဲ ကျမတစ်ယောက်တည်း နေရတော့ တစ်ခါတစ်လေ အားငယ်တဲ့ စိတ်လေးတော့ ရှိတယ်လေ။ အဲလိုအချိန်ဆို ကျမရှင့်ကို သတိရမိတယ်။ ရှင်ရှိနေရင် ရှင့်ကိုဂျီကျမိမှာပဲလို့ပေါ့။ ကျမတော့ ငရဲတွေကြီးကုန်ပြီထင်ပါတယ်နော်။ အိမ်ထောင်ရှိပြီးသား ယောင်္ကျားတစ်ယောက်ကို ကျမ သတိရနေမိလို့ပေါ့။ ကျမ မှားနေပြီထင်တယ်နော်။ အဲလိုရှင့်ကို သတိရမိတိုင်း ရှင်ပျော်နေပါစေလို့ ကျမစိတ်ထဲကနေ ဆုတောင်းပေးနေမိပါတယ်။

ရှင့်ကိုတစ်ကြိမ်လောက်ဖြစ်ဖြစ်တော့ ကျမပြန်မြင်ချင်နေမိပါတယ်။ အဝေးကနေဖြစ်ဖြစ်ပေါ့နော်။ ရှင့်ရဲ့ သားဖြစ်ဖြစ် သမီးဖြစ်ဖြစ်၊ ရှင့်ရဲ့ မိသားစုလေးကိုလဲတွေ့ချင်မိတယ်။ ရှင်ကတော့ တည်ငြိမ်တဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်ထားပြီလို့ ကျမယုံကြည်ပါတယ်။ ကျမကတော့ တည်ငြိမ်တဲ့ ဘဝတစ်ခုကိုတော့ မပိုင်ဆိုင်သေးပါဘူး။ ပိုင်ဆိုင်နိုင်အောင်တော့ ကျမကြိုးစားနေဆဲပါ။ လက်ရှိရနေတဲ့ အချစ်တစ်ခု အပေါ်ကိုလည်း တည်မြဲအောင် ခိုင်မြဲအောင် ကြိုးစားနေပါတယ်။ ရှင်နဲ့ ပတ်သတ်ပြီး မှားခဲ့တဲ့ အမှားမျိုး၊ ဆုံးဖြတ်ခဲ့တဲ့ အမှားမျိုးထပ်မဖြစ်အောင် ကိုယ့်ချစ်သူကို မနာကြဉ်အောင် ကျမ အတက်နိုင်ဆုံး ဂရုစိုက်နေပါတယ်။

တစ်ခါတစ်လေ ရှင့်ကို သတိရနေတာတောင် ကျမချစ်သူကို နာကြဉ်အောင် လုပ်မိနေပြီထင်တယ်နော်။ ကျမရှင့်ကို ပြောပြချင်ပါသေးတယ်၊ ကျမ ချစ်သူကျမကို ဘယ်လောက်ချစ်သလဲဆိုတာလေ။ တစ်နေ့နေ့ တစ်ချိန်ချိန်တော့ ကျမတို့နှစ်ယောက် မျက်နှာချင်းဆိုင်ထိုင်ပြီး ကျမမိသားစု အကြောင်း၊ ရှင့်မိသားစု အကြောင်းတွေကို ရီရီမောမောနဲ့ ပြောနေနိုင်မယ်လို့ ယုံကြည်ပါတယ်။

“ဟိတ်.. ဘာတွေတွေးနေတာလဲ ခိုင်…. အလုပ်မသွားတော့ဘူးလား… နောက်ကျနေပြီလေ…..”

သူငယ်ချင်း ဝေ လှမ်းပြောမှ ကျမ နာရီကို ကြည့်မိသည်။ ဟုတ်ပါရဲ့… နောက်ကျနေပြီ….
တော်ကြာ ကျမရဲ့ ချစ်သူ လာခေါ်တော့မည်။ တော်ကြာ ကျမ ရည်းစားဟောင်း အကြောင်း တွေးနေလို့ နောက်ကျသည်ကိုသာ သူသိလျှင်တော့ဖြင့်………………….. :P

Monday, November 22, 2010

အဲဒါ ဗမာလားတဲ့..............

ရီမိုး ရဲ့ အခု လက်ရှိဖြစ်ပျက်နေတဲ့ အဖြစ်အပျက်လေးပါ။ စိတ်ထဲမှာ သိမ်းထားရတာ အတော်ကို ပင်ပန်းပြီး အတော်ကို ဝမ်းနည်းစရာကောင်းတဲ့ အတွက် စာသားတွေ အနေနဲ့ ချရေးပြီး ရင်ဖွင့် မိတယ်ပဲ ဆိုပါတော့နော်…


ရီမိုးတို့ မလေးရှားမှာ တော်တော်လေး ခေတ်စားပါတယ်၊ ဗမာအချင်းချင်းပေါ့နော်။ မလေးရှားတင်လား တခြားနိုင်ငံမှာ ရောက်ရှိနေကြသော ဗမာများကော ဒီလိုရှိမလားတော့ မသိပါဘူး။ အထူးသဖြင့် ယောင်္ကျားလေးတွေပါ။ ကောင်မလေး တစ်ယောက်ဖုန်းနံပါတ် တစ်ခုရပြီဆိုရင် တစ်ခြားသူငယ်ချင်းတွေကိုလည်း လျှောက်ပေး ဖုန်းတွေဆက်ခိုင်း၊ ပြီးတော့ ချစ်စကားကြိုက်စကားပြောပေါ့လေ။ ယောင်္ကျားလေးတိုင်းကို မဆိုလိုပါဘူးနော်။ ရီမိုး မြင်ဘူးတဲ့ ကြုံဖူးတဲ့ ယောင်္ကျားလေးတွေဆိုရင် ဒီလိုမျိုး မရှိပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် အကြောင်းအမျိုးမျိုးကြောင့် ခင်ပြီးသားတွေ၊ ကောင်မလေးဘက်ကလဲ ကျေကျေနပ်နပ် ဖုန်းနံပါတ်ပေးလို့၊ ကောင်လေးဖုန်းဆက်တိုင်းလည်း ကောင်မလေးက ဖုန်းပြန်ကိုင်ပြီး စကားပြန်ပြောတယ်ဆိုရင်တော့ အတိုင်းထက်အလွန်ကောင်းပါတယ်။ ဒါပေမယ့် ဘယ်က ဘယ်လိုကောင်မလေး ဖုန်းနံပါတ်ကို ရပြီး ဖုန်းတွေ အချိန်မတော်ခေါ်၊ ကောင်မလေးက လက်ခံပြီးစကားမပြောဘူးဆိုရင် အလိုလို ကောင်လေးဘက်က နောက်ဆုတ်သင့်တယ် ဆိုတာကိုလည်း ကောင်လေးတွေ နားလည်စေချင်ပါတယ်။


ဘာလို့လဲဆို အခု ရီမိုး နဲ့ အတူနေ အစ်မခံစားနေရတဲ့ အရာတစ်ခုကို ပြောပြချုင်ပါတယ်။ ရီမိုးတို့ပတ်ဝန်းကျင်မှာ ဗမာအပေါင်းအသင်း အလွန်ရှားပါတယ်။ ဗမာမိန်းခလေးတွေလည်းမရှိပါဘူး။ အလုပ်မှာကလည်း ဗမာဆိုလို့ ခန့်ထားတာ ၃ယောက်ပဲရှိတာပါ။ မိန်းခလေးက ရီမိုးတို့ နှစ်ယောက်၊ ယောင်္ကျားလေး ၁ယောက်ပဲရှိတာပါ။
ခင်တဲ့ယောင်္ကျားလေးဆိုလို့လည်း အဲဒီ့၁ယောက်ပဲရှိတာပေါ့လေ။ အလုပ်အတူတူ လုပ်တဲ့ လူဆိုတော့လည်း ဖုန်းနံပါတ်ကို ပေးထားရတယ်လေ။ အလုပ်မှာက လိုတာကိုး…. သူကမှ တစ်ဆင့် သူ့ သူငယ်ချင်းဆိုသူက ဖုန်းနံပါတ် ရသွားပါတယ်။ အဲဒီ့ကောင်လေးက ရီမိုး တို့ အိမ်နားက ဆိုင်တစ်ဆိုင်မှာ အလုပ်လုပ်တာပါ။ ဈေးဝယ်ရင်းနဲ့ သိတာက တစ်ကြောင်း၊ အလုပ်တူ အစ်ကိုကြီးနဲ့ သိတာကတစ်ကြောင်းဆိုတော့ သူ့ဆီဖုန်းနံပါတ်ရှိနေတာ ဘာအရေးလဲလို့ ကိုယ်တွေက နေနေခဲ့တာပေါ့။


အဲဒီ့ ကောင်လေးက စပြီးဖောက်တာပါပဲ။ အတူနေ အစ်မ ဆီကို ဖုန်းတွေ ဆက်ပါတယ်။ ပထမ အစ်မကလည်း သိနေတဲ့ သူတွေလည်း ဖြစ်တော့ ဖုန်းနားထောင်လိုက်ပါတယ်။ အကြောင်းမရှိပဲ နည်းနည်း ရက်ဆက်ပြီးခေါ်လာတော့ အစ်မကလည်း ဖုန်းမကိုင်တော့ပါဘူး။ အဲဒါကို သူက စိတ်ဆိုးတယ် ထင်ပါတယ်။ တစ်ခြားသူဆီ ဖုန်းနံပါတ်ပေးပြီး ဆက်ခိုင်းပါတယ်။ ပထမဆုံးဖုန်းခေါ်တော့ အစ်မကဖုန်းကိုင်မိသွားပါတယ်။ နောက် သူမသိတဲ့ လူဆိုတော့ ဖုန်းပြန်ချပြီး ဖုန်းလုံးဝမကိုင်တော့ပါဘူး။ အဲဒါကို အချိန်တိုင်း အလုပ်ချိန်၊ ညအိပ်ချိန်တောင် မရှောင်ပဲ ဖုန်းတွေခေါ်နေခဲ့ပါတယ်။ အဲဒါနဲ့ အစ်မလည်း စိတ်ညစ်လွန်းလို့ဆိုပြီး ဖုန်းနံပါတ်ကို ပြောင်းလိုက်ပါတယ်။


အဲဒီ့မှာ အဲဒီ့လူက ရီမိုးရဲ့ ဖုန်းကိုခေါ်လာပါတယ်။ အဲဒီ့မှာမှ သူ့ကို ဘယ်သူ ဖုန်းနံပါတ်ပေးလိုက်တယ်ဆိုတာ သိသိသာသာကြီးကို ပေါ်လာတာပါပဲ။ ဖုန်းနံပါတ် နှစ်ခုလုံးကို သိတဲ့လူဆိုလို့ အလုပ်တူတဲ့ အစ်ကိုကြီးရယ်၊ ဈေးဆိုင်က တစ်ယောက်ရယ်၊ ဒါပဲရှိတာဆိုတော့ အဖြေက ထွက်လာပါတယ်။ အဲဒီ့လူက ဖုန်းနံပါတ်ကို အမျိုးမျိုးပြောင်းပြီးခေါ်နေတာပါ။ ဖုန်းကိုခေါ်တာများ မနားမနေကို ခေါ်နေတာ ကိုယ့်ဖုန်းတောင် သုံးလို့ မရအောင်ကို မနားမနေ မရပ်မနားကို ခေါ်နေတာနဲ့ ရီမိုး ဖုန်းကိုင်လိုက်ပါတယ်။ အဲဒီ့အခါ အဲ့ဒီ့လူက ဘာပြောသလဲဆိုရင် အစ်မဆီကို ဖုန်းခေါ်လို့မရလို့ ရီမိုးဆီကို ခေါ်တာပါတဲ့၊ အစ်မရဲ့ဖုန်းနံပါတ် ကိုပေးဖို့နဲ့ သူ့ကို ကူညီပါတဲ့၊ သူ အစ်မကို ချစ်လို့ပါတဲ့လေ။ လူတောင်ကောင်းကောင်း မမြင်ဘူးပဲနဲ့ သူက ချစ်လို့ဆိုတော့ စိတ်ထဲမှာလဲ တော်တော်လေး ရီချင်သွားတယ်။ ရီမိုးလည်း တစ်ခွန်းပဲ ပြန်ပြောလိုက်ပါတယ်။ မကူညီနိုင်ပါဘူးလို့၊ သူဖုန်းမကိုင်တာ နင့်ကို စိတ်မဝင်စားလို့ ဖြစ်မှာပေါ့လို့၊ ဒီလောက်ဆို သဘောပေါက်ပေါ့လို့ ပြောလိုက်တော့ သူက စိတ်ဆိုးမာန်စိုး နဲ့ ပြောချင်ရာတွေပြောပြီး၊ ရီမိုးရဲ့ ကိုယ်ရေးကိုယ်တာတွေကိုပါ ပြောလာပါတယ်။ အဲဒါနဲ့ ရီမိုးလည်း ဆက်နားထောင်မနေပဲ၊ ဖုန်းလုံးဝကို မကိုင်တော့ပါဘူး။ အဲဒါကို တစ်ညလုံးကို ဖုန်းခေါ်နေတာ၊ ဖုန်းတောင် အသံပိတ်ပြီးအိပ်လိုက်ရတဲ့ အဖြစ်ပါပဲ။


အဲဒီ့မှာ သူကတစ်ဆင့်ထပ်တက်လာပါတယ်။ ဖုန်းခေါ်လို့ မရတော့ လူလုံးထွက်ပြလာပါတယ်။ မိန်းခလေးတစ်ယောက်ကို ချစ်တယ်ဆိုတဲ့ လူရဲ့ လုပ်ရပ်ကို ပြောပြပါမယ်။ အိမ်နားမှာ မူးပြီး လာအော်နေတာပါပဲ၊ ရီမိုးတို့က သူဌေးတွေနဲ့ နေရတာပါ။ အိမ်နားမှာ အဲဒီ့လိုလာအော်နေတာ ဘယ်လောက်တောင် စိုးဝါးတဲ့ အဖြစ်လဲဆိုတာ ပြောပြစရာမလိုဘူးထင်ပါတယ်။ ရီမိုး တို့ ဗမာ ၃ယောက်လုံးပေါ့လေ၊ အလုပ်မှာဆို ဗမာလူမျိုးဆိုတာ ဘာပါ ဆိုပြီး လက်မထောင်ပြီးနေလာခဲ့တာပါ။ ကဲ…အခုတော့သွားပြီ။


အစပိုင်းတော့ သူဌေး ကကြည့်နေတဲ့ အဆင့်ပါ။ ကိုယ်တွေကိုလည်း ဘာမှ မမေးရှာပါဘူး။ ဒီတိုင်းပဲ မူးပြီးလာအော်နေတယ် လို့ပဲသူက ထင်နေတာပေါ့လေ။ အဲဒါ တစ်ရက်မဟုတ်၊ သုံးရက်လောက်ဖြစ်လာတော့၊ ပတ်ဝန်းကျင်က ရဲခေါ်လိုက်တယ်ထင်ပါတယ်။ လာဖမ်းသွားတယ်တဲ့။ လာဖမ်းသွားပြီး နောက်နေ့မနက်မှာမှ အစ်မ ကသူဌေးကို ပြောပြလိုက်ပါတယ်။ သူ့ကို လိုက်နှောင့်ယှက်နေတဲ့ အကြောင်းပေါ့လေ။ အဲဒီ့တော့မှ သူဌေးက သိပြီး နင့်ကိုနှောင့်ယှက်နေတာလား၊ ဘာမှမပူနဲ့ ရဲဖမ်းသွားပြီတဲ့လေ။ ပြီးတော့ သူဌေးက ပြောသေးတယ်။ အဲဒီ့ကောင် ရူးနေတာတဲ့၊ လာအော်နေတဲ့ အပြင်ကို အရက်ပုလင်းကလည်း ပါသေးတယ်၊ မဖွယ်မရာကလည်းလုပ်ပြနေတယ်တဲ့လေ။ ဒါသူဌေး ပြောပြတာ၊ ကိုယ်တွေကတော့ ကြောက်လွန်းလို့ ချောင်းတောင်မကြည့်ရဲပါဘူး။


ပြီးတော့ သူဌေးက အဲဒီ့ကောင၊် မလေးတဲ့၊ အစ်မလည်း ဘာပြန်ပြောရမှန်းလည်း မသိ လိမ်ကလည်းမလိမ်ချင်၊ မျက်နှာပူပူနဲ့ ပဲ အဲဒါ မလေးမဟုတ်ဘူး ဗမာလို့ပြောလိုက်ရတယ်လေ။ ဘာလို့လဲဆို အဲဒီ့ အကြောင်းကို အစအဆုံး သိတဲ့ လူကလည်း ဘေးမှာ ရှိနေတော့ မပြောလို့လဲမရဖြစ်သွားတယ်။ အဲဒီ့သတင်း ကြားကြားချင်းတော့ စိတ်မကောင်းတောင်ဖြစ်သွားတယ်။ ကိုယ့်ဗမာလေ၊ ရဲဖမ်းခံလိုက်ရတယ်ဆိုတော့ တကယ်ပါ၊ စိတ်ထဲမှာ မကောင်းဘူး၊ ဒါပေမယ့် သူ့ရဲ့ လုပ်ရပ်တွေကကော ဗမာလူမျိုးတို့ လုပ်သင့်လုပ်ထိုက်တဲ့ အရာတွေလား။ ဗမာ အမျိုးသမီးတစ်ယောက်ကို အရှက်ခွဲလိုက်ရမှ စားဝင်အိပ်ပျော်မှာလား။ သူ့ကို သိတောင်မှ မသိတဲ့ ဗမာမိန်းခလေးတစ်ယောက်လေ…… သူဘာတွေကိုများ အညိုးကြီးနေရတာလဲ။ မကျေနပ်ဘူးဖြစ်နေရတာလဲ။ ရီမိုးလည်းနားမလည် နိုင်အောင်ကို ဖြစ်နေရပါတယ်။

အဲဒါနဲ့ နှစ်ရက်လောက်ကြာတော့ သူပြန်လွတ်လာပါတယ်။ ပိုက်ဆံနဲ့ ပြန်ရွေးလိုက်တယ်ထင်ပ။ ပြန်လွတ်လာတာ သိရခြင်းအကြောင်းကတော့၊ အိမ်ဘေးမှာလာမူးပြီး ရမ်းကားသွားလို့ပါပဲ။ အော်ဟစ်နေလိုက်တာများ ကြောက်စရာကောင်းလိုက်တာ။ အဲဒီ့နေ့က သူဌေးကလည်း မရှိတော့ ရီမိုး တို့ နှစ်ယောက်များ ကြောက်လိုက်တာ၊ ခြံထဲ ကျော်ဝင်လာမှာ စိုးနေတာလေ။ မူးကလည်းမူးနေ၊ ပြီးတော့ တစ်ယောက်ထဲမဟုတ်ဘူး၊ အဖေါ်အပေါင်းကလည်း ပါသေးတယ်ဆိုတော့ ကြောက်တာပေါ့။ မူးမူးရူးရူးနဲ့ လည်း အကုန်လုံးကို သတ်ပစ်မယ် လို့အော်လိုအော်၊ မကိုချစ်တယ်လို့အော်လိုအော်နဲ့၊ ရှက်စရာကောင်းလိုက်တာ မပြောပါနဲ့တော့။ ည ၉နာရီလောက်ကတည်းက အဲဒီလိုအော်နေလိုက်တာ၊ မနက် ၁နာရီခွဲ ၊ ၂ နာရီလောက်မှ အသံတိတ်သွားတော့တယ်။ ရီမိုးတို့လည်း ကြံရာမရတော့ သူဌေးကိုပဲ လှမ်းပြောရတာပေါ့၊ သူဌေးကလည်း ဟိုဗမာကောင်လား၊ ဟိုဗမာကောင်လားနဲ့ မေးတာကို ရက်စ် လို့ဖြေဖို့ကို တော်တော်လေး အားယူခဲ့ ရတယ်။ မပြောပဲနေပြန်ရင်လည်း ကိုယ့် အတွက်က အန်တရယ် ဖြစ်လာမှာလည်း ကြောက်ရတော့ ဘယ်လိုလုပ်ကြမလဲနော်…… ကိုယ်နဲ့ အလုပ်တူ တွဲလုပ်တဲ့ ကုလားမလေးကို ပြောပြတော့ နင်တို့ ဗမာ ယောင်္ကျားလေးတွေလည်း ဒီလိုလုပ်တာပဲလားတဲ့။ အမလေး… ရှက်လိုက်တာမပြောပါနဲ့တော့။ မျက်နှာတောင် ဘယ်နားသွားထားရမလဲ မသိတော့ပါဘူး။ ကဲ… အဲလိုမျိုးပဲ နေ့တိုင်းသာ လာလုပ်နေရင်တော့ ရီမိုးတို့ အလုပ်ထွက်ရတော့မယ်။


မိဝေးဖဝေးနဲ့ ကိုယ့်လုပ်အားနဲ့ကိုယ် ရိုးရိုးသားသား အလုပ်လာလုပ်နေတဲ့ ကိုယ့်ဗမာ မိန်းခလေးတွေကို ကိုယ့်ဗမာ ယောင်္ကျားလေးတွေကပဲ အရှက်ခွဲနေတာလား။ ဘာဖြစ်လို့များ နှမချင်းမစာနာ နိုင်ကြတာလဲ။ နိုင်ငံခြားထွက်ပြီး အလုပ်လာလုပ်တဲ့ မိန်းခလေးတွေ အပေါ်မှာ အထင်အမြင်သေးတဲ့ သဘောလား။ မကူညီချင်နေပါ အနှောင့်အယှက်တော့ မပေးသင့်ဘူးထင်ပါတယ်။ ကိုယ်လည်း အလုပ်လာလုပ်ပြီး မိသားစုကိုရှာကျွေးနေတာပဲ၊ သူလည်း အလုပ်လာလုပ်ပြီး မိသားစုကို ရှာကျွေးနေတာပဲ။ ကိုယ့်ထမင်းကိုယ်စားပြီး ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး ရဲ့ ဂုဏ်ကိုတော့ ကျအောင်မလုပ်သင့်ပါဘူးနော်။ ငယ်ရွယ်သူတွေမို့ ချစ်တယ်ကြိုက်တယ်ဆိုတာ ရှိတယ်ဆိုပေမယ့်၊ မိန်းခလေးတွေ ဘက်ကလည်း ငြင်းပိုင်ခွင့်ရှိတယ်ဆိုတာ ယောင်္ကျားလေးတွေ သိထားပြီး မိန်းခလေးတွေ ဘက်ကို နားလည်ပေးစေချင်ပါတယ်။ ကိုယ့်ကို ပြန်မကြိုက်ဘူး၊ ကိုယ်ခေါ်တဲ့ ဖုန်းကို မကိုင်လို့ ဆိုပြီး ဒီလိုမျိုးတွေ လျှောက်လုပ်နေမယ်ဆိုရင် ဘယ်သူတွေ ဂုဏ်တက်သွားမှာ မလို့လဲ၊ ဘယ်အရာမှ မကောင်းတဲ့ အရာတစ်ခုလို့ ရီမိုးကတော့ မြင်ပါတယ်။ ကဲ… အခုတောင် ရီမိုးတို့ ဘာဆက်လုပ်ရပါ့မလဲနော်……..

Monday, November 15, 2010

ဖော်မပြတက်သော ပျော်ရွှင်မူ့

အမေစု လွတ်ပြီတဲ့…. လွတ်တဲ့နေ့ ညနေခင်းမှာပဲ မတ်ဆေ့ခ်ျ တွေရောက်လာပြီး တစ်ယောက်နဲ့ တစ်ယောက် အကြောင်းကြားကြတယ်။ မတ်ဆေ့ခ်ျ လေးကို ဖတ်ပြီး မျက်ရည်တောင်လည်မိတယ်။ ဗမာပြည်သူပြည်သား တွေရဲ့ဆုတောင်းသံလေးတွေဟာလည်း မိုးထက်မှာ ညံနေမယ်ဆိုတာကို စိတ်ထဲမှာ မှန်းကြည့်ယုံနဲ့တင် ပြီးပြည့်စုံနေပါပြီ။

အခုဆိုလည်း အင်တာနက်မှာ အမေ့အကြောင်း၊ facebook ပေါ်မှာလည်း အမေ့ပုံ အမေ့အကြောင်း၊ အမေ့ရဲ့ မိန့်ခွန်းတွေနဲ့ ဝဲပျံနေပါတယ်။ အမေ့ရဲ့ အပြုံးတွေက ပြည်သူတွေကို အားဖြစ်စေတယ်။ ပြည်သူတွေရဲ့ ဆုတောင်းသံ၊ အားပေးသံ တွေကလည်း အမေ့ကို အားဖြစ်စေမှာပါ။ အမေ့ကို နေအိမ် အကျယ်ချူပ်ချထားတာ ရီမိုး တို့ တစ်သက်လောက်ရှိချင်ရှိမယ်၊ ကျော်ချင်လည်းကျော်မယ်၊ ရီမိုး သေချာမသိပါဘူး။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် ဆိုတဲ့ နာမည်ကြားတာနဲ့တင် ရင်ထဲက လိုက်လိုက်လှဲလှဲ လေးစားရတာ အခုထိပါပဲ။ နောင်လည်း ဆက်ရှိနေအုံးမှာပါ။

တိုင်းပြည်ကို ချစ်တဲ့ နေရာမှာလည်း အမေဟာ စံပြပါပဲ။ ရီမိုးတို့ ဗမာပြည်သူပြည်သား တွေရဲ့ စိတ်ထဲ၊ ရင်ထဲ၊ အသဲထဲမှာလည်း အမေဟာ စံပြပါပဲ။ ရီမိုးရဲ့ မေမေဆို ညတိုင်း အမေစု နေကောင်းဖို့ အမြန်ဆုံး လွတ်မြောက်ဖို့ ဘုရားမှာ ဆုတောင်းနေတာ။ အခုဆို ရီမိုး မေမေ ပျော်လို့ ငိုနေလောက်ပြီ။ ဖေဖေလည်း မျက်ရည်လည်နေလောက်ပြီ။ နိုင်ငံရေး အကျဉ်းသားလို့ ပြောပြောနေကြတဲ့၊ ရီမိုးတို့လေးစားရတဲ့ နိုင်ငံရေးခေါင်းဆောင်တွေလည်း အပျော်တွေနဲ့ မျက်ရည်လဲ့နေကြမှာပဲ၊ ကျဆုံးသွားပြီဖြစ်တဲ့ ခေါင်းဆောင် တွေလည်း တမလွန်ကနေ အပြုံးလေးတွေကိုယ်စီဖြစ်နေကြမှာ၊ အမေ့ အတွက် တိုင်းပြည်အတွက် အမြဲရှိနေတက်တဲ့၊ လာခေါ်ရင် လိုက်သွားလို့ ရအောင်ဆိုပြီး ဧည့်ခန်းမှာ အဝတ်အစားထုတ် ကိုအဆင်သင့်ထားတက်တဲ့၊ သခင်အုန်းမြင့် (အန်ကယ်အုန်းမြင့်) လည်း တမလွန်ကနေ ပြုံးနေမယ်ထင်ပါတယ်။ ရီမိုး ဆိုဘယ်လိုမှ ဖော်ပြလို့ မရတဲ့ အပျော်မျိုးနဲ့ကို ပျော်နေခဲ့တာ။

အမေ့ ကိုလာရောက်ပြီး ကြည့်ရူ့ ကြတဲ့ လူအုပ်ကြီးဆိုတာ နည်းတာမှ မဟုတ်ပဲနော်။ ဒီလိုရက်ကို စောင့်မျှော်နေကြတဲ့ ပြည်သူတွေ၊ တစ်ခါမှ ဒီလိုမျိုးမမြင်ဘူးတာ အမှန်ပါပဲ။ ဒါတောင် ဓာတ်ပုံသတင်းတွေနဲ့ ဗီဒီယို သတင်းတွေထဲမှာပဲ တွေ့ရတာ၊ အပြင်မှာသာဆို ဘယ်လောက်တောင် ရင်ခုန်စရာ ကောင်းမလဲဆိုတာ စဉ်းစားမိတာနဲ့တင် ကြက်သီးထမိပါရဲ့။

ငါတို့ ဗမာပြည်ကြီး အခုဆို မျှော်လင့်ချက်ရောင်ချီသန်းလာပြီပေါ့။ အားလုံးမျှော်လင့်ထားတဲ့ အတိုင်းဖြစ်လာတော့မယ်လို့လည်း ယုံကြည်တယ်။ ဒို့တွေရဲ့ အရိုးသားဆုံး ဆုတောင်းတွေလည်း ပြည့်ဖို့ မျှော်လင့်ပါတယ်။ မျှော်လင့်ချက်တွေနဲ့ အသက်ရှင်နေရတယ်ဆိုတာ ဒို့ဗမာပြည်သူပြည်သားတွေပါ။ အခုဆို အဲဒီ့ မျှော်လင့်ချက်လေး ရောင်ချီသန်းလာပါပြီ။
မှတ်ချက်။ ။ ဒီတစ်ခေါက် စစ်အစိုးရက တော်တော်လေး သဘောကောင်းနေတယ်နော်။ ဒီဘက်မှာ ပျော်နေကြတာကို နောက်ဖက်ကနေ အပျော်တွေကို ဖျက်ဆီးမှာတော့ စိုးရိမ်မိပါတယ်။