Monday, November 22, 2010

အဲဒါ ဗမာလားတဲ့..............

ရီမိုး ရဲ့ အခု လက်ရှိဖြစ်ပျက်နေတဲ့ အဖြစ်အပျက်လေးပါ။ စိတ်ထဲမှာ သိမ်းထားရတာ အတော်ကို ပင်ပန်းပြီး အတော်ကို ဝမ်းနည်းစရာကောင်းတဲ့ အတွက် စာသားတွေ အနေနဲ့ ချရေးပြီး ရင်ဖွင့် မိတယ်ပဲ ဆိုပါတော့နော်…


ရီမိုးတို့ မလေးရှားမှာ တော်တော်လေး ခေတ်စားပါတယ်၊ ဗမာအချင်းချင်းပေါ့နော်။ မလေးရှားတင်လား တခြားနိုင်ငံမှာ ရောက်ရှိနေကြသော ဗမာများကော ဒီလိုရှိမလားတော့ မသိပါဘူး။ အထူးသဖြင့် ယောင်္ကျားလေးတွေပါ။ ကောင်မလေး တစ်ယောက်ဖုန်းနံပါတ် တစ်ခုရပြီဆိုရင် တစ်ခြားသူငယ်ချင်းတွေကိုလည်း လျှောက်ပေး ဖုန်းတွေဆက်ခိုင်း၊ ပြီးတော့ ချစ်စကားကြိုက်စကားပြောပေါ့လေ။ ယောင်္ကျားလေးတိုင်းကို မဆိုလိုပါဘူးနော်။ ရီမိုး မြင်ဘူးတဲ့ ကြုံဖူးတဲ့ ယောင်္ကျားလေးတွေဆိုရင် ဒီလိုမျိုး မရှိပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် အကြောင်းအမျိုးမျိုးကြောင့် ခင်ပြီးသားတွေ၊ ကောင်မလေးဘက်ကလဲ ကျေကျေနပ်နပ် ဖုန်းနံပါတ်ပေးလို့၊ ကောင်လေးဖုန်းဆက်တိုင်းလည်း ကောင်မလေးက ဖုန်းပြန်ကိုင်ပြီး စကားပြန်ပြောတယ်ဆိုရင်တော့ အတိုင်းထက်အလွန်ကောင်းပါတယ်။ ဒါပေမယ့် ဘယ်က ဘယ်လိုကောင်မလေး ဖုန်းနံပါတ်ကို ရပြီး ဖုန်းတွေ အချိန်မတော်ခေါ်၊ ကောင်မလေးက လက်ခံပြီးစကားမပြောဘူးဆိုရင် အလိုလို ကောင်လေးဘက်က နောက်ဆုတ်သင့်တယ် ဆိုတာကိုလည်း ကောင်လေးတွေ နားလည်စေချင်ပါတယ်။


ဘာလို့လဲဆို အခု ရီမိုး နဲ့ အတူနေ အစ်မခံစားနေရတဲ့ အရာတစ်ခုကို ပြောပြချုင်ပါတယ်။ ရီမိုးတို့ပတ်ဝန်းကျင်မှာ ဗမာအပေါင်းအသင်း အလွန်ရှားပါတယ်။ ဗမာမိန်းခလေးတွေလည်းမရှိပါဘူး။ အလုပ်မှာကလည်း ဗမာဆိုလို့ ခန့်ထားတာ ၃ယောက်ပဲရှိတာပါ။ မိန်းခလေးက ရီမိုးတို့ နှစ်ယောက်၊ ယောင်္ကျားလေး ၁ယောက်ပဲရှိတာပါ။
ခင်တဲ့ယောင်္ကျားလေးဆိုလို့လည်း အဲဒီ့၁ယောက်ပဲရှိတာပေါ့လေ။ အလုပ်အတူတူ လုပ်တဲ့ လူဆိုတော့လည်း ဖုန်းနံပါတ်ကို ပေးထားရတယ်လေ။ အလုပ်မှာက လိုတာကိုး…. သူကမှ တစ်ဆင့် သူ့ သူငယ်ချင်းဆိုသူက ဖုန်းနံပါတ် ရသွားပါတယ်။ အဲဒီ့ကောင်လေးက ရီမိုး တို့ အိမ်နားက ဆိုင်တစ်ဆိုင်မှာ အလုပ်လုပ်တာပါ။ ဈေးဝယ်ရင်းနဲ့ သိတာက တစ်ကြောင်း၊ အလုပ်တူ အစ်ကိုကြီးနဲ့ သိတာကတစ်ကြောင်းဆိုတော့ သူ့ဆီဖုန်းနံပါတ်ရှိနေတာ ဘာအရေးလဲလို့ ကိုယ်တွေက နေနေခဲ့တာပေါ့။


အဲဒီ့ ကောင်လေးက စပြီးဖောက်တာပါပဲ။ အတူနေ အစ်မ ဆီကို ဖုန်းတွေ ဆက်ပါတယ်။ ပထမ အစ်မကလည်း သိနေတဲ့ သူတွေလည်း ဖြစ်တော့ ဖုန်းနားထောင်လိုက်ပါတယ်။ အကြောင်းမရှိပဲ နည်းနည်း ရက်ဆက်ပြီးခေါ်လာတော့ အစ်မကလည်း ဖုန်းမကိုင်တော့ပါဘူး။ အဲဒါကို သူက စိတ်ဆိုးတယ် ထင်ပါတယ်။ တစ်ခြားသူဆီ ဖုန်းနံပါတ်ပေးပြီး ဆက်ခိုင်းပါတယ်။ ပထမဆုံးဖုန်းခေါ်တော့ အစ်မကဖုန်းကိုင်မိသွားပါတယ်။ နောက် သူမသိတဲ့ လူဆိုတော့ ဖုန်းပြန်ချပြီး ဖုန်းလုံးဝမကိုင်တော့ပါဘူး။ အဲဒါကို အချိန်တိုင်း အလုပ်ချိန်၊ ညအိပ်ချိန်တောင် မရှောင်ပဲ ဖုန်းတွေခေါ်နေခဲ့ပါတယ်။ အဲဒါနဲ့ အစ်မလည်း စိတ်ညစ်လွန်းလို့ဆိုပြီး ဖုန်းနံပါတ်ကို ပြောင်းလိုက်ပါတယ်။


အဲဒီ့မှာ အဲဒီ့လူက ရီမိုးရဲ့ ဖုန်းကိုခေါ်လာပါတယ်။ အဲဒီ့မှာမှ သူ့ကို ဘယ်သူ ဖုန်းနံပါတ်ပေးလိုက်တယ်ဆိုတာ သိသိသာသာကြီးကို ပေါ်လာတာပါပဲ။ ဖုန်းနံပါတ် နှစ်ခုလုံးကို သိတဲ့လူဆိုလို့ အလုပ်တူတဲ့ အစ်ကိုကြီးရယ်၊ ဈေးဆိုင်က တစ်ယောက်ရယ်၊ ဒါပဲရှိတာဆိုတော့ အဖြေက ထွက်လာပါတယ်။ အဲဒီ့လူက ဖုန်းနံပါတ်ကို အမျိုးမျိုးပြောင်းပြီးခေါ်နေတာပါ။ ဖုန်းကိုခေါ်တာများ မနားမနေကို ခေါ်နေတာ ကိုယ့်ဖုန်းတောင် သုံးလို့ မရအောင်ကို မနားမနေ မရပ်မနားကို ခေါ်နေတာနဲ့ ရီမိုး ဖုန်းကိုင်လိုက်ပါတယ်။ အဲဒီ့အခါ အဲ့ဒီ့လူက ဘာပြောသလဲဆိုရင် အစ်မဆီကို ဖုန်းခေါ်လို့မရလို့ ရီမိုးဆီကို ခေါ်တာပါတဲ့၊ အစ်မရဲ့ဖုန်းနံပါတ် ကိုပေးဖို့နဲ့ သူ့ကို ကူညီပါတဲ့၊ သူ အစ်မကို ချစ်လို့ပါတဲ့လေ။ လူတောင်ကောင်းကောင်း မမြင်ဘူးပဲနဲ့ သူက ချစ်လို့ဆိုတော့ စိတ်ထဲမှာလဲ တော်တော်လေး ရီချင်သွားတယ်။ ရီမိုးလည်း တစ်ခွန်းပဲ ပြန်ပြောလိုက်ပါတယ်။ မကူညီနိုင်ပါဘူးလို့၊ သူဖုန်းမကိုင်တာ နင့်ကို စိတ်မဝင်စားလို့ ဖြစ်မှာပေါ့လို့၊ ဒီလောက်ဆို သဘောပေါက်ပေါ့လို့ ပြောလိုက်တော့ သူက စိတ်ဆိုးမာန်စိုး နဲ့ ပြောချင်ရာတွေပြောပြီး၊ ရီမိုးရဲ့ ကိုယ်ရေးကိုယ်တာတွေကိုပါ ပြောလာပါတယ်။ အဲဒါနဲ့ ရီမိုးလည်း ဆက်နားထောင်မနေပဲ၊ ဖုန်းလုံးဝကို မကိုင်တော့ပါဘူး။ အဲဒါကို တစ်ညလုံးကို ဖုန်းခေါ်နေတာ၊ ဖုန်းတောင် အသံပိတ်ပြီးအိပ်လိုက်ရတဲ့ အဖြစ်ပါပဲ။


အဲဒီ့မှာ သူကတစ်ဆင့်ထပ်တက်လာပါတယ်။ ဖုန်းခေါ်လို့ မရတော့ လူလုံးထွက်ပြလာပါတယ်။ မိန်းခလေးတစ်ယောက်ကို ချစ်တယ်ဆိုတဲ့ လူရဲ့ လုပ်ရပ်ကို ပြောပြပါမယ်။ အိမ်နားမှာ မူးပြီး လာအော်နေတာပါပဲ၊ ရီမိုးတို့က သူဌေးတွေနဲ့ နေရတာပါ။ အိမ်နားမှာ အဲဒီ့လိုလာအော်နေတာ ဘယ်လောက်တောင် စိုးဝါးတဲ့ အဖြစ်လဲဆိုတာ ပြောပြစရာမလိုဘူးထင်ပါတယ်။ ရီမိုး တို့ ဗမာ ၃ယောက်လုံးပေါ့လေ၊ အလုပ်မှာဆို ဗမာလူမျိုးဆိုတာ ဘာပါ ဆိုပြီး လက်မထောင်ပြီးနေလာခဲ့တာပါ။ ကဲ…အခုတော့သွားပြီ။


အစပိုင်းတော့ သူဌေး ကကြည့်နေတဲ့ အဆင့်ပါ။ ကိုယ်တွေကိုလည်း ဘာမှ မမေးရှာပါဘူး။ ဒီတိုင်းပဲ မူးပြီးလာအော်နေတယ် လို့ပဲသူက ထင်နေတာပေါ့လေ။ အဲဒါ တစ်ရက်မဟုတ်၊ သုံးရက်လောက်ဖြစ်လာတော့၊ ပတ်ဝန်းကျင်က ရဲခေါ်လိုက်တယ်ထင်ပါတယ်။ လာဖမ်းသွားတယ်တဲ့။ လာဖမ်းသွားပြီး နောက်နေ့မနက်မှာမှ အစ်မ ကသူဌေးကို ပြောပြလိုက်ပါတယ်။ သူ့ကို လိုက်နှောင့်ယှက်နေတဲ့ အကြောင်းပေါ့လေ။ အဲဒီ့တော့မှ သူဌေးက သိပြီး နင့်ကိုနှောင့်ယှက်နေတာလား၊ ဘာမှမပူနဲ့ ရဲဖမ်းသွားပြီတဲ့လေ။ ပြီးတော့ သူဌေးက ပြောသေးတယ်။ အဲဒီ့ကောင် ရူးနေတာတဲ့၊ လာအော်နေတဲ့ အပြင်ကို အရက်ပုလင်းကလည်း ပါသေးတယ်၊ မဖွယ်မရာကလည်းလုပ်ပြနေတယ်တဲ့လေ။ ဒါသူဌေး ပြောပြတာ၊ ကိုယ်တွေကတော့ ကြောက်လွန်းလို့ ချောင်းတောင်မကြည့်ရဲပါဘူး။


ပြီးတော့ သူဌေးက အဲဒီ့ကောင၊် မလေးတဲ့၊ အစ်မလည်း ဘာပြန်ပြောရမှန်းလည်း မသိ လိမ်ကလည်းမလိမ်ချင်၊ မျက်နှာပူပူနဲ့ ပဲ အဲဒါ မလေးမဟုတ်ဘူး ဗမာလို့ပြောလိုက်ရတယ်လေ။ ဘာလို့လဲဆို အဲဒီ့ အကြောင်းကို အစအဆုံး သိတဲ့ လူကလည်း ဘေးမှာ ရှိနေတော့ မပြောလို့လဲမရဖြစ်သွားတယ်။ အဲဒီ့သတင်း ကြားကြားချင်းတော့ စိတ်မကောင်းတောင်ဖြစ်သွားတယ်။ ကိုယ့်ဗမာလေ၊ ရဲဖမ်းခံလိုက်ရတယ်ဆိုတော့ တကယ်ပါ၊ စိတ်ထဲမှာ မကောင်းဘူး၊ ဒါပေမယ့် သူ့ရဲ့ လုပ်ရပ်တွေကကော ဗမာလူမျိုးတို့ လုပ်သင့်လုပ်ထိုက်တဲ့ အရာတွေလား။ ဗမာ အမျိုးသမီးတစ်ယောက်ကို အရှက်ခွဲလိုက်ရမှ စားဝင်အိပ်ပျော်မှာလား။ သူ့ကို သိတောင်မှ မသိတဲ့ ဗမာမိန်းခလေးတစ်ယောက်လေ…… သူဘာတွေကိုများ အညိုးကြီးနေရတာလဲ။ မကျေနပ်ဘူးဖြစ်နေရတာလဲ။ ရီမိုးလည်းနားမလည် နိုင်အောင်ကို ဖြစ်နေရပါတယ်။

အဲဒါနဲ့ နှစ်ရက်လောက်ကြာတော့ သူပြန်လွတ်လာပါတယ်။ ပိုက်ဆံနဲ့ ပြန်ရွေးလိုက်တယ်ထင်ပ။ ပြန်လွတ်လာတာ သိရခြင်းအကြောင်းကတော့၊ အိမ်ဘေးမှာလာမူးပြီး ရမ်းကားသွားလို့ပါပဲ။ အော်ဟစ်နေလိုက်တာများ ကြောက်စရာကောင်းလိုက်တာ။ အဲဒီ့နေ့က သူဌေးကလည်း မရှိတော့ ရီမိုး တို့ နှစ်ယောက်များ ကြောက်လိုက်တာ၊ ခြံထဲ ကျော်ဝင်လာမှာ စိုးနေတာလေ။ မူးကလည်းမူးနေ၊ ပြီးတော့ တစ်ယောက်ထဲမဟုတ်ဘူး၊ အဖေါ်အပေါင်းကလည်း ပါသေးတယ်ဆိုတော့ ကြောက်တာပေါ့။ မူးမူးရူးရူးနဲ့ လည်း အကုန်လုံးကို သတ်ပစ်မယ် လို့အော်လိုအော်၊ မကိုချစ်တယ်လို့အော်လိုအော်နဲ့၊ ရှက်စရာကောင်းလိုက်တာ မပြောပါနဲ့တော့။ ည ၉နာရီလောက်ကတည်းက အဲဒီလိုအော်နေလိုက်တာ၊ မနက် ၁နာရီခွဲ ၊ ၂ နာရီလောက်မှ အသံတိတ်သွားတော့တယ်။ ရီမိုးတို့လည်း ကြံရာမရတော့ သူဌေးကိုပဲ လှမ်းပြောရတာပေါ့၊ သူဌေးကလည်း ဟိုဗမာကောင်လား၊ ဟိုဗမာကောင်လားနဲ့ မေးတာကို ရက်စ် လို့ဖြေဖို့ကို တော်တော်လေး အားယူခဲ့ ရတယ်။ မပြောပဲနေပြန်ရင်လည်း ကိုယ့် အတွက်က အန်တရယ် ဖြစ်လာမှာလည်း ကြောက်ရတော့ ဘယ်လိုလုပ်ကြမလဲနော်…… ကိုယ်နဲ့ အလုပ်တူ တွဲလုပ်တဲ့ ကုလားမလေးကို ပြောပြတော့ နင်တို့ ဗမာ ယောင်္ကျားလေးတွေလည်း ဒီလိုလုပ်တာပဲလားတဲ့။ အမလေး… ရှက်လိုက်တာမပြောပါနဲ့တော့။ မျက်နှာတောင် ဘယ်နားသွားထားရမလဲ မသိတော့ပါဘူး။ ကဲ… အဲလိုမျိုးပဲ နေ့တိုင်းသာ လာလုပ်နေရင်တော့ ရီမိုးတို့ အလုပ်ထွက်ရတော့မယ်။


မိဝေးဖဝေးနဲ့ ကိုယ့်လုပ်အားနဲ့ကိုယ် ရိုးရိုးသားသား အလုပ်လာလုပ်နေတဲ့ ကိုယ့်ဗမာ မိန်းခလေးတွေကို ကိုယ့်ဗမာ ယောင်္ကျားလေးတွေကပဲ အရှက်ခွဲနေတာလား။ ဘာဖြစ်လို့များ နှမချင်းမစာနာ နိုင်ကြတာလဲ။ နိုင်ငံခြားထွက်ပြီး အလုပ်လာလုပ်တဲ့ မိန်းခလေးတွေ အပေါ်မှာ အထင်အမြင်သေးတဲ့ သဘောလား။ မကူညီချင်နေပါ အနှောင့်အယှက်တော့ မပေးသင့်ဘူးထင်ပါတယ်။ ကိုယ်လည်း အလုပ်လာလုပ်ပြီး မိသားစုကိုရှာကျွေးနေတာပဲ၊ သူလည်း အလုပ်လာလုပ်ပြီး မိသားစုကို ရှာကျွေးနေတာပဲ။ ကိုယ့်ထမင်းကိုယ်စားပြီး ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး ရဲ့ ဂုဏ်ကိုတော့ ကျအောင်မလုပ်သင့်ပါဘူးနော်။ ငယ်ရွယ်သူတွေမို့ ချစ်တယ်ကြိုက်တယ်ဆိုတာ ရှိတယ်ဆိုပေမယ့်၊ မိန်းခလေးတွေ ဘက်ကလည်း ငြင်းပိုင်ခွင့်ရှိတယ်ဆိုတာ ယောင်္ကျားလေးတွေ သိထားပြီး မိန်းခလေးတွေ ဘက်ကို နားလည်ပေးစေချင်ပါတယ်။ ကိုယ့်ကို ပြန်မကြိုက်ဘူး၊ ကိုယ်ခေါ်တဲ့ ဖုန်းကို မကိုင်လို့ ဆိုပြီး ဒီလိုမျိုးတွေ လျှောက်လုပ်နေမယ်ဆိုရင် ဘယ်သူတွေ ဂုဏ်တက်သွားမှာ မလို့လဲ၊ ဘယ်အရာမှ မကောင်းတဲ့ အရာတစ်ခုလို့ ရီမိုးကတော့ မြင်ပါတယ်။ ကဲ… အခုတောင် ရီမိုးတို့ ဘာဆက်လုပ်ရပါ့မလဲနော်……..

Monday, November 15, 2010

ဖော်မပြတက်သော ပျော်ရွှင်မူ့

အမေစု လွတ်ပြီတဲ့…. လွတ်တဲ့နေ့ ညနေခင်းမှာပဲ မတ်ဆေ့ခ်ျ တွေရောက်လာပြီး တစ်ယောက်နဲ့ တစ်ယောက် အကြောင်းကြားကြတယ်။ မတ်ဆေ့ခ်ျ လေးကို ဖတ်ပြီး မျက်ရည်တောင်လည်မိတယ်။ ဗမာပြည်သူပြည်သား တွေရဲ့ဆုတောင်းသံလေးတွေဟာလည်း မိုးထက်မှာ ညံနေမယ်ဆိုတာကို စိတ်ထဲမှာ မှန်းကြည့်ယုံနဲ့တင် ပြီးပြည့်စုံနေပါပြီ။

အခုဆိုလည်း အင်တာနက်မှာ အမေ့အကြောင်း၊ facebook ပေါ်မှာလည်း အမေ့ပုံ အမေ့အကြောင်း၊ အမေ့ရဲ့ မိန့်ခွန်းတွေနဲ့ ဝဲပျံနေပါတယ်။ အမေ့ရဲ့ အပြုံးတွေက ပြည်သူတွေကို အားဖြစ်စေတယ်။ ပြည်သူတွေရဲ့ ဆုတောင်းသံ၊ အားပေးသံ တွေကလည်း အမေ့ကို အားဖြစ်စေမှာပါ။ အမေ့ကို နေအိမ် အကျယ်ချူပ်ချထားတာ ရီမိုး တို့ တစ်သက်လောက်ရှိချင်ရှိမယ်၊ ကျော်ချင်လည်းကျော်မယ်၊ ရီမိုး သေချာမသိပါဘူး။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် ဆိုတဲ့ နာမည်ကြားတာနဲ့တင် ရင်ထဲက လိုက်လိုက်လှဲလှဲ လေးစားရတာ အခုထိပါပဲ။ နောင်လည်း ဆက်ရှိနေအုံးမှာပါ။

တိုင်းပြည်ကို ချစ်တဲ့ နေရာမှာလည်း အမေဟာ စံပြပါပဲ။ ရီမိုးတို့ ဗမာပြည်သူပြည်သား တွေရဲ့ စိတ်ထဲ၊ ရင်ထဲ၊ အသဲထဲမှာလည်း အမေဟာ စံပြပါပဲ။ ရီမိုးရဲ့ မေမေဆို ညတိုင်း အမေစု နေကောင်းဖို့ အမြန်ဆုံး လွတ်မြောက်ဖို့ ဘုရားမှာ ဆုတောင်းနေတာ။ အခုဆို ရီမိုး မေမေ ပျော်လို့ ငိုနေလောက်ပြီ။ ဖေဖေလည်း မျက်ရည်လည်နေလောက်ပြီ။ နိုင်ငံရေး အကျဉ်းသားလို့ ပြောပြောနေကြတဲ့၊ ရီမိုးတို့လေးစားရတဲ့ နိုင်ငံရေးခေါင်းဆောင်တွေလည်း အပျော်တွေနဲ့ မျက်ရည်လဲ့နေကြမှာပဲ၊ ကျဆုံးသွားပြီဖြစ်တဲ့ ခေါင်းဆောင် တွေလည်း တမလွန်ကနေ အပြုံးလေးတွေကိုယ်စီဖြစ်နေကြမှာ၊ အမေ့ အတွက် တိုင်းပြည်အတွက် အမြဲရှိနေတက်တဲ့၊ လာခေါ်ရင် လိုက်သွားလို့ ရအောင်ဆိုပြီး ဧည့်ခန်းမှာ အဝတ်အစားထုတ် ကိုအဆင်သင့်ထားတက်တဲ့၊ သခင်အုန်းမြင့် (အန်ကယ်အုန်းမြင့်) လည်း တမလွန်ကနေ ပြုံးနေမယ်ထင်ပါတယ်။ ရီမိုး ဆိုဘယ်လိုမှ ဖော်ပြလို့ မရတဲ့ အပျော်မျိုးနဲ့ကို ပျော်နေခဲ့တာ။

အမေ့ ကိုလာရောက်ပြီး ကြည့်ရူ့ ကြတဲ့ လူအုပ်ကြီးဆိုတာ နည်းတာမှ မဟုတ်ပဲနော်။ ဒီလိုရက်ကို စောင့်မျှော်နေကြတဲ့ ပြည်သူတွေ၊ တစ်ခါမှ ဒီလိုမျိုးမမြင်ဘူးတာ အမှန်ပါပဲ။ ဒါတောင် ဓာတ်ပုံသတင်းတွေနဲ့ ဗီဒီယို သတင်းတွေထဲမှာပဲ တွေ့ရတာ၊ အပြင်မှာသာဆို ဘယ်လောက်တောင် ရင်ခုန်စရာ ကောင်းမလဲဆိုတာ စဉ်းစားမိတာနဲ့တင် ကြက်သီးထမိပါရဲ့။

ငါတို့ ဗမာပြည်ကြီး အခုဆို မျှော်လင့်ချက်ရောင်ချီသန်းလာပြီပေါ့။ အားလုံးမျှော်လင့်ထားတဲ့ အတိုင်းဖြစ်လာတော့မယ်လို့လည်း ယုံကြည်တယ်။ ဒို့တွေရဲ့ အရိုးသားဆုံး ဆုတောင်းတွေလည်း ပြည့်ဖို့ မျှော်လင့်ပါတယ်။ မျှော်လင့်ချက်တွေနဲ့ အသက်ရှင်နေရတယ်ဆိုတာ ဒို့ဗမာပြည်သူပြည်သားတွေပါ။ အခုဆို အဲဒီ့ မျှော်လင့်ချက်လေး ရောင်ချီသန်းလာပါပြီ။
မှတ်ချက်။ ။ ဒီတစ်ခေါက် စစ်အစိုးရက တော်တော်လေး သဘောကောင်းနေတယ်နော်။ ဒီဘက်မှာ ပျော်နေကြတာကို နောက်ဖက်ကနေ အပျော်တွေကို ဖျက်ဆီးမှာတော့ စိုးရိမ်မိပါတယ်။

Friday, November 5, 2010

အတုလား.......... အစစ်လား.....?????

အတုတဲ့ ဒီလောကကြီးမှာ အတုတွေများလိုက်တာ။ အရာရာတိုင်း အတုတွေ လွှမ်းမိုးနေတာ နဲ့တင် အတုတွေက အစစ်တွေလိုတောင်ဖြစ်နေပါပေါ့။ မိတ်ဆွေတု၊ မိတ်ဆွေစစ်၊ အချစ်တု၊ အချစ်စစ်၊ ရွှေတု၊ ရွှေစစ်…… အိုး…. အများကြီးမှ အများကြီး…..

ဟော အခုလဲလာပြန်ပြီ…. ရွေးကောက်ပွဲတဲ့ အစစ်လိုလို အတုလိုလိုနဲ့ လူတွေ အထိတ်တလန့်ဖြစ်အောင်တော့ ဖမ်းစားနိုင်ပါရဲ့။ ၂၀၁၀ ဝင်ကတည်းက လူတွေ(ဗမာလူမျိုးတွေ) အမျိုးမျိုး ပြောဆိုနေကြတဲ့ ဒီရွေးကောက်ပွဲ၊ မနက်ဖြန်ဆိုရင်ရောက်ပြီ။ စိုးရိမ်တကြီးကြောက်လန့် နေတဲ့ သူတွေကလည်း ကြောက်နေကြပြီ။ ခြိမ်းခြောက်တဲ့ သူတွေကလည်း ခြိမ်းခြောက်နေကြမှာပေါ့။ နေရာတည်မြဲအောင် လုပ်နေတဲ့ သူတွေလည်းရှိနေမှာပေါ့။ ဒါပေမယ့် သတိထားမိတာ တစ်ခုကတော့ ရွေးကောက်ပွဲလုပ်မယ် လို့ဆိုတိုင်းမုန်တိုင်းဝင်နေသလိုပဲနော်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲ တုန်းကလည်း နာဂစ်ဆိုတဲ့ မုန်တိုင်းကဝင် အခုလဲ လာပြန်ပြီ ဂီရိ တဲ့။ အင်း… လောကသဘာဝကြီးကတော့ အတုနဲ့ အစစ်ကို ခွဲခြားသိနေတယ်ထင်ပါ့။

နိုင်ငံရေးတွေ ဘာတွေကိုနားမလည်ပေမယ့် အတုဆိုရင်တော့ ဘယ်အရာကိုမှ လက်မခံနိုင်ပါဘူး။ ဘယ်လောက် အတုတွေက ကြီးစိုးနေလဲဆို စနေနဲ့ တနင်္ဂနွေမှာ မြန်မာပြည်ပြန်မယ့် လေကြောင်းလမ်းတွေ ပိတ်ထားပါတယ်တဲ့။ မလေးရှား တစ်ခုထဲကိုပြောတာပါ။ ကျန်တဲ့ လေကြောင်းလမ်းတွေတော့ မသိပါဘူး။ ဘာပဲဖြစ်ဖြစ် ဘယ်လိုပဲဖြစ်ဖြစ်၊ ဗမာလူမျိုး၊ ဗမာ ပြည်သူပြည်သားတွေကို လူလို့သတ်မှတ်ရင်ပဲ တော်လောက်ပါပြီ။ အခုဆို တခြားနိုင်ငံက လူတွေကလည်း လူလို့မထင်၊ ကိုယ့်နိုင်ငံကဟာတွေကလည်း လူလို့မထင်နဲ့ စားညပ်နေရတာက ဒီကကောင်တွေပါ။

အလွန်ရိုးသားတဲ့ ဗမာပြည်သူပြည်သားတွေကို မေးကြည့်လိုက်ပါ၊ အော်…. ဘာပဲဖြစ်ဖြစ်ပါ၊ မိသားစုတွေ ခြောင်ခြောင်လည်လည် စီးပွားရှာနိုင်ပြီး၊ ထမင်းနပ်မှန်အောင် စားနိုင်၊သောက်နိုင် ရင်တော်ပါပြီ လို့ပြန်ဖြေကြမှာပါ။ ဘာလို့ ဒီလိုရိုးသားတဲ့ ဒို့ဗမာလူမျိုးတွေကိုမှ အတုတွေက လာလွှမ်းမိုးနေရတာပါလိမ့်။ တစ်ခါတစ်လေ ပြန်စဉ်းစားမိတယ်၊ သူများလူမျိုးတွေနှိမ်တာကို ခံနိုင်ပေမယ့်၊ ကိုယ့်လူမျိုးခြင်း ဖိနှိပ်တာကိုတော့ တော်တော်လေးခံပြင်းပါတယ်။

ပတ်စ်ပို့ အနီရောင်လေးကိုင်လာတာကို မြင်ရင်ကိုပဲ အထင်သေးတဲ့ အကြည့်နဲ့ အကြည့်ခံရတာဘာကြောင့်လို့ထင်ပါသလဲ။ အတုတွေလွှမ်းမိုးသွားတာလေ။ အတုတွေကို အစစ်လို့ထင်ပြီး ရိုးသားတဲ့ အပြစ်မဲ့တဲ့ အစစ်တွေကြတော့ အတုထင်ပြီး အထင်သေးတဲ့ အကြည့်နဲ့ ကြည့်ကြတယ်။ အတုတွေကိုကြတော့ အထက်မှာထားနေရပြီး ခေါင်းဆောင်တင်ထားရတယ်။ လောကကြီးက မတရားတာလား၊ ကိုယ်တွေပဲ မှားနေသလားလို့တောင်ထင်နေရတယ်။ အိုး…. အသင်လောကကြီး အတုတွေနဲ့ ကင်းလွတ်ခွင့်ပေးပါ၊ အစစ်တွေကို ပြန်လည်ရှင်သန်ခွင့်ပေးပါလို့ တောင်အော်ဆုတောင်းလိုက် ချင်ပါရဲ့။ ဗမာပြည်သူပြည်သား တွေလည်း အစစ်နဲ့ အတုကို သေချာခွဲခြားပြီး သိနိုင်ပါစေ လို့လဲ ဆုတောင်းမိပါရဲ့။